ရှမ်းပြည်နယ်အတွင်း ဆိုင်ကယ်လိုင်စင်ပြုလုပ်ခ ကုန်ကျစရိတ်လျော့ချပေးမည်

ရှမ်းပြည်နယ်အတွင်း ဆိုင်ကယ်လိုင်စင်ပြုလုပ်ခ ကုန်ကျစရိတ်လျော့ချပေးမည်
December 8, 2017 Fame Asian

4:18 pm
ရှမ်းပြည်နယ်အတွင်း ဆိုင်ကယ်လိုင်စင်ပြုလုပ်ခ ကုန်ကျစရိတ်လျော့ချပေးမည်

24909888_1626661557377803_5871592965680847370_n

တောင်ကြီး ၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်အတွင်း ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာမှာ လက်ရှိကုန်ကျနေတဲ့ကုန်ကျစရိတ်ထက် လျော့ချပေးသွားတော့မှာဖြစ်ပါတယ်။

ဒီလိုလျော့ချပေးမယ့်အကြောင်းကိုလည်း ရှမ်းပြည်နယ်လွှတ်တော်မှာ အတည်ပြုဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့ကပြုလုပ်တဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ်တင်သွင်းတဲ့ “ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကိုဒေသအမှတ်သင်္ကေတဖြင့်ယာဉ်မှတ်ပုံတင်ခြင်းပြုလုပ်ရာ၌ ပေးဆောင်ရမည့်လိုင်စင် ကြေးနှုန်းထားများကိုလျှော့ချပေးရန်တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေကြားအကြိတ်အနှယ်ဆွေးနွေးခဲ့ကြပါတယ်။

ရပ်စောက်မြို့နယ် အမှတ်(၁) ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က “ဆိုင်ကယ်လိုင်စင်လုပ်ရင်ကုန်ကျတဲ့ကုန်ကျစရိတ်နှုန်းထားက များတော့ ဆိုင်ကယ်အဟောင်းပိုင်ရှင်တွေက မလုပ်နိုင်ကြဘူး။ ဆိုင်ကယ်အသစ်တွေကတော့လုပ်ကြတယ်ပေါ့နော်။ အခုက ဘယ်လောက်ပမာဏလျော့ချမယ်ဆိုတာ ကိုမပြောခဲ့ပေမယ့် လျော့ချမယ်လို့တော့ အဆိုကိုအတည်ပြုနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်အတွင်းမှာ ဆိုင်ကယ်တစ်စီးဝယ်ရင် ဥပမာ ၆ သိန်းပေးရရင် သူ့ရဲ့တန်ဖိုးတစ်ဝက်ဖြစ်တဲ့ ၃ သိန်းကို ဒေသပေါက်ဈေးအဖြစ်သတ်မှတ်ပါတယ်။

ဒီ ဒေသပေါက်ဈေးအဖြစ် သတ်မှတ် ထားတဲ့ ပမာဏအထဲက ၅၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ်သတ်မှတ်ပါတယ်။

ဒါကြောင့် ၆ သိန်းနဲ့ ၀ယ်ထားတဲ့ ဆိုင်ကယ်တစ်စီးဟာ ဒေသပေါက်ဈေးရဲ့ ၅၀ ရာခိုင်နှုန်း ငွေကျပ် ၁၅၀၀၀၀ ၊ လိုင်စင်နံပတ်ပြားဖောင်းကြွ စာရွက်စာတမ်းစတာတွေ အားလုံးပေါင်းလိုက်ရင် လိုင်စင်လုပ်ဖို့အတွက် ကုန်ကျစရိတ် ၂ သိန်းအနားမှာရှိနေပါတယ်။

ဆိုင်ကယ်တန်ဖိုးဈေးနှုန်းမြင့်လေ ဒေသပေါက်ဈေးသတ်မှတ်မှုများပြားပြီး လိုင်စင်အတွက်လည်းကုန်ကျစရိတ်များပြားသွားပါတယ်။

ဒီအပေါ် လိုင်စင်မဲ့ဖြစ်ပြီး ဆိုင်ကယ်အဟောင်း ဖြစ်နေတဲ့ ဒေသခံတွေ အနေနဲ့ အခက်အခဲဖြစ်နေကြတာဖြစ်ပါတယ်။

အခု လိုင်စင်ကြေးလျော့ပေးမယ်ဆိုတဲ့ကိစ္စကတော့ ဒဏ်ကြေးသတ်မှတ်ထားတဲ့ ဒေသပေါက်ဈေးရဲ့ ၅၀ ရာခိုင်နှုန်းဆိုတာကနေ လျော့ချပေးမှာဖြစ်ပါတယ်။

“ဒေသပေါက်ဈေးထဲက ဒဏ်ကြေးအဖြစ်သတ်မှတ်တဲ့ ၅၀ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်းပဲထားမလား ။ ၃၀ ရာခိုင်နှုန်းပဲထားမလား ။ အဲ့လိုပါ ။ ဟိုဘက်အခြမ်းက စာရွက်စာတမ်းနံပါတ်ပြာဖောင်းကြွ ဒါတွေကိုတော့သွားလျော့လို့အဆင်မပြေလောက်ဘူး” လို့ ဦးခိုင်ညီညီကျော်က ဆိုပါတယ်။

အဆိုတင်သွင်းခဲ့သူ ဒေါ်နန်းစမ်းစမ်းအေးက ဆိုင်ကယ်တွေဟာလိုင်စင်မရှိတဲ့အခါ ယာဉ်တိုက်မှုတွေ ၊ ဆိုင်ကယ်တိုက်မှုတွေ ဖြစ်ရင် အရေးယူဖို့လည်းခက်ခဲကြောင်း ၊ဥပဒေများနဲ့အညီဖြစ်စေဖို့ ဆိုတဲ့အချက်အတွက် လိုင်စင်မဲ့ယာဉ်တွေ လျော့နည်းသွားအောင် အရင်လုပ်ရမယ်လို့ မြင်ကြောင်း လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

အဆိုအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဝန်ကြီး ဦးခွန်ရဲထွေး က လိုင်စင်ကြေးနှုန်းထားတွေကိုလျော့ချပေးသွားမယ်လို့ ဆိုပြီး အဆိုကိုတော့ မှတ်တမ်းတင်ပေးဖို့သာ ပြောခဲ့ပါတယ်။

နောက်ဆုံးမဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ၊ ပြည်ခိုင်ဖြိုးအမတ်တစ်ချို့ ၊ ရှမ်းပါတီအမတ်အချို့က ကန့်ကွက်ခဲ့ကြပေမယ့် NLD နဲ့ SNLD အမတ်တွေစုပေါင်းထောက်ခံခဲ့တဲ့အတွက် ဆန္ဒမဲပေးခွင့်ရှိသူတစ်ဝက်ကျော်ထောက်ခံပြီး အဆိုကိုအတည်ပြုနိုင်ခဲ့တယ်လို့ ဦးခိုင်ညီညီကျော်က ဆိုပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*