အရပ်သားတွေကိုအကာအကွယ်ပေးရေးလုပ်ဆောင်မည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဆို

အရပ်သားတွေကိုအကာအကွယ်ပေးရေးလုပ်ဆောင်မည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဆို
November 16, 2017 Asian Fame

11:23 am
အရပ်သားတွေကိုအကာအကွယ်ပေးရေးလုပ်ဆောင်မည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဆို

ပလက်ဝ ၊ နိုဝင်ဘာ ၁၆

AA လက်နက်ကိုင်အဖွဲ့နဲ့တိုက်ခိုက်နေရတာကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို စားဝတ်နေရေးကူညီပြီး အရပ်သားများအကာကွယ်ပေးရေးလုပ်ဆောင်သွားမယ်လို့ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ချင်းပြည်နယ်အခြေစိုက် ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်ပါတယ်။

ချင်းအမျိုးသားတပ်ဦး ရဲ့ တွဲဖက်အတွင်းရေးမှူး-၁ ဒေါက်တာရွှေခါးရ် က” ကာကွယ်သွားမယ်ဆိုတာကတော့ အားလုံးပါပဲ ။ အကုန်ပါတာပေါ့ဗျာ။ စားဝတ်နေရေး အကုန်လုံး တက်နိုင်တဲ့နည်းနဲ့အားလုံးလုပ်သွားမှာပါ” လို့ ပေါ်ပြူလာနယူးစ်ရဲ့မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပလက်ဝမြို့နယ်ထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး ပြည်သူလူထုရဲ့လူမှုဘ၀လုံခြုံရေးနဲ့အရပ်သားတွေ အကာအကွယ်ပေးခြင်းကို ဘယ်အခြေအနေမှာမဆို မြန်မာ့တပ်မတော်နဲ့ရက္ခိုင့်တပ်မတော်တို့က အပြည့်အ၀လုပ်ဆောင်ပေးရမယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ဟာ ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ပြီး အသိပေးပြောဆိုထားပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ရဲ့ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (၈-ဂ)မှာ “ချင်းပြည်နယ်အတွင်း မြန်မာ့တပ်မတော် ၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ချင်းအမျိုးသားတပ်မတော်တို့သာနေရာချထားခွင့်ပြုရန်သဘောတူသည်” လို့ အတိအလင်းဖော်ပြထားကြောင်း ၊ ဒါကြောင့် ချင်းအမျိုးသားတပ်ဦးအနေနဲ့ ချင်းပြည်နယ်အတွင်း ရှိ ပြည်သူများလုံခြုံရေး နဲ့ အရပ်သားများအကာအကွယ်ပေးရေး အတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ကျေးရွာအချို့မှာ နိုဝင်ဘာ ၂ ရက်နေ့ ကတည်းကစတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ AAလက်နက်ကိုင်အဖွဲ့ တို့ဟာ တိုက်ပွဲတွေ ဒီကနေ့ ထိဖြစ်ပွားနေဆဲဖြစ်ပါတယ်။

AA အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦး နဲ့ အမျိုးသမီး စုစုပေါင်း ၂ ဦးသေဆုံးခဲ့ပြီဖြစ်ပြီး အမျိုးသမီး ၃ ဦး ၊ စက်လှေမောင်းတစ်ဦး တို့ဒဏ်ရာရရှိထားပြီးဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ် ရှင်းလက်ဝ ကျေးရွာမှာ စစ်ဘေးရှောင် ၃၃၄ ဦးရှိနေတယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့ ထိ နောက်ဆုံးရရှိထားတဲ့စာရင်းကို လူကယ်ပြန်ဝန်ကြီးဌာနက ပြောထားပါတယ်။

ဝန်ကြီးဌာနက ဒုညွှန်မှူး ဒေါ်ထွေးကြည်က “ကျွန်မတို့ဆီကသွားတဲ့ ထောက်ပံ့ရေးအဖွဲ့က ဒီနေ့မှ ရှင်းလက်ဝကိုရောက်မှာပါ။ သူတို့ရောက်တော့မှ ဒုက္ခသည် ထပ်တိုးလား ၊ လက်ရှိအခြေအနေ အားလုံးကိုသိရမှာပါ ။ လောလောဆယ်ထိတော့ ၃၀၀ ကျော် စာရင်းပဲ ကျွန်မတို့ရထားသေးတယ် ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒုက္ခသည်တွေကိုတစ်လစာ ဆန် ၊ ဆီ ၊ ဆား ၊ ပဲ တွေထောက်ပံ့ထားတယ်လို့ သိရပါတယ်။ AA ရဲ့ထုတ်ပြန်ချက်အရတော့ နိုဝင်ဘာ ၁၅ ရက်နေ့အထိကို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသဘက်ကိုတော့ အရပ်သားတွေ သွားလာခွင့်ပိတ်ထားတယ်လို့ Chin State Civil Society Network For Peace – Palatwa အဖွဲ့ဝင် မိုင်အောင်မဖြူက ပြောပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*