ဒီဇင်ဘာလအတွက် လစာမရလို့ စစ်တောင်းစက္ကူစက်ရုံအလုပ်သမားတွေ ဆန္ဒပြ

ဒီဇင်ဘာလအတွက် လစာမရလို့ စစ်တောင်းစက္ကူစက်ရုံအလုပ်သမားတွေ ဆန္ဒပြ
January 3, 2018 Fame Asian

2:19 pm
ဒီဇင်ဘာလအတွက် လစာမရလို့ စစ်တောင်းစက္ကူစက်ရုံအလုပ်သမားတွေ ဆန္ဒပြ

1

မော်လမြိုင်၊ ဒီဇင်ဘာ ၃

ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီ(Shwe Than Lwin Highway Co., Ltd)က နှစ်ရှည်စာချုပ်နဲ့ငှားရမ်းထားတဲ့ စစ်တောင်းစက္ကူစက် စက်ရုံဝန်ထမ်း ၂၀၀ ကျော်ဟာ အခု ဒီဇင်ဘာလ အတွက်လစာမရရှိလို့ဆိုပြီး ဒီကနေ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ဖို့မရှိတော့တဲ့ စစ်တောင်းစက္ကူစက်ရုံကို ပိတ်သိမ်းကြောင်း နိုဝင်ဘာ ၂၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဒီလိုပိတ်လိုက်တဲ့အတွက် အလုပ်သမားတွေကို နိုင်ငံတော်ဥပဒေအတိုင်း အလုပ်ရပ်မှုနစ်နာကြေး ၃ လစာ ၊ နို့တစ်ကြေး ၁ လစာ ၊ လုပ်သက်ခွင့် ၁ လစာ၊ စုစုပေါင်း ၅ လစာ ပေးသွားမယ်လို့လည်း ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီကဆိုထားပါတယ်။ ဒါပေမဲ့ အဲဒါကို သဘောမတူ မကျေနပ်တဲ့အလုပ်သမားတွေက နစ်နာကြေး ၅လစာကိုမယူဘဲ ဒီကနေ့ မှာ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

“ငါးလစာပေးပြီး အလုပ်ထုတ်လိုက်တာ။ ဒါပေမဲ့ ကျွန်မတို့က လက်မခံဘူး။ နစ်နာကြေးလည်းမလိုချင်ဘူး။ ကျွန်မတို့က ဖြစ်စေချင်တာက ရွှေသံလွင်ဟိုင်းဝေးက သူတာဝန်ယူထားတာ သူမလုပ်နိုင်တော့ရင် တစ်ခြားလုပ်နိုင်သူကိုလွှဲ။ ကြားထဲမှာ ကျွန်မတို့အတွက် လစဉ်လစာကို တာဝန်ယူ။ တစ်ခြားတာဝန်ယူမယ့်သူ ကစက်ရုံကိုလည်ပတ်ပြီဆို ကျွန်မတို့ ကိုတာဝန်ယူစရာမလိုတော့ဘူး။ အဓိကကတော့ ကျွန်မတို့က အလုပ်မထွက်ချင်တာ။ အလုပ်လက်မဲ့မဖြစ်သွားချင်တာ။ ပြီးတော့ ကုမ္ပဏီက စကတည်းက ကျွန်မတို့ကို အသက် ၆၀ ပြည့်တဲ့အထိတာဝန်ယူသွားမယ်လို့ပြောထားဖူးတယ်” လို့ ဆန္ဒပြခဲ့တဲ့ စက်ရုံလက်ထောက်မန်နေဂျာ ဒေါ်ဥမ္မာမွန် ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

စက်ရုံကို အစိုးရလက်ထဲကနေ ရွှေသံလွင်ဟိုင်းဝေးကို လွှဲပြောင်းစဉ်က အလုပ်သမား ၅၀၀ နီးပါးရှိခဲ့ပေမယ့် ပင်စင်ယူပြီးအလုပ်ထွက်သွားသူတွေရှိတာကြောင့် စက်ရုံပိတ်သိမ်းကြောင်းကြေညာစဉ်မှာ အလုပ်သမား ၄၇၃ ဦးသာ ကျန်ရှိပါတော့တယ်။

ဒီ ၄၇၃ ဦးမှာ ၇၃ ဦးက ကုမ္ပဏီကပေးတဲ့ နစ်နာကြေး ၅ လစာကိုယူပြီး အလုပ်ထွက်သွားပါတယ်။

ကျန် ၄၀၀ ဦးကတော့ နစ်နာကြေးကိုလည်းမလိုကြောင်းနဲ့ အလုပ်ကမထွက်ချင်ကြောင်းငြင်းဆန်ပြီး ကျန်နေရစ်တာဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်ဖို့အတွက် ခွင့်ပြုချက် တင်ရာမှာ လူ ၂၅၀ ပဲ ဆန္ဒထုတ်ဖော်ခွင့်ပြုတဲ့အတွက် အလုပ်သမား ၂၅၀ လောက်သာဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တာဖြစ်တယ်လို့ ဒေါ်ဥမ္မာမွန်ကဆိုပါတယ်။

မွန်ပြည်နယ်အ စိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့ စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန် ကတော့ စစ်တောင်းစက္ကူစက်ရုံနဲ့ပတ်သတ်ပြီး “ကျွန်တော်တို့အစိုးရအဖွဲ့က ပြန်လွှဲယူဖို့လုပ်နေပါတယ်။ အဲ့ဒီကိစ္စတွေ အားလုံးပြီးတော့မှပဲ စက်ရုံကို ဘာဆက်လုပ်မလဲစဉ်းစားတော့မယ် “လို့ ပေါ်ပြူလာနယူးစ်ကိုပြောကြားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ဖူးသူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက “ကျိန်းသေတာကတော့ နိုင်ငံတော်အတွက် အရမ်းနစ်နာတယ်ဆိုတာပဲ။ ဒီနေ့ အလုပ်သမားတွေ ဆန္ဒပြတာကိုတော့ ကျွန်တော်အစည်းအဝေးတစ်ခုရောက်နေလို့ မသိလိုက်ဘူး။ ဒါပေမဲ့ ဒီတစ်ခါပြတာနဲ့ဆိုရင် စုစုပေါင်း ဆန္ဒပြတာ နှစ်ခါရှိပြီ။ သိရသလောက်တော့ လောလောဆယ် ပြည်နယ်အစိုးရအဖွဲ့ကပြန်လည်လွှဲပြောင်းဖို့လုပ်နေတယ်ဆိုတာပဲသိထားသေးတယ်” လို့ဆိုပါတယ်။

မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ရှိ စက္ကူစက်ရုံ(စစ်တောင်း)ရဲ့မြေဧရိယာ ၆၉၈.၄၂ အပေါ်က အဆောက်အဦးတွေ စက်ပစ္စည်းတွေ လျှပ်စစ်ဓါတ်အားခွဲရုံတွေ ၊ ထရမ်စဖော်မာတွေ ၊ ရေပေးဝေရေးစက်ရုံတွေ နဲ့ ဆက်စပ်ပစ္စည်းတွေ ၊ ၀န်ထမ်းအိမ်ယာအဆောက်အအုံတွေ နဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ပိုင် စက်မှုကုန်ကြမ်း စိုက်ခင်းမြေ ၉.၆၃၀ ဧကအတွက် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီကနေ အစိုးရအဖွဲ့ကိုယ်စားစိုက်ထုတ်ပေးသွင်းငွေ ကျပ် ၄၆၄.၅၈၁ သန်းကို ပြည်နယ်အစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ် လှူဒါန်းဖို့ ပြည်နယ်အစိုးရအဖွဲ့ ရုံးကခွင့်ပြုပြီးဖြစ်တာကြောင့် လုပ်ငန်းဆက်လက်ဆောင်ရွက်ဖို့ မရှိတော့တဲ့ စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ ၃၀ ရက်နေ့ကစပြီး ပိတ်သိမ်းမယ်လို့ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

YL

2

3

4

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*