မနေ့ကအနည်းငယ်ငြိမ်ခဲ့တဲ့ တနိုင်းဒေသမှာ ဒီကနေ့ တိုက်ပွဲထပ်မံဖြစ်ပွားလျှက်ရှိ

မနေ့ကအနည်းငယ်ငြိမ်ခဲ့တဲ့ တနိုင်းဒေသမှာ ဒီကနေ့ တိုက်ပွဲထပ်မံဖြစ်ပွားလျှက်ရှိ
December 29, 2017 Fame Asian

3:35 pm
မနေ့ကအနည်းငယ်ငြိမ်ခဲ့တဲ့ တနိုင်းဒေသမှာ ဒီကနေ့ တိုက်ပွဲထပ်မံဖြစ်ပွားလျှက်ရှိ
ပုံစာ- တနိုင်းသို့သွားရာ လီဒီုလမ်းမကြီးပေါ်တွင် တွေ့ရှိရသည့် သေနတ်ကျည်ခွံများ

ပုံစာ- တနိုင်းသို့သွားရာ လီဒီုလမ်းမကြီးပေါ်တွင် တွေ့ရှိရသည့် သေနတ်ကျည်ခွံများ

တနိုင်း ၊ ဒီဇင်ဘာ ၂၈

အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ၊ ရတနာမြေတစ်ခုဖြစ်တဲ့ တနိုင်းဒေသမှာ တပ်မတော်နဲ့ KIA ကြားတိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက နေ့စဉ်ဆိုသလိုဖြစ်ပွားနေတဲ့ ကြိုကြားကြိုကြားပစ်ခတ်မှုတွေက ဒီဇင်ဘာ ၂၅ ရက်နေ့နောက်ပိုင်းမှာတော့ ညဘက်တွေမှာပါ လက်နက်ကြီးပစ်ခတ်မှုတွေရှိနေခဲ့တယ်လို့ တနိုင်းမြို့ဒေသခံ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောမင်းအောင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ လေကြောင်းတိုက်ခိုက်မှု တွေရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အလားတူ ဒီဇင်ဘာ ၂၉ ရက်နေ့ဖြစ်တဲ့ ဒီကနေ့မှာလဲ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

“ညဘက်လည်း မနားကြဘူး ။ ပစ်နေကြတယ်။ အသံကြားနေရတယ်။ အဓိကကတော့ ပယင်းမှော်တွေဘက်မှာ။ မြို့ထဲမှာ လည်း လက်နက်အပြည့်အစုံနဲ့ စစ်သားတွေ တွေ့ရတယ် ။ အခုတင် လေကြောင်းနဲ့ ဆော်နေတယ်။ အသံကြားနေရတယ် ။မနေ့ကနည်းနည်းလေးငြိမ်တယ်။ တစ်နေ့က ချတယ်။ ပြီးတော့ ဒီကနေ့ချတယ်။ အဓိကကတော့ မှော်တွေဘက်မှာ” လို့ ဦးစောမင်းအောင်က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး KIA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ ကတော့ တိုက်ပွဲတွေဖြစ်နေပေမယ့် အောက်ခြေက အသေးစိတ်အခြေအနေတွေ ကိုတော့ မသိရှိရသေးကြောင်းနဲ့ ပြီးခဲ့ရက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နောက်ပိုင်း လိုင်ဇာမြို့အခြေအနေကတော့ ပုံမှန်အတိုင်းတည်ငြိမ်နေတယ်လို့လည်းသူက ထပ်လောင်းဆိုသွားပါတယ်။

တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး က “ကျွန်တော့ကို အပြင်ရောက်နေတော့ မဲဆန္ဒနယ်ကဒေသခံတွေက ပြန်ပြောတယ်။ အဓိကကတော့ မိုင်းခွန်ဘက်မှာဖြစ်တယ်။ အရင်က KIA ထိန်းချုပ်နယ်တွေထဲပါတယ်။ အခုတော့မပြောတက်ဘူး။ နေ့ခင်းဘက်တွေမှာလည်းလက်နက်ကြီးသံတွေကြားရတယ်လို့ပြောတယ်။ ခုချိန်ထိတော့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တဲ့အသံမကြားသေးဘူး။ နောက်တော့ဘယ်လိုဖြစ်မလဲမသိဘူးဗျာ။ တိုက်ပွဲက တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ပုံရှိတယ်” လို့ ပြောပါတယ်။

တနိုင်းမြို့ပေါ်ကနေ နေ့ခင်းဘက်တွေ မှာ လက်နက်ကြီးသံတွေ ပစ်ခတ်သံတွေကြားရကြောင်း ၊ ဒီဇင်ဘာ ၂၆ ရက်နေ့ကတော့ တနိုင်းဒေသထဲက ရေကြည်ချောင်းမှော် ဘက်ကနေ ပစ်ခတ်သံတွေကြားရတယ်လို့ တနိုင်းမြို့ဒေသခံတစ်ဦး ဖြစ်သူ ကိုမင်းမင်း က ပြောပါတယ်။

တနိုင်း-ရှင်ဗွေယန် လမ်းပိုင်းမှာ ကားမောင်းနေတဲ့ ယာဉ်မောင်း ကို မင်းဟန်က “ကျွန်တော်မောင်းတဲ့လမ်းပိုင်းမှာတော့ ဘာမှမဖြစ်ဘူးဗျ။ နမ်ဖြူဘက် သွားတဲ့ဘက် မှော်တွေဘက်ပေါ့ဗျာ အဲ့ဘက်မှာတော့ ဖြစ်တယ် ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က မိုးကောင်း-တနိုင်း လမ်းပိုင်းက လ၀ါးမရောက်ခင် လီဒိုလမ်းမကြီးပေါ်မှာ ပစ်ခတ်ထားတဲ့ ကျည်ခွံတွေ နဲ့ လမ်းဘေးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲထားတဲ့ အနေအထားတွေရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုက ဓါတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။

လက်ရှိတနိုင်းဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်လို့ တပ်မတော်က ခုချိန်အထိတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*