အရေးယူနေတဲ့ကြားက စည်းကမ်းချိုးဖောက်မှုတွေရှိနေလို့ YBS ယာဉ်လိုင်းများအတွက် ပြစ်ဒဏ်ထပ်တိုးမယ်

အရေးယူနေတဲ့ကြားက စည်းကမ်းချိုးဖောက်မှုတွေရှိနေလို့ YBS ယာဉ်လိုင်းများအတွက် ပြစ်ဒဏ်ထပ်တိုးမယ်
November 30, 2017 Asian Fame

5:30 pm
အရေးယူနေတဲ့ကြားက စည်းကမ်းချိုးဖောက်မှုတွေရှိနေလို့ YBS ယာဉ်လိုင်းများအတွက် ပြစ်ဒဏ်ထပ်တိုးမယ်

1ရန်ကုန် ၊ နိုဝင်ဘာ ၃၀

စည်းကမ်းချိုးဖောက်တဲ့ YBS ယာဉ်လိုင်းများကို အရေးယူနေတဲ့ကြားထဲက ထပ်မံကျူးလွန်မှုတွေရှိနေတဲ့အတွက် ပြစ်ဒဏ်တွေတိုးဖို့ စီစဉ်နေပြီး အရေးယူမှုကိုလည်းတိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကပြောပါတယ်။ မထသ စနစ်မှ YBS စနစ်ကိုပြောင်းလဲလိုက်ပေမယ့် သတ်မှတ်မှတ်တိုင်မှာမရပ်မှု၊ မှတ်တိုင်မဟုတ်တဲ့နေရာတွေမှာ လူတင်/ချမှုဆောင်ရွက်ခြင်းတွေရှိနေဆဲဖြစ်ပြီးတော့ ယင်းအတွက်တိုင်ကြားမှုတွေဟာ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအတွင်း ၉၃၉ မှုထိရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်နီလာကျော်ကပြောပါတယ်။

”ပြစ်မှုကျူးလွန်တဲ့ကားတွေကို ကုမ္ပဏီကားတွေဆိုရင်တော့ ကုမ္ပဏီများကို အရေးယူပြီးတော့ ဒဏ်ကြေးတိုးမြှင့်ပြီး တစ်ဦးချင်းပိုင်ကားတွေကိုတော့ ပြစ်မှုကျူးလွန်ရင် လိုင်းပြေးဆွဲခြင်းမှပိတ်သိမ်းသွားဖို့ တွေ ကျွန်မတို့ ဆောင်ရွက်လျက်ရှိပါတယ် ” သူမကပြောပါတယ်။

မရမ်းကုန်းမြို့ နယ်၊မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ” YBS ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်များ သတ်မှတ်မှတ်တိုင်တွင် ခရီးသည်အတင်/အချ မပြုလုပ်ဘဲ သင့်သလို စည်းကမ်းမဲ့ ခရီးသည်တင်/ချ ပြုလုပ်နေကြခြင်း၊မီးပွိုင့်အနီးတွင် ခရီးသည် တင်/ချပြုလုပ်နေကြခြင်းများကို မည်သို့ အရေးယူဆောင်ရွက်သွားမည်၊စည်းကမ်းတကျ သတ်မှတ်မှတ်တိုင်များတွင် ခရီးသည်တင်/ချ ပြုလုပ်ရန် မည်သို့ စီစဉ်ကြီးကြပ်အရေးယူဆောင်ရွက်သွားမည်ကိုသိရှိလိုကြောင်း” မေးခွန်းကိုမေးမြန်းခဲ့ပါတယ်။အဆိုပါမေးခွန်းမေးမြန်းမှုနဲ့ ပတ်သတ်ပြီး ဒေါ်နီလာကျော်က ဒီကနေ့ လွှတ်တော်မှာပြောတာပါ။

”ယာဉ်ထိန်းရဲတွေရှိနေတုန်းတော့ အဆင်ပြေပါတယ် ယာဉ်ထိန်းရဲမရှိတော့တာနဲ့ တစ်ပြိုင်နက် အဲဒီနေရာတွေ(မှတ်တိုင်မဟုတ်တဲ့နေရာ)မှာ နဂိုအတိုင်းပဲ ခရီးသည်တွေကိုစည်းမဲ့ကမ်းမဲ့ ပြန်ပြီးတင်ကြချကြတာတွေကိုတွေ့ ရပါတယ်။လက်ရှိအခြေအနေနဲ့ လည်း ယာဉ်ထိန်းရဲများ လုံလောက်မှုမရှိတာကို သဘောပေါက်နားလည်ပါတယ် ” လို့ မေးခွန်းမေးမြန်းခဲ့တဲ့ လွှ့တ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းကပြောပါတယ်။

ဒါ့အပြင် ဦးထောင်ဘိုအ၀ိုင်း၊ဟံသာဝတီစတဲ့ အ၀ိုင်းပတ်စနစ်ကို ဆက်လက်ထားရှိမရှိနဲ့ ပတ်သတ်ပြီးဆန်းစစ်မှုများပြုလုပ်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ ကပြောကြားခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*