”ဘကကျောင်းများ ဆက်လက်ရှင်သန်မှာလား၊တဖြည်းဖြည်းပျောက်ကွယ်သွားတော့မှာလား”

”ဘကကျောင်းများ ဆက်လက်ရှင်သန်မှာလား၊တဖြည်းဖြည်းပျောက်ကွယ်သွားတော့မှာလား”
November 18, 2017 Asian Fame

6:19 pm
”ဘကကျောင်းများ ဆက်လက်ရှင်သန်မှာလား၊တဖြည်းဖြည်းပျောက်ကွယ်သွားတော့မှာလား”

23754782_1606055039438455_921264567090566431_n

နပြည်တော်၊နိုဝင်ဘာ၁၈

အမျိုးသားပညာရေးမူဝါဒကော်မရှင်အနေဖြင့် အခြေခံပညာရေးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အသစ်ဖွင့်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊အဆင့်လျှော့ခြင်း၊ ပိတ်သိမ်းခြင်း စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး မူဝါဒရေးဆွဲသွားရန် စီစဉ်နေသည်ဟု သိရသည်။

ရေးဆွဲသွားမည့် မူဝါဒ အကြောင်းအရာနှင့် ပတ်သတ်ပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ သဘောထားမှတ်ချက်ကို တင်ပြနိုင်ရန်ကြိုးစားရာ မရခဲ့ပေ။

NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဦးကြွယ်ကြွယ်သည် လွန်ခဲ့သည့် ၃နှစ်ခန့်က ဘုန်းတော်ကြီးသင်အခြေခံပညာရေးကျောင်းတစ်ခုတွင် ၁နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီးဆရာတော်သံဃာတော်များအပေါ်ဝန်ထုပ်ဝန်ပိုးသဖွယ်ဖြစ်နေသော ၀န်ထုပ်ဝန်ပိုးကို အစိုးရ၏ ပညာရေးဌာနများအနေဖြင့် လွှဲပြောင်းရယူတာဝန်ယူဖို့အချိန်ကျရောက်နေပြီဟု ယူဆကြောင်းဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။

”တစ်ကယ်လက်တွေ့မှာ ဘုန်းတော်ကြီးများကသင်ကြားကြသည်မဟုတ်ဘဲ ဘုန်းတော်ကြီးများကအုပ်ချုပ်ရေး ရံပုံငွေရှာဖွေရေး အလုပ်များကိုသာလုပ်ကြရတာဖြစ်ပြီး စေတနာ့ဝန်ထမ်းဆရာ/ဆရာမ များကသင်ကြားကြရတာဖြစ်ပါတယ်။ ဒီစီမံအုပ်ချုပ်ရေး
ရံပုံငွေရှာဖွေရေး ဆရာ/ဆရာမ များရှာဖွေခန့်ထားရေး ထောက်ပံ့ငွေပေးရေးအလုပ်များဟာ များပြားရှုပ်ထွေးပြီးတာဝန်ကြီးလေးလှပါတယ်။ ဘုန်းတော်ကြီးများရဲ့ မူလပရိယတ္တိ ၊ ပရိပတ္တိ အလုပ်များအပြင် အဆိုပါလောကီလူမှုတာဝန်များကိုပါလုပ်ဆောင်ရတဲ့အတွက်
ဆရာတော်သံဃာတော်များအပေါ်ဝန်ထုပ်ဝန်ပိုးသဖွယ်ဖြစ်နေပါသဖြင့် အဆိုပါဝန်ထုပ်ဝန်ပိုးကို ပညာရေးဌာန အစိုးရအနေဖြင့် လွှဲပြောင်းရယူ တာဝန်ယူဖို့အချိန်ကျရောက်ပြီလို့ယူဆပါတယ်ခင်ဗျာ”ဟု ဒေါက်တာဦးကြွယ်ကြွယ်က ဒုတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် အကြံပြုဆွေးနွေးခဲ့သည်။

လက်ရှိ မြန်မာ့အခြေခံပညာရေးကဏ္ဍအခြေအနေမှာလည်း နိုင်ငံတော်ဝယ် ရပ်ကွက် ကျေးရွာ ၆၇၀၀၀ ကျော်ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းတွင် အခြေခံပညာကျောင်းများဖွင့်လှစ်ထားပြီး ၂၀ ရာခိုင်နှုန်းတွင်သာ လိုအပ်နေသးသည့် အခြေခံပညာစာသင်ကျောင်းများကို
စနစ်တကျ တိုးချဲ့ဖွင့်လှစ်ရန် အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့်ပင်လျှင် ”နိင်ငံတော်က အခြေခံပညာကျောင်းများဖွင့်လှစ်ပြီးတဲ့ ရပ်ကွက်ကျေးရွာတွေမှာ ဘုန်းတော်ကြီးသင်အခြေခံပညာကျောင်းတွေကိုလျော့ချပိတ်သိမ်းခြင်းဖြင့် သံဃာတော်များချမ်းသာစွာဖြင့် ပရိယတ္တိ ၊ ပရိပတ္တိ တာဝန်များ ၊ သာသနာ့လုပ်ငန်းများကို အကြောင့်အကြမရှိ
အပူအပင်ကင်းစွာအားထုတ်နိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် အကြံပြု ဆွေးနွေးခဲ့ပါသည်။

မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ် ၆ မှ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဦးကြွယ်ကြွယ်က ”ခုဆိုနိုင်ငံတော်က အခမဲ့ ပညာရေးတွေလုပ်ပေးနေကြပြီ။ ကျောင်းဝတ်စုံတွေကိုတောင် ထောက်ပံ့ပေးနေပြီ။ဒါ့ကြောင့် အစိုးရ ကျောင်းတွေကို တက်သင့်ပြီ’ဟုပြောသည်။

သို့ရာတွင် လက်ရှိဖွင့်ထားပြီး စာသင်ကျောင်းများ၌ ဆရာ/မ များကိုလည်း အပြည့်အ၀ခန့်ထားနိုင်သည့် အနေအထားလည်း မရှိသေးဘဲ စာရင်း အရ ဆရာ/မ ၁သိန်းခွဲနီးပါး လစ်လပ်လျှက်ရှိနေသည်ဟုသိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/မများအသင်းချုပ် မှ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဦးဇော်မျိုးလှိုင်ကမူ ယင်းကဲ့သို့သော လိုအပ်ချက်ရှိနေမှုကို ၀င်ကူပေးနေသည့် ဘကဘုန်းတော်ကြီးသင်အခြေခံပညာရေးကျောင်းများအား အဆင့်မြှင့်တင်ပေးရမည့်အစား လျှော့ချခြင်း
(သို့)ပိတ်သိမ်းခြင်းသည် လုံးဝမဖြစ်သင့်ဟုပြောသည်။

”အခမဲ့ ပညာရေးက စာအုပ်၊ကျောင်းဝင်ကြေးကင်းလွတ်ခွင့်၊ကျောင်းဝတ်စုံတစ်စုံ ပေးတာကို အခမဲ့ ပညာရေးလို့ခေါ်နေတာလား”ဟု ဒေါက်တာဦးဇော်မျိုးလှိုင်က မေးခွန်းထုတ်သည်။

မြန်မာနိုင်ငံတွင် ဘက ကျောင်းအရေအတွက် ၁၆၀၀နီးပါးရှိနေပြီး၊တက်ရောက်နေသူက ၃သိန်းကျော်ရှိနေကြောင်း၊တွဲဘက် ကျောင်းများပါ ပါလျှင် ၅သိန်းခန့် ရှိနေကြောင်း၊တက်ရောက်ကြသူတို့သည် ဆင်းရဲကြသလို၊ယင်းကျောင်းသားတို့၏
မိဘများမှာလည်းအဆင်မပြေကြကြောင်း၊ဘကကျောင်းတို့သည်စာသင်ပေးကြသလို ထမင်းပါကျွေးပြီး ပညာနှင့်စားဝတ်နေရေးကိုပါ တစ်ပါတည်းဖြည့်ဆည်းပေးနေကြသည်ဟု သူက ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဦးကြွယ်ကြွယ်က ဘက ကျောင်းအချို့တွင် သင်ကြားပေးနေကြသည့် ဆရာ/မများ၏ အရည်အသွေးသည် လိုအပ်ချက်များရှိနေကြကြောင်း၊ ယင်းအပြင် ကျောင်းသား/သူအချို့ကို ဘကကျောင်းအချို့မှ
ဒဏ်ပေးခြင်းအချို့ကိုလည်းလက်ခံနိုင်ဖွယ်ရာ မရှိကြောင်း Popular News သို့ပြောသည်။

နိုင်ငံက ဘုန်းတော်ကြီးသင်အခြေခံပညာရေးကျောင်းများသည် သာသနာရေးဝန်ကြီးဌာန ၏ ကွပ်ကဲမှုအောက်တွင်ရှိကာ၊မှတ်ပုံတင်ပြီးသော ကျောင်းများက ဆရာ/မ များကို နိုင်ငံတော်က ယခင်အစိုးရလက်ထက်က စပြီး လစာသဘောမျိုးမဟုတ်သည့်ထောက်ပံ့မှုကို
လစဉ်ပေးအပ်နေသော်လည်း ထောက်ပံ့ကြေးမှာ မူလတမ်းပြတစ်ဦးလျှင် ကျပ် ၃၆၀၀၀၊အလယ်တန်းပြတစ်ဦးလျှင် ကျပ်၄၁၀၀၀၊အထက်တန်းပြတစ်ဦးလျှင် ကျပ်၅၀၀၀၀ ဖြစ်၍ အလွန်နည်းပါးသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/မများအသင်းချုပ် မှ အတွင်းရေးမှူးအဖွဲ့ဝင် (ဘကစာသင်ကျောင်းဆရာ/မများအလွှာ) ဦးတင်ဇော်က ”ဘက ကျောင်းတွေဆိုတာရှိချင်လို့ ရှိလာရတာမဟုတ်ပါဘူး။လိုအပ်ချက်အရပါ။မြှင့်တင်ပေးရမယ့်အစား ဖျက်သိမ်းပါလို့
ပြောဆိုကြတာတော့မကောင်းပါဘူး။လိုအပ်ချက်တွေ ရှိနေရင် ဒါကိုပြင်ပါ။ ဒါတော့ မလုပ်ပါနဲ့ ဒီလိုပဲ ရှိရမှာပေါ့ဗျာ”ဟု ပြောသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဗဟိုသုတေသနအဖွဲ့ဥက္ကဌ ဆရာတော် ဒေါက်တာသီဟဥာဏာလင်္ကာရာဘိဝံသ က ဘက ကျောင်းများဆက်လက်ရှင်သန်ခွင့်ရှိရမည်ဟု မိန့်သည်။

”ဥပဒေရေးပါ၊ဆွဲပါ၊မူဝါဒတွေရေးပါ လက်ခံမှာပဲ၊လက်မခံဘူးဆိုတာမရှိပါဘူး။ လက်ခံချင်လို့ပဲ၊ဥပဒေကြမ်းတောင်ရေးဆွဲပြီး တင်ခဲ့သေးတယ်။ လက်မခံလို့ ဒီအတိုင်းနေနေရတယ်။ သို့သော် ရေးဆွဲမှုက လိုက်နာနိုင်တဲ့ အချက်တွေတော့ ဖြစ်ရမှာပေါ့”ဟု ဆရာတော်က
မိန့်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*