ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံအလုပ်သမားအရေး ကြားဝင်ဖြေရှင်းပေးဖို့ ဂျပန်သံရုံးကို အကူအညီတောင်းထားဟုဆို

ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံအလုပ်သမားအရေး ကြားဝင်ဖြေရှင်းပေးဖို့ ဂျပန်သံရုံးကို အကူအညီတောင်းထားဟုဆို
December 4, 2017 Fame Asian

2:59 pm
ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံအလုပ်သမားအရေး ကြားဝင်ဖြေရှင်းပေးဖို့ ဂျပန်သံရုံးကို အကူအညီတောင်းထားဟုဆို

24177115_1622556214455004_6276241577439748054_n

ရန်ကုန်၊ ဒီဇင်ဘာ ၎

တစ်ပတ်ကြာတဲ့အထိ ဖြေရှင်းလို့မရသေးတဲ့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံအလုပ်သမားအရေး ကြားဝင်ဖြေရှင်းပေးဖို့ ဆန္ဒပြအလုပ်သမားတွေက ဂျပန်သံရုံးကို ဒီကနေ့ အကူအညီတောင်းလိုက်ပါတယ်။

တောင်းဆိုချက် ၉ ချက်နဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ စတင်သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ ဒဂုံဆိပ်ကမ်း အထည်ချုပ်အလုပ်သမားတွေပြဿနာမှာ ဒီကနေ့ အထိဆိုရင် သပိတ်မှောက်မှု ၇ ရက်မြောက်နေ့ဖြစ်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ဆန္ဒပြအလုပ်သမားတွေ နဲ့ စက်ရုံကြား ပြေလည်မှုရရှိဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့် တောင်းဆိုချက် ၉ ချက်မှာ ၇ ချက် ကို အလျော့အတင်းညှိနှိုင်းလို့ရခဲ့ပေမယ့် ၂ ချက်ကတော့ လုံးဝ ညှိနှိုင်းလို့မရတဲ့အနေအထားကို ရောက်ရှိနေပါတယ်။

ဒီအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအနေနဲ့ အလုပ်သမားပြဿနာကိုကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုထားတဲ့ အကြောင်းကြားစာကို ဒီဇင်ဘာ ၄ ရက်နေ့ရက်စွဲနဲ့ အလုပ်သမားတွေက ပေးပို့လိုက်ပါတယ်။

“စာကိုပို့လိုက်ပြီ။ သွားပို့တဲ့သူတောင်ပြန်ရောက်နေပြီ။ ခေါင်းဆောင်ကတော့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှာ ညှိနေတုန်း။ လုပ်သက်ကြေး တောင်းတဲ့ကိစ္စနဲ့ အထည်စံချိန်ကိစ္စမှာညှိလို့မရဖြစ်နေတယ်” လို့ ဆန္ဒပြအလုပ်သမားတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

လုပ်သက်ကြေးကို မူလက အလုပ်သမားတွေအနေနဲ့တစ်နှစ် ကျပ် ၂၀၀၀၀ ပေးဖို့ တောင်းဆိုခဲ့ပေမယ့် နောက်ဆုံးညှိနှိုင်းရင်း ကျပ် ၈၀၀၀ ပေးဖို့အထိ ဖြစ်ခဲ့ပါတယ်။

သို့ပေမယ့် စက်ရုံဘက်ကပေးချင်တဲ့ ကျပ် ၅၀၀၀ နဲ့ အလုပ်သမားတွေ လိုချင်တဲ့ ကျပ် ၈၀၀၀ ကြား ညှိနှိုင်းမရဖြစ်နေပါတယ်။

ဒီကနေ့ ဂျပန်သံရုံးကိုပေးပို့လိုက်တဲ့အလုပ်သမားတွေရဲ့ စာမှာတော့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံအနေနဲ့ ဂျပန်နိုင်ငံ Makku Co.Ltd က အပ်နှံတဲ့အ၀တ်အထည်တို့ကို ချုပ်လုပ်နေကြောင်း ၊ ဒါကြောင့် မိမိတို့နိုင်ငံသားလုပ်ငန်းရှင်ရဲ့လက်အောက်ခံ စက်ရုံမှာဖြစ်ပွားနေတဲ့ အလုပ်သမားပြဿနာကို မျက်ကွယ်ပြုမထားဘဲ လိုအပ်သလို အရေးတယူပြုပြီးကြားဝင်ညှိနှိုင်းဖျန်ဖြေပေးပါလို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

လက်ရှိ ဒဂုံဆိပ်ကမ်း အထည်ချုပ်စက်ရုံမှာ လုပ်သား ၇၀၀ လောက်က သပိတ်မှောက်ဆန္ဒပြနေကြပါတယ်။

YL

Photo – ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*