မိဘများငြင်းဆန်သည့်အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမထိုးပေးလိုက်ရသည့် ကလေးငယ် ၄သိန်းခန့်ရှိ

မိဘများငြင်းဆန်သည့်အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမထိုးပေးလိုက်ရသည့် ကလေးငယ် ၄သိန်းခန့်ရှိ
November 29, 2017 Asian Fame

5:02 pm
မိဘများငြင်းဆန်သည့်အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမထိုးပေးလိုက်ရသည့် ကလေးငယ် ၄သိန်းခန့်ရှိ

aရန်ကုန် ၊ နိုဝင်ဘာ ၂၉

ကျောင်းနေအရွယ်ကလေးငယ် (၈.၆) သန်းခန့် ကို ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်းထားခဲ့ပေမယ့် ယင်းအနက်မှ (၀.၄) သန်းခန့်ဟာ ကာကွယ်ဆေးထိုးဖို့ မိဘများကိုယ်တိုင် ငြင်းဆန်တာကြောင့် မထိုးပေးနိုင်ခဲ့ဘူးလို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အစိုးရက ကာကွယ်ဆေးထိုးလုပ်ငန်းစတင် စမှာပဲ ပင်လောင်းက ကလေးငယ်တစ်ဦး ကာကွယ်ဆေးထိုးပြီး သေသွားတယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။ အဲ့ဒီလိုသတင်းတွေ ထွက်ပြီးနောက်ပိုင်း မိဘတွေက ငြင်းဆန်ခဲ့ကြတာပါ။

” တစ်ချို့ မိဘတွေကျ စိုးရိမ်မှုတွေရှိတော့ သူတို့ ကလေးတွေကို မထိုးစေချင်ကြဘူး။အဲဒါမျိုးကျ ကျွန်တော်တို့ က အတင်းအကြပ်လုပ်လို့ မရဘူးလေ” လို့ ဒေါက်တာသန်းထွန်းအောင်ကပြောပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမထိုးပေးလိုက်ရသည့် ကလေးငယ် ၄သိန်းထဲမှာ ကလေးတွေ နေမကောင်းဖြစ်နေလို့ မထိုးပေးလိုက်ရတာတွေလည်းပါတယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဆက်ပြောပါတယ်။

ယခုလနိုဝင်ဘာလ ၁၅ ရက်ကနေ ၂၃ ရက်နေ့ အထိ အစိုးရက ကျောင်းနေကလေးငယ်များကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့ရာမှာ (၈.၆) သန်းခန့် မှာ (၈.၂) သန်းခန့် ကိုသာကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။

မန္တလေးမြို့မှာ နေထိုင်တဲ့ ကလေးတစ်ဦးဖခင် အသက်၃၅နှစ်အရွယ်ရှိ ကိုသန့်က ”ကလေးသေသွားတယ်ဆိုပြီး အွန်လိုင်းမှာ ပြန့်တဲ့အတွက် စိုးရိမ်မှုတွေရှိခဲ့တယ်။ဒါပေမယ့်လည်း ထိုးသင့်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောတာကြောင့် သူတို့ရဲ့ ပြောစကားကို ယုံယုံကြည်ကြည်နဲ့ လက်ခံခဲ့ပြီး သမီးကို ကာကွယ်ဆေးထိုးပေးခဲ့တယ်”လို့ ပြောပါတယ်။

ယခုပြီးစီးခဲ့တဲ့ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဟာ ကျောင်းနေကလေးငယ်များသာဖြစ်ပြီး ကျောင်းမနေတဲ့ပြင်ပကလေးငယ် ၆ သန်းနီးပါးခန့် ကာကွယ်ဆေးထိုးပေးဖို့ ကျန်နေသေးတယ်လို့  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ကဆက်ပြောပါတယ်။” ကျောင်းမနေတဲ့ အသက် ၅ နှစ်မှ
၁၅ နှစ်နဲ့ ၃ နှစ်အောက်ကလေးငယ်တွေကိုတော့ လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့ မှာ ဆေးထိုးပေးသွားပါမယ်။ သက်ဆိုင်ရာ ဒေသန္တရဆေးပေးခန်းတွေ၊ ရပ်ကွက်အုပ်ချုပ်မှူးရုံးတွေနဲ့ ဘုန်းကြီးကျောင်းတွေဓမ္မာရုံတွေမှာ ထိုးပေးသွားမှာဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ၂၃ ရက်နေ့ ထိ ကျောင်းနေကလေးငယ်များကို ကာကွယ်ဆေးထိုးပေးခဲ့ရာမှာ နိုဝင်ဘာ ၂၄ ရက်နေ့ အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားချက်အရ ကလေးငယ်(၃)ဦးသေဆုံးမှုရှိခဲ့ပြီး ကလေးငယ်နှစ်ဦးကတော့ ကာကွယ်ဆေးနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ပါတယ်။ပင်လောင်းမြို့ နယ်မှ ကလေးငယ်ကတော့ နဂိုကတည်းက အဆုပ်လေပြွန်ကာလကြာမြင့်စွာရောင်ယမ်းနေတဲ့လက္ခဏာကိုတွေ့ ရပြီး ကာကွယ်ဆေးထိုးလိုက်တဲ့အခါ လေပြွန်ရုတ်တရက်ကျဉ်းတဲ့လက္ခဏာများပြင်းထန်စွာဖြစ်ပေါ်ခဲ့လို့ သေဆုံးခဲ့ရခြင်းဖြစ်နိုင်တယ်လို့ ထည့်သွင်းသတင်းထုတ်ပြန်ထားပါတယ်။

ဂျပန်ဦးနှောက်ရောင် ရောဂါဟာ ကလေးတွေကို နှစ်စဉ်ဒုက္ခပေးနေတဲ့ ရောဂါဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ (၂၀၁၆) ခုနှစ်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၃၉၃) ဦးရှိခဲ့ပြီး (၂၀၁၇) ခုနှစ်မှာ အောက်တိုဘာလကုန်အထိ ရောဂါပိုးတွေ့သူ (၃၀၆) ဦးရှိခဲ့ပါတယ်။
ဒီဦးရေဟာ ဆေးရုံကိုရောက်လာလို့ ဓါတ်ခွဲစမ်းသပ်ပြီး ထွက်ပေါ်လာတဲ့ အရေအတွက်ပါ။ ၄င်းတို့ထဲကနေ (၃၀) ရာခိုင်နှုန်း အသက်ဆုံးရှုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်တဲ့ ကလေးတွေမှာလည်း နာတာရှည်ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်း၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဥာဏ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆေးရုံကို ရောက်မလာနိုင်ဘဲ ရောဂါဖြစ်ပွား သေဆုံးခဲ့တဲ့ ကလေးတွေလည်းရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြောဆိုထားပြီး ကလေးတွေ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*