မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကနေရရှိတဲ့ ငွေကြေးတွေထဲမှာ ၄၅ ရာခိုင်နှုန်းပဲ နိုင်ငံ့ဘဏ္ဍာထဲရောက်ရှိဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆို

မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကနေရရှိတဲ့ ငွေကြေးတွေထဲမှာ ၄၅ ရာခိုင်နှုန်းပဲ နိုင်ငံ့ဘဏ္ဍာထဲရောက်ရှိဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆို
November 23, 2017 Asian Fame

11:28 am
မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကနေရရှိတဲ့ ငွေကြေးတွေထဲမှာ ၄၅ ရာခိုင်နှုန်းပဲ နိုင်ငံ့ဘဏ္ဍာထဲရောက်ရှိဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆို

petroနေပြည်တော်၊ နိုဝင်ဘာ ၂၃

မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကနေရရှိတဲ့ ငွေကြေးတွေထဲမှာ ၄၅ ရာခိုင်နှုန်းပဲ နိုင်ငံ့ဘဏ္ဍာထဲရောက်ရှိပြီး ကျန်တာတွေက other accounts တွေထဲရောက်ရှိသွားတယ်လို့ နွားထိုးကြီးမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးနိုင်ထူးအောင် က ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒေါက်တာဒေါ်သက်သက်ခိုင်တင်သွင်းထားတဲ့ “မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှာ အကြိုအဖွဲ့ဝင်(Candidate) အနေဖြင့် ဝင်ရောက်ခဲ့သည့် Extractive Industries Transparency Initiative (EITI) ဆိုသည့်သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိရေး၊ ဆောင်ရွက်နေသည့် အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝ သယံဇာတတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှ ရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံ ဝင်ရောက်နိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ဆွေးနွေးရာမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅-၁၆ မှာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ ရရှိတဲ့ ငွေဟာ ပြည်သူ့ဘဏ္ဍာငွေရဲ့ ၂၀ ရာခိုင်နှုန်းရှိပြီး သုံးငွေကတော့ ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း ၊ ဒါ့အပြင် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှာရှိတဲ့ အကောင့်တွေဟာ လွှတ်တော်ရဲ့ ကြပ်မတ်မှုအဝေးကိုရောက်ရှိနေတယ်လို့ ဦးနိုင်ထူးအောင်က ဆိုပါတယ်။

၂၀၁၃-၁၄ EITI အစီရင်ခံစာအရ ဒေါ်လာ ၁.၃ ဘီလီယံ ဟာ ဒီလိုပဲ other accounts တွေထဲကိုရောက်ရှိသွားကြောင်း ၊ လက်ရှိ MOGE ရဲ့လက်ထဲမှာ ငွေကြေး ၄.၆ တြွီလီယံ လောက်ရှိပြီးဒီ့ထက်လည်းများနိုင်ကြောင်း ဒီငွေကြေးပမာဏဟာ ကတ္တရာလမ်းခင်းမယ်ဆိုရင် မိုင်ပေါင်း ၃၀၀၀၀ ကျော်ခင်းနိုင်ပြီး စာသင်ကျောင်းဆောက်မယ်ဆိုရင် ကျောင်းဆောင်တစ်သိန်းကျော်ဆောက်လုပ်နိုင်ကြောင်း သူကထပ်လောင်းဆိုပါတယ်။

ဒါကြောင့် ဒီ other accounts တွေကို စစ်ဆေးဖို့လိုကြောင်းနဲ့ အဆိုရှင်ရဲ့အဆိုကို ထောက်ခံ ကြောင်း ချောက်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဘိုကြီး ကထပ်လောင်းပြောဆိုပါတယ်။

လွှတ်တော် ကိုယ်စားလှယ်(၇)ဦးက ဆွေးနွေးပြီးကြတဲ့နောက်မှာ၊ အဆိုနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးမှာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူတဲ့အစီအစဉ်မှာ အတည်ပြုဖို့သင့်မသင့် မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြဆဲပဲဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*