အမြန်လမ်းမကြီး တလျှောက် ကားရပ်နားစခန်းများ ရှိ စားသောက်ဆိုင်များ အားလုံးကို FDA မှရှောင်တခင် စစ်ဆေးခဲ့ပြီး ဆိုင်အချို့ကို သတိပေးမှု များပြုလုပ်ခဲ့ရ

အမြန်လမ်းမကြီး တလျှောက် ကားရပ်နားစခန်းများ ရှိ စားသောက်ဆိုင်များ အားလုံးကို FDA မှရှောင်တခင် စစ်ဆေးခဲ့ပြီး ဆိုင်အချို့ကို သတိပေးမှု များပြုလုပ်ခဲ့ရ
November 22, 2017 Asian Fame

1:51 pm
အမြန်လမ်းမကြီး တလျှောက် ကားရပ်နားစခန်းများ ရှိ စားသောက်ဆိုင်များ အားလုံးကို FDA မှရှောင်တခင် စစ်ဆေးခဲ့ပြီး ဆိုင်အချို့ကို သတိပေးမှု များပြုလုပ်ခဲ့ရ

115miles(နေပြည်တော်၊ နိုဝင်ဘာ ၂၂)

ရန်ကုန်မန္တလေး အမြန်လမ်းမကြီးတလျှောက် ကားရပ်နားစခန်းများရှိ စားသောက်ဆိုင် အားလုံးကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီးဌာန (FDA)မှ ပူးပေါင်းအဖွဲ့များနှင့်အတူ ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကျန်းမာရေးနှင့် မညီညွှတ်သည့် စားသောက်ဆိုင်အချို့ကို သတိပေးမှုများနှင့်ထပ်မံမဖြစ်ပေါ်စေရန်ခံဝန်ကတိထိုး မှုများပြုလုပ်စေခဲ့ကြောင်းသိရသည်။

“အမြန်လမ်းတလျှောက် Rest Campကစားသောက်ဆိုင်တွေက ပုံမှန်စားသောက်ဆိုင်တွေလိုမဟုတ်ဘဲလူတွေအများကြီးတစ်ချိန်ထဲမှာစားသောက်ကြတာဖြစ်လို့ ကျန်းမာရေး နဲ့မညီညွှတ်တဲ့ အစားအစာတွေရောင်းချမိရင် လူတွေ အများကြီး အတွက် အန္တရာယ်ကြီးပါတယ်။ဒါကြောင့် ရှောင်တခင်စစ်ဆေးတဲ့အခါမှာ Mobile Lab ကားကိုပါ တခါထဲယူဆောင်ပြီးဓါတ်ခွဲစစ်ဆေးတာမျိုး လုပ်ပါတယ်” ဟု FDA(နေပြည်တော်)မှလက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာဥက္ကာဖြိုးကဆိုသည်။

FDAမှ စစ်ဆေးရာတွင် ဘောနပ်ကြီး (၃၉)မိုင် ရပ်နားစခန်း၊ (၇၆)မိုင်ရပ်နားစခန်း၊ (၁၁၅)မိုင်ရပ်နားစခန်း၊ (၁၅၆)မိုင်ရပ်နားစခန်း၊(၂၀၁)မိုင် ရပ်နားစခန်းနှင့် (၂၈၅)မိုင် သီးကုန်း ယာဉ်ရပ်နားစခန်းများရှိ စားသောက်ဆိုင် (၃၀)ခန့်ကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာနနှင့်FDAအဖွဲ့စုစုပေါင်း(၄၀)ခန့်က ရှောင်တခင်စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ရှောင်တခင်စစ်ဆေးရာတွင် စားသောက်ဆိုင်အချို့တွင်အသုံးပြုသည့် ငရုပ်သီးမှုန့်နှင့် ငပိအချို့တွင် စားသုံးရန်မသင့်သင့် မှိုတစ်မျိုးကိုတွေ့ရှိခဲ့ရသဖြင့် သတိပေးမှု များပြုလုပ်ခဲ့ပြီးသက်ဆိုင်ရာဆိုင်တာဝန်ရှိသူများကို ခံဝန်ကတိထိုးစေမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ပထမတစ်ကြိမ်မှာတော့ ဒါမျိုးကကျန်းမာရေး နဲ့မညီပါဘူး၊ အသုံးမပြုသင့်ပါဘူး ဆိုတာမျိုး သတိပေးခဲ့တာပါ ။နောင်ထပ် မလုပ်ကြဖို့ခံဝန်လည်း ထိုးခိုင်းပါတယ် ။နောက်တစ်ကြိမ် စစ်ဆေးလို့တွေ့ရင်တော့ သေချာတယ်၊ ဒီလိုသတိပေးတာမျိုး မလုပ်တော့ပါဘူး၊ အရေးယူမှုအပိုင်းကို ဆောင်ရွက်တော့မှာပါ”ဟု FDAမှတာဝန်ရှိသူ တစ်ဦးကဆိုသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)အနေနှင့် လူထုကျန်းမာရေး အတွက် အဓိကကျသည့် ကြားခံအဖွဲ့အစည်းတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နေပြီး မည်သည့်ထုတ်ကုန်မျိုးကိုမဆို ကျန်းမာရေးနှင့် ညီညွှတ်ခြင်း ရှိမရှိကို ရှောင်တခင်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ထိရောက်သောအရေးယူမှုများကိုလည်း တစ်ပြိုင်နက်လုပ်ဆောင်သွားမည်ဟုသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*