ဒဂုံဆိပ်ကမ်းရှိ အလုပ်သမားသပိတ်စခန်း ၂ ခုတွင် တစ်ခုရုပ်သိမ်းသွားပြီ

ဒဂုံဆိပ်ကမ်းရှိ အလုပ်သမားသပိတ်စခန်း ၂ ခုတွင် တစ်ခုရုပ်သိမ်းသွားပြီ
November 29, 2017 Asian Fame

11:36 am
ဒဂုံဆိပ်ကမ်းရှိ အလုပ်သမားသပိတ်စခန်း ၂ ခုတွင် တစ်ခုရုပ်သိမ်းသွားပြီ
1

ညှိနှိုင်းမှုမပြေလည်သေးသည့်အတွက် ဆက်လက်ဆန္ဒပြနေသည့် ဒဂုံ(ဆိပ်ကမ်း)အထည်ချုပ်စက်ရုံအလုပ်သမားသပိတ်

2

ညှိနှိုင်းမှုမပြေလည်သေးသည့်အတွက် ဆက်လက်ဆန္ဒပြနေသည့် ဒဂုံ(ဆိပ်ကမ်း)အထည်ချုပ်စက်ရုံအလုပ်သမားသပိတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

တောင်းဆိုချက်တွေအသီးသီးနဲ့ ဆန္ဒပြသပိတ်မှောက်ခဲ့ကြတဲ့ ရန်ကုန်မြို့ဒဂုံဆိပ်ကမ်းစက်မှုဇုန်အထဲက အလုပ်သမားသပိတ်စခန်း ၂ မှာ ညှိနှိုင်းမှုတွေပြေလည်ခဲ့တဲ့အတွက် ၁ ခုကို ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒဂုံဆိပ်ကမ်းထဲက ဒဂုံ(ဆိပ်ကမ်း)အထည်ချုပ်စက်ရုံ ၊ KGG အထည်ချုပ်စက်ရုံ တို့မှာရှိတဲ့အလုပ်သမားစုစုပေါင်း ၁၇၀၀ လောက်ဟာ နိုဝင်ဘာ ၂၈ ရက်နေ့ တစ်ရက်တည်းမှာ မိမိတို့ သက်ဆိုင်ရာစက်ရုံဝင်းအတွင်း ဆန္ဒပြသပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်။

ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စွာစီစဉ်ပေးဖို့ ၊ ဖယ်ရီကားလုံလောက်မှုရှိအောင်စီစဉ်ပေးဖို့ ၊ လုပ်သက်နှစ်ကြေး တစ်နှစ် ၂၀၀၀၀ ကျပ်ပေးဖို့ ၊ ထမင်းစားချိန် ၄၅ မိနစ်ပေးဖို့ ၊ အထည်စံချိန်ကို တစ်နာရီတစ်ခါပေးဖို့ ၊၀န်ထမ်းတွေထံက ဖြတ်တောက်ငွေကို ၃ လတစ်ကြိမ်ရှင်းပေးဖို့ ၊ အလုပ်ရှင် အလုပ်သမားကြား ၇ ရက်တစ်ခါဆွေးနွေးပေးဖို့ စတဲ့အချက်တွေအပါအ၀င် အချက်အလက်စုစုပေါင်း ၉ ချက်ကိုတောင်းဆိုပြီး ဒဂုံ(ဆိပ်ကမ်း)အထည်ချုပ်အလုပ်သမားတွေက ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါတယ်။

အလားတူ KGG အထည်ချုပ်စက်ရုံကတော့ အလုပ်သမားတစ်ဦးကိုအလုပ်ထုတ်လိုက်တဲ့ကိစ္စ ၊ နေမကောင်းဖြစ်ရင် ပြင်ပမှာဆေးကုသခွင့်မပေးတဲ့ကိစ္စ စတဲ့အချက်အလက်တွေ အပါအ၀င် စုစုပေါင်း တောင်းဆိုချက် ၁၀ ချက်အတွက် ဆန္ဒပြသပိတ်မှောက်တာဖြစ်ပါတယ်။

ဒီကိစ္စအတွက် စက်ရုံအသီးသီးက ဆန္ဒပြအလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်ရှင်တွေ ညှိနှိုင်းကြရာမှာ KGG အထည်ချုပ်စက်ရုံဟာပြေလည်မှုရရှိခဲ့တဲ့အတွက် အခုလို ဆန္ဒပြသပိတ်မှောက်မှုကိုရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ KGG စက်ရုံအလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ညှိနှိုင်းလို့ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို နိုဝင်ဘာ ၂၈ ရက်နေ့မှာပဲ ဒဂုံဆိပ်ကမ်းမြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရှေ့မှာသဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။

KGG အထည်ချု့ပ်စက်ရုံမှာပြေလည်မှုရရှိခဲ့ပေမယ့် ဒဂုံ(ဆိပ်ကမ်း)အထည်ချုပ်စက်ရုံ ကတော့ ပြေလည်မှုမရရှိခဲ့တဲ့အတွက် ဒဂုံ(ဆိပ်ကမ်း)အထည်ချုပ်စက်ရုံအလုပ်သမားတွေဟာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် သပိတ်စခန်းကို ဆက်လက်ဖွင့်လှစ်ဆန္ဒပြသပိတ်မှောက်နေကြပါတယ်။ ထမင်းစားချိန် ၄၅ မိနစ်တိုးတောင်းတဲ့ကိစ္စ ၊ လုပ်သက်ကြေးတစ်နှစ် ၂၀၀၀၀ ကိစ္စ ၊ ဖယ်ရီကိစ္စ စတဲ့တောင်းဆိုချက်တွေမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြားညှိနှိုင်းမရဘူးလို့ ဆန္ဒပြအလုပ်သမားတွေထံကနေသိရပါတယ်။

ဒဂုံ(ဆိပ်ကမ်း)အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားသမဂ္ဂဥက္ကဌ မဝေေ၀အောင်က “ကျွန်မတို့ ညှိနှိုင်းဖျန်ဖြေရေးမှာဒီနေ့ထပ်ညှိနှိုင်းပါမယ် ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ လောလောဆယ် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးခန်းမှာ သွားရောက် ညှိနှိုင်းနေကြတယ်လို့လည်းသိရပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*