စုပေါင်းတက္ကစီတွေကို တရားဝင်ယာဉ်လိုင်းဖြစ်အောင်ဆောင်ရွက်နေတယ်လို့ တိုင်းအစိုးရပြော

စုပေါင်းတက္ကစီတွေကို တရားဝင်ယာဉ်လိုင်းဖြစ်အောင်ဆောင်ရွက်နေတယ်လို့ တိုင်းအစိုးရပြော
December 4, 2017 Fame Asian

3:03 pm
စုပေါင်းတက္ကစီတွေကို တရားဝင်ယာဉ်လိုင်းဖြစ်အောင်ဆောင်ရွက်နေတယ်လို့ တိုင်းအစိုးရပြော

24294335_1622553481121944_9041864642010069355_n

ရန်ကုန် ၊ ဒီဇင်ဘာ ၎

စုပေါင်းတက္ကစီတွေအတွက် စည်းမျဉ်းစည်းကမ်းဆွဲပြီး စနစ်တကျယာဉ်လိုင်းပြေးဆွဲနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်ုတိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်နီလာကျော်က ယခုလိုပြောကြားခဲ့တာပါ။

”ဆူးလေ-အောင်မင်္ဂလာအဝေးပြေးလိုင်းတို့ လို လိုင်းတွေဟာ အမှန်က သူတို့ ပြေးဆွဲနေတဲ့ပုံစံက ကျွန်မတို့ ရဲ့ YBS ယာဉ်လိုင်းများပြေးဆွဲသလိုပဲပြေးဆွဲပြီးတော့ သူတို့ မှတ်ပုံတင်ထားရှိမှုတွေက တက္ကစီမှတ်ပုံတင်မျိုးဖြစ်နေတဲ့အတွက် လုပ်ထုံးလုပ်နည်းအရ ညီညွတ်မှုမရှိတဲ့အတွက် ကျွန်မတို့ အနေနဲ့ ယာယီမှာရပ်တံ့ပြီးတော့ လုပ်ထုံးလုပ်နည်းအရညီညွတ်အောင် စည်းမျဉ်းများရေးဆွဲပြီးတော့ စနစ်တကျပြန်လည်ရေးဆွဲဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဝန်ကြီးဒေါ်နီလာကျော်ကပြောပါတယ်။

ပန်းပဲတန်းမြို့ နယ်၊မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ” ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူတွေအတွက် သယ်ယူပို့ ဆောင်ရေးကဏ္ဍမှာ တစ်စိတ်တစ်ပိုင်းအဆင်ပြေချောမွေ့ နေတဲ့ စင်းလုံးဌားယာဉ်လိုင်းများကို တရားဝင်စီစဉ်ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိမရှိ” လွှတ်တော်မှာမေးမြန်းခဲ့ပါတယ်။ယင်းမေးခွန်းနဲ့ ပတ်သတ်ပြီး တိုင်းအစိုးရကပြန်လည်ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။

” ဆူးလေ-အောင်မင်္ဂလာအဝေးပြေးကွင်း၊ဆူးလေ-ရွှေပေါက်ကံ၊ဆူးလေ-မြောက်ဥက္ကလာတို့ သွားတဲ့ စုပေါင်းတက္ကစီဟာ လူတစ်ယောက်ကို တစ်ထောင်ပဲပေးရပြီးတော့ အချိန်တိုအတွင်းမှာ ခရီးသွားနိုင်တဲ့အတွက် အများပြည်သူလက်ခံကျေနပ်တဲ့ယာဉ်လိုင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက မထသယာဉ်လိုင်းကိုဖျက်သိမ်းလိုက်တဲ့အခါ အဲဒီယာဉ်လိုင်းတွေဟာ အခု တရားမ၀င်ကြားကားဆွဲနေရသလိုဖြစ်နေပါတယ်။ အဲဒီလိုပဲ လမ်း ၄၀ ဗိုလ်အောင်ကျော်လမ်းထိပ်ကနေ ယုဇနကိုသွားတဲ့ စင်းလုံးဌားယာဉ်တွေဆိုရင်လည်း ခရီးသည်တစ်ဦးကို ငွေ ၅၀၀လောက်နဲ့ အဆင်ပြေစွာသွားလာလို့ ရနေတဲ့အအခြေအနေမှာရှိနေပါတယ် အဲဒီတော့ အဲဒီယာဉ်လိုင်းတွေကို စည်းမျဉ်းစည်းကမ်းသတ်မှတ်ပြီး တိုင်းဒေသကြီးအစိုးရကြပ်မတ်မှုအောက်ကနေ တရားဝင်သတ်မှတ်လိုက်မယ်ဆိုရင်အခွန်ဘဏ္ဍာလည်းရ ၊ ယာဉ်ပိုင်ရှင်တွေရော ခရီးသည်တွေပါ အဆင်ပြေချေမွေ့ မှာဖြစ်ပါတယ်” လို့ မေးခွန်းမေးမြန်းခဲ့တဲ့ ဦးသန်းနိုင်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တက္ကစီ ခြောက်သောင်းခုနှစ်ထောင်ခန့် ပြေးဆွဲလျက်ရှိပြီး အများစုမှာ ပုဂ္ဂလိကပိုင်များဖြစ်ကြတယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*