ထမံသီဘေးမဲ့တော အတွင်း ကင်မရာ အလုံး ၅၀ သုံးပြီး ကျားများပြန့်နှံ့ကျက်စားမှု စစ်တမ်းကောက်မည်

ထမံသီဘေးမဲ့တော အတွင်း ကင်မရာ အလုံး ၅၀ သုံးပြီး ကျားများပြန့်နှံ့ကျက်စားမှု စစ်တမ်းကောက်မည်
November 24, 2017 Asian Fame

3:20 pm
ထမံသီဘေးမဲ့တော အတွင်း ကင်မရာ အလုံး ၅၀ သုံးပြီး ကျားများပြန့်နှံ့ကျက်စားမှု စစ်တမ်းကောက်မည်

Htamathi(ရန်ကုန် ၊ နိုဝင်ဘာ ၂၄)

စစ်ကိုင်တိုင်းဒေသကြီး၊ ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောထဲက နန်ဖီးလင်းနဲ့ နန်ရမ်းယင်ဧရိယာထဲမှာ ကင်မရာ အလုံး ၅၀ သုံးပြီး ကျားတွေပြန့်နှံ့ ကျက်စားမှုကို စစ်တမ်းကောက်ယူသွားမယ်လို့ မြန်မာနိုင်ငံသားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS ကနေသိရပါတယ်။

နန်ဖီးလင်း ဧရိယာနဲ့ နန်ရမ်းယင်ဧရိယာ မှာ ဧရိယာတစ်ခုကို အကွက် ၂ ခုခွဲပြီး တစ်ကွက်ပြီးတစ်ကွက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ WCS ရဲ့ senior technical coordinator ဦးစောထူးသာဖိုးက ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။

“စလုပ်တော့မှာခင်ဗျ။ လုပ်မယ့်ပုံစံကတော့ ကျားမှာဘယ်စင်း ညာစင်းရှိတာကိုး။ အဲ့ဒီတော့ သူတို့သတ်မှတ်ထားတဲ့ ပွိုင့်လေးတွေရှိတယ်။ အဲ့ဒီမှာ တစ်ပွိုင့်ကို ကင်မရာ ၂ လုံးစီသုံးပြီး လုပ်သွားမှာပါ” လို့ သူကဆိုပါတယ်။

ထမံသီတောထဲမှာရှိတဲ့ ဘင်္ဂလားကျား(အိန္ဒိယကျား)တွေရဲ့ ပျံနှံကျက်စားမှုတွေ၊ အကောင်အရေအတွက်နဲ့ အစာကွင်းဆက်တွေ ကို စစ်တမ်းကောက်ယူနိုင်ဖို့ ဆောင်ရွက်နေခြင်းဖြစ်တယ်လို့လည်း WCS က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ဘင်္ဂလားကျား(အိန္ဒိယကျား) နဲ့ အင်ဒိုချိုင်းနားကျား ဆိုပြီး ကျားမျိုးစိတ် ၂ ခုရှိတယ်လို့သိရပါတယ်။

၂၀၁၅ ခုနှစ်အတွင်းက ဒီထမံသီတောထဲမှာပဲ ကျားကောင်ရေစစ်တမ်းကောက်ယူခဲ့ရာမှာ ၁၈ ကောင်နဲ့ ၂၄ ကောင်ကြားရှိတယ်လို့ သိရှိခဲ့ရပေမယ့် ဒီအရေအတွက် ဟာလည်း အတိအကျ သတ်မှတ်လို့မရတဲ့ အရေအတွက်သာဖြစ်တယ်လို့ WCS ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

YL

Photo- သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*