Myanmar Evergreen အထပ်သားစက်ရုံအလုပ်သမားများ သပိတ်စခန်းသိမ်းပြီ

Myanmar Evergreen အထပ်သားစက်ရုံအလုပ်သမားများ သပိတ်စခန်းသိမ်းပြီ
January 3, 2018 AsianFame MediaGroup

5:21 pm
Myanmar Evergreen အထပ်သားစက်ရုံအလုပ်သမားများ သပိတ်စခန်းသိမ်းပြီ

26114039_1651817281528897_165682219123929102_n

ရန်ကုန် ၊ဇန်န၀ါရီ ၃

အလုပ်ထုတ်နစ်နာကြေး ကိစ္စ ညှိနှိုင်းမရဖြစ်ပြီး ဆန္ဒပြသပိတ်မှောက်မှုဖြစ်ပွားနေတဲ့ ဒဂုံဆိပ်ကမ်း စက်မှုဇုန် (၁) ဦးထွန်းညိုလမ်းရှိ Myanmar Evergreen Gurjan Wood Co.Ltd. အထပ်သားစက်ရုံအလုပ်သမား ၇၀ ကျော် ပြဿနာဟာ ဒီကနေ့မှာပဲပြေလည်သွားပြီဖြစ်ပါတယ်။

စက်ရုံကို ခေတ္တပိတ်သွားမှာမဟုတ်တော့ဘူး အလုပ်သမားတွေကို ဆက်လက်ခန့်သွားမှာဖြစ်တယ်လို့ စက်ရုံ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ကျွန်မတို့ဘက်ကစက်ရုံကို ပိတ်လိုက်တာမဟုတ်ပါဘူး။ ကျွန်မတို့ရရှိထားတဲ့ သစ်လိုင်စင်က ဒီဇင်ဘာ ၃၁ မှာကုန်သွားပြီ။ ဒီတော့လိုင်စင်သစ်မရခင်မှာ စက်ရုံကိုခေတ္တပိတ်တာ။ အခုတော့မပိတ်တော့ဘူး။ စက်ရုံကို လိုင်စင်သစ်ရတဲ့အချိန်ထိ ဖွင့်သွားမယ် အလုပ်သမားတွေကိုလည်းအလုပ်ဆက်ခန့်သွားမယ် ။ ဒါပေမဲ့ အခြေခံလစာပဲရမယ်။ ပြီးတော့ အခုစက်ရုံခေတ္တပိတ်မယ်ပြောတုန်းက ပေးတဲ့အလုပ်ထုတ်နစ်နာကြေးကို ယူပြီးပြန်ချင်တဲ့သူကလည်းပြန်ပေါ့ ။ အဲ့လို ညှိလို့ရသွားပါတယ် ” လို့ အဆိုပါစက်ရုံတာဝန်ရှိသူကဆိုပါတယ်။

ညှိနှိုင်းလို့ရရှိသွားပြီဖြစ်တဲ့အတွက် စက်ရုံမှာဖွင့်လှစ်ထားတဲ့ အလုပ်သမား ၇၂ ယောက်ရဲ့သပိတ်စခန်းကို ဒီကနေ့ညနေမှာပဲ ပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သူ ကိုသူရလင်းက ဆိုပါတယ်။

“အဆင်ပြေသွားပါပြီ။ သဘောတူညီချက်ကတော့ကျွန်တော်တို့အလုပ်သမားတွေကို ဥပဒေနဲ့တစ်စုံတစ်ရာအရေးယူတာမလုပ်ဖို့ပေါ့။ လောလောဆယ်တော့ နစ်နာကြေးယူပြီးအလုပ်ထွက်မယ့်သူအရေအတွက်တော့ မသိရသေးဘူး။ သပိတ်စခန်းကိုတော့သိမ်းလိုက်ပါပြီ” လို့ ကိုသူရလင်းက ဆိုပါတယ်။

စက်ရုံကို ပိတ်မယ်လို့ ကြေညာတုန်းက နို့တစ်စာတစ်လကြိုကပ်ခဲ့ပေမယ့် အလုပ်သမားတွေကို အစည်းအဝေးခေါ်ပြီးတိုင်ပင်တာတွေတစ်စုံတစ်ရာမလုပ်ခဲ့ဘဲ ဒီဇင်ဘာ ၂၆ ရက်နေ့မှာက အစည်းအဝေးခေါ်ယူပြီး အားလုံးအတွက်အလုပ်ထုတ်နစ်နာကြေးတစ်လစာပေးကာ စက်ရုံပိတ်ဖို့ဆောင်ရွက်တာကိုအလုပ်သမားတွေက မကျေနပ်ခဲ့ကြတာလို့သိရပါတယ်။

ဒီအတွက်လည်း အလုပ်သမားတွေက နစ်နာကြေး ၃ လစာတောင်းဆိုခဲ့ပါသေးတယ်။

ဖြစ်ခဲ့တဲ့ပြဿနာနဲ့ပတ်သတ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ က ဒုတိယအကြိမ်အဖြစ် စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေကြားညှိနှိုင်းကြရာမှာ စက်ရုံဘက်ကပေးတဲ့ အလုပ်ထုတ်နစ်နာကြေး တစ်လစာ ၊ လုပ်သက် ၁ နှစ်ကျော်သူများကို အပို ၂သောင်း ၊ လုပ်သက်တစ်နှစ်အောက် ရှိသူများကို တစ်သောင်း ကို အလုပ်သမားတွေနဲ့ညှိနှိုင်းလို့အဆင်မပြေခဲ့ပါဘူး။

ဒီအတွက် အဲ့ဒီနေ့ ညနေမှာပဲ အလုပ်သမား ၇၂ ယောက်ဟာ စက်ရုံထဲမှာ သပိတ်စခန်းဖွင့်လှစ်ခဲ့တာ ဒီကနေ့နဲ့ဆို တစ်ပတ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

စက်ရုံဟာဆိုရင် လည်ပတ်နေတဲ့ သက်တမ်း ၂ နှစ်သာရှိသေးပြီး စက်ရုံမှာရှိတဲ့ လုပ်သက်အရင့်ဆုံး ၀န်ထမ်းဟာလည်း ၁နှစ်နဲ့ ၆လသာရှိကြောင်း၊ ဆန္ဒပြသပိတ်မှောက်မှုစတင်ဖြစ်ပွားတဲ့ ၂၈ ရက်နေ့က ဆိုရင် ထုတ်ကုန်တွေ တင်စရာရှိပေမယ့်ဆန္ဒပြအလုပ်သမားတွေက ကားကို စက်ရုံထဲပေးမ၀င်ခဲ့တာကြောင့် စက်ရုံဘက်ကနစ်နာမှုတွေများစွာရှိခဲ့ကြောင်း စက်ရုံတာဝန်ရှိသူက ဆိုပါတယ်။

Myanmar Evergreen Gurjan Wood Co.Ltd. အထပ်သားစက်ရုံဟာဆိုရင် နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*