တိုင်းပြည်သယံဇာနဲ့ပတ်သက်တာတွေ ပွင့်လင်းမြင်သာမှုရှိရေးအဆို လွှတ်တော်တွင် အတည်ပြု

တိုင်းပြည်သယံဇာနဲ့ပတ်သက်တာတွေ ပွင့်လင်းမြင်သာမှုရှိရေးအဆို လွှတ်တော်တွင် အတည်ပြု
November 23, 2017 Asian Fame

12:37 pm
တိုင်းပြည်သယံဇာနဲ့ပတ်သက်တာတွေ ပွင့်လင်းမြင်သာမှုရှိရေးအဆို လွှတ်တော်တွင် အတည်ပြု

နေပြည်တော်၊ နိုဝင်ဘာ ၂၃

သယံဇာတတူးဖော်မှုပွင့်လင်းမြင်သာမှုရှိရေး ၊ သယံဇာတဝင်ငွေကိုနိုင်ငံသားတွေထံ ပွင့်လင်းမြင်သာစွာချပြရေး၊ ဒီငွေတွေ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲကိုအလုံးစုံဝင်ရောက်ရေး အဆိုကို ဒီကနေ့ ကျင်းပတဲ့ပြည်သူ့လွှ တ်တော်မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ပြည်သူ့လွှတ်တော်မှာ ဒဂုံမဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်တင်းသွင်းခဲ့တဲ့ “မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှာ အကြိုအဖွဲ့ဝင်(Candidate) အနေဖြင့် ဝင်ရောက်ခဲ့သည့် Extractive Industries Transparency Initiative (EITI) ဆိုသည့် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိရေး၊ ဆောင်ရွက်နေသည့် အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝ သယံဇာတတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှ ရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံ ဝင်ရောက်နိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ဒီကနေ့ လွှတ်တော်မှာ ကိုယ်စားလှယ် ၇ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီးနောက်ဆုံးမဲခွဲဆုံဖြတ် အနိုင်ရ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးရာမှာ မြန်မာ့ သယံဇာတတူးဖော်မှုကဏ္ဍမှာပွင့်လင်းမြင်သာမှုအားနည်းတာ ၊ရရှိတဲ့ဝင်ငွေတွေ ဟာ နိုင်ငံတော်ဘဏ္ဍာထဲ အလုံးစုံမရောက်တဲ့အကြောင်းအရင်းတွေကို အစီရင်ခံစာတွေကိုးကားပြီး ထောက်ပြပြောဆိုသွားပါတယ်။

မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကနေရရှိတဲ့ ငွေကြေးတွေထဲမှာ ၄၅ ရာခိုင်နှုန်းပဲ နိုင်ငံ့ဘဏ္ဍာထဲရောက်ရှိပြီး ကျန်တာတွေက other accounts တွေထဲရောက်ရှိသွားတယ်လို့ နွားထိုးကြီးမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးနိုင်ထူးအောင် က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅-၁၆ မှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ ရရှိတဲ့ ငွေဟာ ပြည်သူ့ဘဏ္ဍာငွေရဲ့ ၂၀ ရာခိုင်နှုန်းရှိပြီး သုံးငွေကတော့ ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း ၊ ဒါ့အပြင် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှာရှိတဲ့ အကောင့်တွေဟာ လွှတ်တော်ရဲ့ ကြပ်မတ်မှုအဝေးကိုရောက်ရှိနေတယ်လို့ ဦးနိုင်ထူးအောင်က ဆိုပါတယ်။

၂၀၁၃-၁၄ EITI အစီရင်ခံစာအရ ဒေါ်လာ ၁.၃ ဘီလီယံ ဟာ ဒီလိုပဲ other accounts တွေထဲကိုရောက်ရှိသွားကြောင်း ၊ လက်ရှိ MOGE ရဲ့လက်ထဲမှာ ငွေကြေး ၄.၆ တြွီလီယံ လောက်ရှိပြီးဒီ့ထက်လည်းများနိုင်ကြောင်း ဒီငွေကြေးပမာဏဟာ ကတ္တရာလမ်းခင်းမယ်ဆိုရင် မိုင်ပေါင်း ၃၀၀၀၀ ကျော်ခင်းနိုင်ပြီး စာသင်ကျောင်းဆောက်မယ်ဆိုရင် ကျောင်းဆောင်တစ်သိန်းကျော်ဆောက်လုပ်နိုင်ကြောင်း သူကထပ်လောင်းဆိုပါတယ်။ ဒါကြောင့် ဒီ other accounts တွေကို စစ်ဆေးဖို့လိုကြောင်းနဲ့ အဆိုရှင်ရဲ့အဆိုကို ထောက်ခံ ကြောင်း ချောက်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဘိုကြီး ကထပ်လောင်းပြောဆိုပါတယ်။

ဒါနဲ့ပတ်သတ်ပြီး သတ္တုသယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန့ က ပြန်လည်ရှင်းလင်းရာမှာ EITI ထံ တင်မယ့် ဒုတိယအစီရင်ခံစာကိုပြင်ဆင်နေကြောင်း ၊ ဒီအစီရင်ခံစာမှာ ၂၀၁၄-၁၅ ၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း သယံဇာတကဏ္ဍကနေရရှိတဲ့ ၀င်ငွေတွေကိုဖော်ပြမှာဖြစ်ကြောင်း ၊ ကျောက်စိမ်းကဏ္ဍကရရှိတဲ့ ၀င်ငွေတွေ (တွင်းဝခွန်အပါအ၀င်) ဖော်ပြမှာဖြစ်ကြောင်း ၊ သစ်တောကဏ္ဍနဲ့ပတ်သတ်ပြီး ပါဝင်မှာဖြစ်ကြောင်း ၊ မြန်မာ့ပုလဲ ထုတ်လုပ်ရောင်းဝယ် မှု ကနဦးအချက်အလက်များကို ဖော်ပြထားမှာဖြစ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် ပြည်သူလူထုအားလုံးသိဖို့ စာနယ်ဇင်းရှင်းလင်းပွဲတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ထပ်လောင်းဆိုခဲ့ပါတယ်။

ထပ်မံပြီး စီမံဘဏ္ဍာဝန်ကြီးဌာနက other accounts နဲ့ပတ်သတ်ပြီး ရှင်းလင်းရာမှာ other accounts တွေဟာ လိုအပ်လို့ဖွင့်လှစ်ထားတဲ့အကောင့်တွေဖြစ်ကြောင်း ၊ ဒီအကောင့်တွေဟာ ၀န်ကြီးဌာနရဲ့ပုံမှန်စစ်ဆေးမှုကိုခံရကြောင်း ၊ ပြီးခဲ့တဲ့ ကာလက ဒီအကောင့်တွေကိုစီစစ်ခဲ့ပြီး ဆက်လက်ဖွင့်လှစ်ထားသင့်တဲ့အကောင့် ၆၁၀၈ ခုကို ဆက်လက်ဖွင့်လှစ်ခဲ့ကာ ငွေအ၀င်အထွက် မရှိ အသုံးမြ့ပုတော့တဲ့ အကောင့် ၃၀၄၅ ကို ပိတ်သိမ်းခဲ့ကြောင်း ၊ ဒီအကောင့်တွေဟာလည်း ၎င်းတို့သဘောဆန္ဒအရ ထုတ်ယူသုံးစွဲလို့မရကြောင်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာတင်ပေးဖို့ ၀န်ကြီးဌာန ၂ ခုလုံးက လွှတ်တော်ထံတင်ပြခဲ့ပါတယ်။ ဒါပေမယ့် အဆိုရှင်က သူတင်သွင်းတဲ့ အဆိုကို အတည်ပြုပေးဖို့ ထပ်လောင်းပြောကြားတဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၂၅ မဲ ၊ ကန့်ကွက်မဲ ၆၈ မဲ ၊ ကြားနေ ၃ မဲ နဲ့ အဆိုဟာအနိုင်ရရှိပြီး အတည်ပြုကြောင်း လွှတ်တော် ဥက္ကဌက ကြေညာခဲ့ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*