မူကြို ပညာရေးဆိုင်ရာ မဟာဗျူဟာ အစီအစဉ်များ အစိုးရ ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း အဆို ကန့်ကွက်သူများလို့ ရှုံးနိမ့်

မူကြို ပညာရေးဆိုင်ရာ မဟာဗျူဟာ အစီအစဉ်များ အစိုးရ ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း အဆို ကန့်ကွက်သူများလို့ ရှုံးနိမ့်
November 15, 2017 Asian Fame

6:00 pm
မူကြို ပညာရေးဆိုင်ရာ မဟာဗျူဟာ အစီအစဉ်များ အစိုးရ ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း အဆို ကန့်ကွက်သူများလို့ ရှုံးနိမ့်
vote(နေပြည်တော်၊နိုဝင်ဘာ ၁၅ )

ကလေးသူငယ်ပြုစုပျိုးထောင်ရေး ကိစ္စတွေနဲ့ မူကြိုပညာရေးဆိုင်ရာမဟာဗျူဟာအစီအစဉ်တွေကို အစိုးရကချမှတ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့ အဆိုဟာ ကန့်ကွက်သူများလို့ လွှတ်တော်မှာ မှတ်တမ်းအဖြစ်နဲ့ပဲ ထားလိုက်ရပါတော့တယ်။

သိန္နီ မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်း က “ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် မူကြို ပညာရေးဆိုင်ရာ မဟာဗျူဟာအစီအစဉ်များ ချမှတ်ဆောင်ရွက် ပေးပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို ဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး၊ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးခဲ့ကြပါတယ်။

အဆိုကို ထောက်ခံလိုခြင်းရှိ/မရှိ၊ကန့်ကွက်လိုခြင်းရှိ/မရှိ လွှတ်တော်ဥက္ကဌက မေးပြီး မဲခွဲဆုံးဖြတ်ရာမှာတော့ ကန့်ကွက်သူများတာကြောင့် အဆိုရှုံးနိမ့်သွားပါတယ်။

ဒီအဆိုကို NLD ပါတီဝင်တွေဖြစ်ကြတဲ့ ကျောက်တန်းမဲဆန္ဒနယ်က ဒေါ်အေးမြမြမျိုး ၊လွိုင်ကော်မဲဆန္ဒနယ်ကဒေါက်တာဒေါ်ခင်စည်သူ ၊
အုတ်တွင်းမဲဆန္ဒနယ်က ဒေါ်ချိုချို ၊ဓနုဖြူမဲဆန္ဒနယ်က ဦးတင်လှ ၊ တွံတေးမဲဆန္ဒနယ်ကဦးမြင့်လွင် ပြီးတော့ ပြည်ခိုင်ဖြိုး ပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ်က ဦးသောင်းအေး တို့က ဆွေးနွေးသွားကြပါတယ်။

ကျောက်တန်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က “ကလေးများအတွက် ဥပဒေတွေရှိလာပါပြီ ။ ရှေးဦးကလေးသူငယ်ပြုစုရေးအတွက် မဟာဗျူဟာရေးဆွဲခြင်းအစီအစဉ်တွေလည်းကြားနေကြားနေရတာကြာပါပြီ။ မူကြိုအရွယ်ကလေးတွေအတွက်ဘတ်ဂျက်ဘယ်လောက်ထည့်သုံးခဲ့ပါသလဲ။ ဆောင်ပုဒ်တွေဟာလေထဲမှာပျောက်ကွယ်ပြီး မဟာဗျူဟာတွေအကောင်အထည်ပေါ်မလာခဲ့ရခြင်းအကြောင်းတရားတွေဟာ ဘာတွေများဖြစ်ပါသလဲပြန်သုံးသပ်မှ ဖြစ်ပါမယ်။ ဒါ့အပြင်လူကြီးတွေရဲ့အတော မသတ်နိုင်တဲ့လောဘတရားတွေကြောင့် ကျွန်မတို့ကလေးတွေအတွက်နေရာပျောက်ခဲ့ရတာတွေကိုလည်း ဆင်ခြင် သုံးသပ် မှဖြစ်ပါလိမ့်မယ်” လို့ ဆွေးနွေးပါတယ်။

ဒါ့အပြင် မူကြိုကလေးတွေအတွက်အခန်းကျဉ်းလေးသာသုံးပြီး ပရိဘောဂအရောင်းဆိုင်ဖြစ်လုပ်ထားတဲ့ ကျောက်တန်းမြို့နယ်က မူကြိုကျောင်းတစ်ခု ၊ ကျောက်တန်းမြို့နယ်ထဲက မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းရုံးမှာ ဘယ်မိခင်နဲ့ဘယ်ကလေးကိုမှမစောင့်ရှောက်ဘဲ အစည်းအဝေးခန်းမအဖြစ်အသုံးပြုနေတာကိုလည်း ဒေါ်အေးမြမြမျိုးကဓါတ်ပုံနဲ့တကွထောက်ပြပြောဆိုသွားပါတယ်

ဒါကြောင့် ၃ နှစ်နဲ့ ၅ နှစ်အရွယ်ကလေးတွေအတွက် မူကြိုသင်ရိုးညွှန်းတန်းသတ်မှတ်ပေးဖို့ ၊ ဘတ်ဂျက်ပိုသုံးပေးဖို့ ၊ အရည်အသွေးပြည့်တဲ့ဆရာ/မတွေ ပံ့ပိုးပေးဖို့ ၊ မူကြိုဆရာမတွေ ရတဲ့ လစာဟာ တစ်ခြားဆရာ/မတွေထက် လစာနည်းနေတာတွေကိုပြင်ဆင်ပေးဖို့ ဒေါ်အေးမြမြမျိုးက တောင်းဆိုသွားပါတယ်။

တွံတေးမဲဆန္ဒနယ်ကိုယ်စားလှယ်ဦးမြင့်လွင် က ” မြန်မာနိုင်ငံဟာ အာဆီယံမှာ အသက် ၅ နှစ်အောက်အရွယ်ကလေးသေဆုံးမှု ထိပ်တန်း ၃ နိုင်ငံမှာပါဝင်ပါတယ်။ ဒီထဲကတစ်ဝက်လောက်ဟာ အာဟာရမပြည့်ဝမှုကြောင့်ဖြစ်တာကိုတွေ့ရပါတယ်။ ကလေးသူငယ် ၃၀၀ ကို ကျပန်းသုသေတနလုပ်လိုက်တဲ့အခါမှာ ၃၆ ရာခိုင်နှုန်းဟာ တစ်ပတ်မှာ နို့တစ်ခွက်မှမသောက်ရဘူးလို့ ဆိုပါတယ်။ ၆၃ ရာခိုင်နှုန်းကတော့ တစ်ပတ်မှာ ငါးတစ်ကြိမ်စားရတယ်လို့ဆိုပါတယ်။ ၁၅ ရာခိုင်နှုန်းကတော့သူတို့ဘ၀မှာ ငါးကိုမစားဖူးဘူးလို့ဆိုပါတယ်” လို့ ပြောပါတယ်။

ဒီလိုဖြစ်စဉ်တွေကြောင့် ၁၉၅၉ ကစလို့ အရှေ့တောင်အာရှ sea game ကျင်းပခဲ့တဲ့ ၂၈ ကြိမ်မှာ ထိုင်းက ရွှေတံဆိပ် ၁၃ ကြိမ် ၊ အင်ဒိုနီးရှားက ၁၀ ကြိမ် ၊ မြန်မာက ၂ ကြိမ်ပဲရခဲ့ကြောင်း ကျန်တဲ့ဘောလုံးအသင်းတွေနဲ့ယှဉ်ရင် မြန်မာအသင်းဘောလုံးသမားတွေဟာ တစ်ခြားအသင်းတွေထက် ခန္ဒာကိုယ်သေးကြောင်း အသဲအသန်မချိမဆန့် ကြိုးစားရကြောင်း creation အားနည်းပြီး ဟိုလူနဲ့ထိ ဒီလူနဲ့ထိပြီး ၀င်သွားတာများကြောင်း ၊ ဒါကြောင့်လူသားအရင်းအမြစ်ဟာ အရေးကြီးကြောင်း သူကထပ်လောင်းဆိုပါတယ်။

အဆိုရှင်ရဲ့ အဆို ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေနဲ့ပတ်သတ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပညာရေးဝန်ကြီးဌာနရဲ့ဖြေဆိုမှုနဲ့ ပေါင်းစည်းပြီး ပြန်လည်ဆွေးနွေးရာမှာ တင်သွင်းတဲ့အဆိုဟာ မှန်ကန်သင့်မြတ်ကြောင်း ၊ ၀န်ကြီးဌာနအနေနဲ့ မူကြိုကလေးတွေရဲ့သင်ရိုးညွှန်းတန်းကို ကိုယ်စားလှယ်များဆွေးနွေးသကဲ့သို့ လိုအပ်ချက်များနဲ့ကိုက်ညီအောင်ရေးဆွဲဆောင်ရွက်နေကြောင်း ၊ မဟာဗျူဟာ ၁၀ ရပ်ချမှတ်ဆောင်ရွက်နေကြောင်း ၊ ထောက်ပံ့မှုတွေကိုတိုးမြှင့်နေကြောင်း ၊ ပြီးတော့ ဥပဒေနည်းဥပဒေကြေညာချက်တွေ အသက်ဝင်အောင် ကြိုးစားဆောင်ရွက်နေတာကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာထားပေးဖို့ တောင်းဆိုသွားပါတယ်။

ဒါနဲ့ပတ်သတ်လို့ အဆိုရှင်ဖြစ်သူ ဥိးစိုင်းဦးခမ်း က အဆိုတင်ရတဲ့ရည်ရွယ်ချက်ကိုပြောကြားရာ သူဟာ ဆယ်နှစ်လောက် ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက်မှုကိုလုပ်ခဲ့ရာမှာ ကျောင်းလာအပ်ရာမှာ စနစ်တကျပြုစုလေ့ကျင့်ပျိုးထောင်တဲ့ကလေးတွေကပထမအဆင့် ၊ နေ့ကလေးထိန်းကျောင်းသာသာလောက်သာရှိတဲ့ကလေးတွေက အလယ်လတ်တန်း ၊ ၅ နှစ်ပြည့်လို့ကျောင်းလာတက်တဲ့ကလေးတွေက နောက်ဆုံးတန်း စသဖြင့် အရည်အချင်းမတူညီတာတွေကိုတွေ့ရကြောင်း ဒါကြောင့် အဆိုကို အတည်ပြုပေးဖို့ လွှတ်တော်ဥက္ကဌထံတောင်းဆိုပါတယ်။

နောက်ဆုံး အဆိုကို စက်ခလုတ်နှိပ်ပြီးမဲခွဲဆုံးဖြတ်ရာမှာ အဆိုကိုအတည်ပြုပေးဖို့ထောက်ခံတဲ့မဲက ၁၇၃ မဲ ၊ ကန့်ကွက်တဲ့မဲက ၂၁၉ မဲနဲ့ ကြားနေက ၂ မဲ ရရှိခဲ့ပါတယ်။
ကန့်ကွက်မဲများတာကြောင့် ဦးစိုင်းဦးခမ်းရဲ့ အဆိုဟာ ရှုံးနိမ့်ပြီး မှတ်တမ်းအဖြစ်တာ တင်ခံလိုက်ရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*