အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအမျိုးသားကော်မတီကနေ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်(၄၈၀၀)ကျပ် ဟု သတ်မှတ်အဆိုပြု

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအမျိုးသားကော်မတီကနေ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်(၄၈၀၀)ကျပ် ဟု သတ်မှတ်အဆိုပြု
December 29, 2017 Fame Asian

5:36 pm
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအမျိုးသားကော်မတီကနေ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်(၄၈၀၀)ကျပ် ဟု သတ်မှတ်အဆိုပြု

26055605_1667755716620037_1198507795177811270_n

နေပြည်တော် ၊ ဒီဇင်ဘာ ၂၉

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအမျိုးသားကော်မတီ ကနေ “အဆိုပြုနှုန်းထား” အဖြစ် တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ သတ်မှတ်ဖို့ ယနေ့ညနေမှာပဲ အဆိုပြုလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနမှာ တစ်နေကုန်ပြုလုပ်ခဲ့တဲ့ အမျိုးသားအဆင့်ကော်မတီအစည်းအဝေးမှာ ဆွေးနွေးပြီး အခုလို အဆိုပြုနှုန်းထားထွက်ရှိလာတာဖြစ်ပါတယ်။

အခုလက်ရှိ အနည်းဆုံး တစ်နေ့ လုပ်ခက တစ်နေ့ ၃၆၀၀ကျပ်ပါ။

ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “ဈေးကွက်စီးပွားရေးနဲ့လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးကိုအလေးထားစဉ်းစားပြီးမြန်မာနိုင်ငံ၏လက်ရှိအခြေအနေနဲ့သင့်လျော်မယ့် (မနည်းလွန်းမများလွန်း)တဲ့နှုန်းထားတစ်ခုအတည်ပြုပေးနိုင်ဖို့ကြွရောက်လာတဲ့အမျိုးသားကော်မတီဝင်များနဲ့ပြည်ထောင်စုနယ်မြေတိုင်းဒေသကြီးနှင့်ပြည်နယ်ဥက္ကဌများကပြင်ဆင်သတ်မှတ်မယ့်အနည်းဆုံးအခကြေးငွေ နှုန်းထားကိုအလေးထားသုံးသပ်အဆိုပြုပေးဖို့မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။

ဒီ ၄၈၀၀ကျပ် ဟာ အတည်ပြုသတ်မှတ်တာမဟုတ်ဘဲ အမျိုးသားအဆင့်ကော်မတီ ရဲ့ ” အဆိုပြုနှုန်းထား” သာဖြစ်ပါတယ်။

အနည်းဆုံးအခကြေးငွေဥပဒေအရတော့ အခု အမျိုးသားကော်မတီက အဆိုပြုလိုက်တဲ့ ကျပ် ၄၈၀၀ ကို ကြေညာပြီး ကန့်ကွက်လိုတဲ့သူတွေအနေနဲ့ ရက်ပေါင်း ၆၀ အတွင်းကန့်ကွက်ရမှာဖြစ်ပါတယ်။

“၄၈၀၀ ။ ဒါက အဆိုပြုနှုန်းထား နော်။ ကျန်တာကတော့ ဥပဒေအတိုင်းပဲ ဆက်သွားမှာပါ” လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ အလုပ်သမားနဲ့လ ၀က ၀န်ကြီးဌာန ရဲ့ အဆင့်မြှင့်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခု အဆိုပြုနှုန်းထားအဖြစ်ထွက်ရှိလာတဲ့ ကျပ် ၄၈၀၀ နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တစ်ခုဖြစ်တဲ့ AFFM ရဲ့ အထွေထွေအ တွင်းရေးမှူးချုပ် ဦးဇာနည်သွေးက “ကျွန်တော်တို့ကတော့ ဒီနှုန်းထားကို ကန့်ကွက်ပါတယ် ” လို့ဆိုပါတယ်။

လက်ရှိမှာ တစ်ရက်အနည်းဆုံးလုပ်ခ အဖြစ် အလုပ်သမားတွေ ဘက်က ၅၆၀၀ တောင်းဆိုထားပြီး လုပ်ငန်းရှင်တွေ ဘက်ကတော့ ၄၀၀၀ သာပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီအကြောင်းကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး ၃ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ အလုပ်ရှင် /အလုပ်သမား တွေက ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ပါတယ်။

အောင်ပြည့်စုံ၊ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*