မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက်တိုက်ဖျက်ဖို့ ကချင်လွှတ်တော်မှာအတည်ပြုပြီ

မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက်တိုက်ဖျက်ဖို့ ကချင်လွှတ်တော်မှာအတည်ပြုပြီ
December 6, 2017 Fame Asian

5:45 pm
မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက်တိုက်ဖျက်ဖို့ ကချင်လွှတ်တော်မှာအတည်ပြုပြီ

img1

မစ်ကြီးနား၊ ဒီဇင်ဘာ ၆

ကချင်ပြည်နယ်အတွင်းမူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက်တိုက်ဖျက်ဖို့ကိစ္စကို ဒီကနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ ပထမဦးဆုံးအနေနဲ့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အင်ဂျန်းယန် မဲဆန္ဒနယ် ၂ ကိုယ်စားလှယ် မရန်ဂျာဆိုင်းခေါန် တင်သွင်းတဲ့ “ကချင်ပြည်နယ်အတွင်းမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် ထိရောက်သောမူဝါဒနှင့်စီမံချက်များချမှတ်ပြီး အစိုးရ၊ရဲတပ်ဖွဲ့ ၊မူးယစ်ဆေးဝါးနှိပ်နင်းရေးအဖွဲ့၊မြို့မိမြို့ဖနှင့် လူမှုအဖွဲ့အစည်းများပူးပေါင်းပါဝင်ပြီး ထိရောက်စွာတိုက်ဖျက်ပေးရန် ကချင်ပြည်နယ်အစိုးရနှင့်ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို” ကို မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ ကချင်ပြည်နယ်ရွှေကူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးယုက “ကျွန်တော်တို့ရွှေကူမှာဆိုလည်း မူးယစ်ဆေးပြဿနာက ဆိုးရွားနေတယ်။ ဒီနေ့ အဆိုနဲ့ပတ်သက် ပြီး နယ်လုံဝန်ကြီးကတော့ ထောက်ခံတယ်ပြောတယ်။ ပြီးတော့ လုပ်ပါမယ် လို့ ကတိက၀တ်ပြုသွားတယ်ပေါ့နော် ။ အရင်ကလည်း မူးယစ်ကိစ္စနဲ့ပတ်သတ်ပြီး အစိုးရအပိုင်း တာဝန်ရှိသူတွေ အပိုင်းကလုပ်ပေမယ့် မအောင်မြင်ခဲ့ဘူး ။ အခုကတော့ အဆိုနဲ့ တိုက်တွန်းလိုက်တာပေါ့နော် ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကနေ့ အဆိုနဲ့ပတ်သတ်ပြီး ကချင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က မူးယစ်ဆေးဝါးသုံးစွဲသူ၊ရောင်းချသူ တွေ သယ်ဆောင်လျှက်ရှိတဲ့လမ်းကြောင်းတွေကို ထိထိရောက်ရောက် စဉ်ဆက်မပြတ်ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက် ပြီး အစိုးရထံတိုက်တွန်းကြောင်းအဆို အတည်ပြုတာဟာဆိုရင် ပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ပေါ်က မြစ်ကြီးနားတက္ကသိုလ် ၊ နည်းပညာတက္ကသိုလ်တွေထဲမှာ ဆေးထိုးအပ်တွေ တောင်ပုံရာပုံရှိနေတဲ့ကိစ္စအပေါ်လည်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်လျက်ရှိပါတယ်။

ဒီကိစ္စအပေါ်မှာလည်း လာမယ့် ရက်ပိုင်းအတွင်း တက္ကသိုလ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*