တောင်တက်တောင်ဆင်းမှာ အမောဖောက်နေတဲ့ နန်းယွန်းမြို့ရဲ့ ပညာရေး

တောင်တက်တောင်ဆင်းမှာ အမောဖောက်နေတဲ့ နန်းယွန်းမြို့ရဲ့ ပညာရေး
November 14, 2017 Asian Fame

2:33 pm
တောင်တက်တောင်ဆင်းမှာ အမောဖောက်နေတဲ့ နန်းယွန်းမြို့ရဲ့ ပညာရေး

Nan(နန်းယွန်း ၊ နိုဝင်ဘာ ၁၄)

နန်းယွန်းမြို့နယ်ထဲက ကျေးရွာတွေမှာ ကျောင်းဆရာမ နဲ့ကျောင်းသုံးစာအုပ်လိုအပ်ချက်တွေ များစွာရှိနေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နန်းယွန်းမြို့နယ်ထဲမှာ စာသင်ကျောင်း ၁၁၇ ကျောင်းနဲ့ ကျောင်းဆရာ/မ စုစုပေါင်း ၆၀၀ ကျော်လောက်ရှိပါတယ်။

နန်းယွန်းမြို့နယ်ထဲမှာ ပန်ဆောင်နဲ့ဒုံဟီးဆိုပြီး မြို့နယ်ခွဲ ၂ ခုရှိပါတယ်။ ဒုံဟီးမြို့နယ်ကတော့ နန်းယွန်း-လဟယ် လမ်းပေါ်မှာတည်ရှိတာဖြစ်ပြီး ပန်ဆောင်မြို့နယ်ကတော့ အိန္ဒိယနယ်စပ်နားမှာတည်ရှိတာဖြစ်ပါတယ်။

ဒီဒေသတွေကိုတာဝန်ကျတဲ့ကျောင်းဆရာ/မတွေထဲမှာ အလွန်ဝေးလံခေါင်သီတဲ့ကျေးရွာတွေကိုရောက်ရှိတဲ့ ကျောင်းဆရာ/မတွေဟာ ကျေးရွာကိုရောက်ရှိတဲ့နေ့မှာပဲ အလုပ်ကနေ နှုတ်ထွက်သွားမှုတွေရှိခဲ့တယ်လို့ နန်းယွန်းမြို့နယ် ပညာရေးမှူးရုံးကနေသိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကပဲ ဒုံဟီးမြို့နယ်ထဲက ကျေးရွာ တစ်ခုကို တာဝန်ကျတဲ့ ကျောင်းဆရာ/မ ၆ ဦးလောက်ဟာ တာဝန်ကျတဲ့ကျေးရွာကိုရောက်ရှိပြီး အလုပ်ကနေ နှုတ်ထွက်ကာ ပြန်သွားခဲ့ကြပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း နန်းယွန်းမြို့နယ်ထဲက ကျောင်းတွေအားလုံးနီးပါးမှာ ကျောင်းဆရာ/မ လိုအပ်ချက်အခက်အခဲနဲ့ ကျောင်းသုံးစာအုပ်လိုအပ်ချက်အခက်အခဲတွေ ရှိနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဆရာ/မ တွေက ပြောကြပါတယ်။

ပန်ဆောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်းသူက “ကျွန်တော့်မြို့နယ်ထဲက ကျေးရွာတိုင်းမှာတော့ကျောင်းရှိတယ်။ တစ်ချို့ရွာဆိုရင် ၂ ကျောင်းရှိတယ်။ ဒါပေမဲ့ ကျောင်းတိုင်းမှာ ဆရာ/မ လိုအပ်ချက်ရှိတယ်။

ဒီကနေပြောင်းမိန့်ကျပြီးပြောင်းသွားတာ ၅ ဦးဆိုရင် ပြန်ရောက်လာတာ ၃ ဦးလောက်ပဲရှိတယ်။ နောင်ယန်းရွာမှာဆိုလည်း မူအုပ်နဲ့ အလယ်တန်းပြဆရာတွေလိုအပ်နေတယ်။ ဒါကိုလည်း ကျွန်တော် တင်ပြထားတယ်။ ဒါပေမဲ့ခုထိတော့မထူးသေးဘူး။ ဒီဘက်တွေကြတော့ ခေါင်တဲ့အတွက် အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးကအရမ်းခက်ခဲတော့ တာဝန်ထမ်းဆောင်ဖို့မလာချင်ကြဘူး။ ရတဲ့လစာနဲ့က လမ်းစရိတ်ကုန်တာနဲ့က မမျှဘူး” လို့ ဆိုပါတယ်။

Pansaungပန်ဆောင်မြို့မှာ နှစ်စဉ်ဆယ်တန်းစာမေးပွဲဝင်ဖြေသူ ၁၀၀ လောက်ရှိပြီး နှစ်စဉ် ၁၀ ဦးလောက်အောင်မြင်ကြတယ်လို့သိရပါတယ်။

ခုနှစ်မှာ G-1 သင်ရိုးညွှန်းတန်းပြောင်းလဲလိုက်တဲ့အတွက် ကျောင်းသုံးဖတ်စာအုပ်အခက်အခဲဖြစ်နေတယ်လို့လည်း ပန်ဆောင်မြို့နယ်ထဲက နာယန်းရွာ ကို ပေါ်ပြူလာနယူးစ်ကသွားရောက်ခဲ့စဉ် ရာအိမ်မှူး ဦးနာသောင်းက ပြောပါတယ်။

“ဒီနှစ်အတွက် ကျောင်းသုံစာအုပ်ကတော့အဓိကအခက်အခဲပဲ။ ကျွန်တော်တို့မှာကျောင်း ၂ကျောင်းရှိတာ။ ကျောင်းသုံးစာအုပ်မရသေးဘူး။ အရင်နှစ်ကစာအုပ်တွေကိုလက်လွှဲပြောင်းအနေနဲ့ အသုံးပြုနေရတယ်။ ဒါပေမဲ့ သင်ရိုးညွှန်းတန်းပြောင်းသွားတဲ့အတန်းအတွက်ကတော့ စာအုပ်လုံးဝမရှိဘူး။ တော်တော်လေးခက်ခဲနေတယ်။ ဗလာစာအုပ်ဆိုလည်း ပန်ဆောင်မြို့ပေါ်ကနေ တစ်အုပ်ကို ၄၀၀ /၅၀၀ ပေးပြီးဝယ်သုံးနေရတယ်” လို့ ဦးနာသောင်းက ပြောပါတယ်။

နန်းယွန်းမြို့ကို သွားမယ်ဆိုလို့ရှိရင် ခန္ဒီး-လဟယ်- နန်းယွန်းဆိုပြီး လမ်းကြောင်းတစ်ခု ၊ တနိုင်း-ရှင်ဗွေယန် – နန်းယွန်း ဆိုပြီး လမ်းကြောင်း စုစုပေါင်း ၂ ခုရှိပါတယ်။

တနိုင်းလမ်းဟာ ရှင်ဗွေယန်အထိ ကျောက်ကြမ်းခင်းလမ်း နဲ့ ခက်ခဲတဲ့အနေအထားမှာရှိပေမယ့် ရှင်ဗွေယန်ကနေ နန်းယွန်းကိုတော့ ကျင်း၊ ချိုင့် ၊ ခဲလုံး ၊ ရွံ့ဗွက် စတဲ့အတားအဆီးတွေနဲ့ ချောင်းဖြတ်မြောင်းဖြတ် အတော်လေးခက်ခဲတဲ့အနေအထားရှိပါတယ်။ လမ်းခရီး မိုင် ၃၀ ကျော်သာရှိပေမယ့် ဒီလမ်းကို ဆိုင်ကယ်နဲ့ ၄ နာရီသာသာမောင်းရပါတယ်။ သယ်ယူပို့ဆောင်ရေးအနေနဲ့ကြည့်ရင်လည်း 4 wheel ဖြစ်တဲ့ ပါဂျဲရိုးကား ၊ နဲ့ သရီးကရောင်း ကားများသာ ရံဖန်ရံခါသွားလာကြပါတယ်။ တောင်တက်၊တောင်ဆင်းလမ်းအကြမ်းဖြစ်တဲ့အပြင်အချို့နေရာတွေမှာ ဗွက်တောတွေဖြတ်ရတဲ့အတွက် အဆိုပါကားတွေကို ငှားရမ်းခစရိတ်ဟာလည်း များပြားလှပါတယ်။ ဆိုင်ကယ်ကယ်ရီခတင်ပဲ လူတစ်ဦးကို ရှင်ဗွေယန်ကနေ နန်းယွန်းကို အနည်းဆုံး၃၀၀၀၀ ရှိပါတယ်။

နန်းယွန်းကနေ ဒုံဟီး-လဟယ်လမ်းပိုင်းဆိုရင်ပိုမိုခက်ခဲလွန်းပြီးတောင်တက်တောင်ဆင်းပိုမိုများပြားမက်စောက်ပါတယ်။ ဒါကြောင့်ဒီလမ်းကို အသုံးပြုသူနည်းပါးပါတယ်။ ဆိုင်ကယ်ကယ်ရီခလည်း နန်းယွန်းကနေ ဒုံဟီးကို အနည်းဆုံး ၄၀၀၀၀ ရှိပြီး လဟယ်အရောက်ဆိုရင်တော့ အသွားတစ်ကြောင်းတည်းကို တစ်သိန်းခွဲ ပေးရပါတယ်။ နန်းယွန်း-လဟယ် မိုင်၁၀၀ လောက်သာသာခရီးကို တစ်နေကုန်ဆိုင်ကယ်စီးရပါတယ်။ ဒါကြောင့် ဒီလမ်းကြောင်းကို အသုံးနည်းပြီး မဖြစ်မနေသွားလာရသူ များသာအသုံးပြုကြပါတယ်။ အဲ့ဒီလမ်းပိုင်းကိုတော့ မော်တော်ကားအသုံးမပြုကြသလောက်ကိုနည်းပါးပါတယ်။

streetနန်းယွန်းကနေ ပန်ဆောင်မြို့ကိုဆိုရင် မိုင် ၃၂ မိုင်သာရှိပေမယ့် ဆိုင်ကယ်ကယ်ရီ ၄နာရီကျော် မောင်းနှင်ရပါတယ်။ ရှင်ဗွေယန်-နန်းယွန်းလမ်းထက်ပိုမိုကြမ်းတမ်းပြီး အတက်အဆင်းလည်းပိုမိုမက်စောက်ပါတယ်။

ဆိုင်ကယ်ကယ်ရီခကတော့ အနည်းဆုံး ၃၀၀၀၀ ပေးရပြီးဆိုင်ကယ်တစ်စီးကို လူတစ်ဦးသာ စီနင်းနိုင်ပါတယ်။

ဒီလိုလမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းတဲ့အတွက် ကြုံတွေ့ရတဲ့ ပညာရေးကဏ္ဍ အခက်အခဲတွေ ၊ စာသင်ကျောင်းတွေမှာ ဖြစ်ပေါ်နေတဲ့ကျောင်းသုံးစာအုပ်နဲ့ကျောင်းဆရာ/မလိုအပ်ချက်အခြေအနေတွေနဲ့ပတ်သတ်ပြီး နန်းယွန်းမြို့နယ်ပညာရေးမှူး ဦးစောခင်းစလေ က ပေါ်ပြူလာနယူးစ်ကိုအခုလိုပဲပြောပါတယ်။

“အဓိကကတော့ သယ်ယူရတာအဆင်မပြေလို့။ ကျောင်းသုံးစာအုပ်တွေကို ဧပြီလအရောက်သယ်ဖို့ ကျွန်တော်တို့ကို နိုင်ငံတော်က ညွှန်ကြားတယ်။ အဲ့ဒါနဲ့ကျွန်တော် ခန္တီးကနေ သယ်တယ်။ပထမအသုတ်ကို ။ အဲ့ဒါကတော့ ရောက်ပြီးဝေပေးပြီးပြီ။

ဒါပေမဲ့နောက်တစ်သုတ်သယ်မယ်လည်းလုပ်ရော ခန္ဒီးလမ်းက ရာသီဥတုကြောင့်ကားသွားလို့မရတော့ဘူး။ အဲ့ဒါနဲ့ကျွန်တော် ခန္ဒီးကနေ- မုံရွာ-တနိုင်း- ရှင်ဗွေယန် – နန်းယွန်းလမ်းအတိုင်း လူစီးကား ဂျိမ်းဖောရွှေမြေနဲ့တင်တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ရာသီဥတုကြောင့် ကားသွားလို့မရတာနဲ့ ကားနဲ့တင်လို့မရတော့ဘူး။ စာအုပ်က ဝေတော့ဝေထားပြီးပြီ။ အားလုံးမရောက်သေးတာပဲရှိတာပါ။ ဒါကြောင့် လက်ဆင့်ကမ်းအသုံးပြုနိုင်ဖို့ကို လုပ်ပေးထားတယ်။ grade-1 တစ်ခုပဲ သင်ရိုးပြောင်းတဲ့အတွက် အခက်အခဲရှိတယ်။

စာအုပ်ကိုလည်းတစ်ကျောင်းကိုအနည်းဆုံး ၂စုံရဖို့အတွက် ဖြန့်ဝေထားလိုက်တယ်။ လက်ရှိလည်း ကားနဲ့သွားလို့မရတဲ့အတွက် ဆိုင်ကယ်နဲ့သယ်နိုင်ဖို့ လုပ်နေပါတယ် ။ စာအုပ်ထုတ်တစ်ထုတ်ကို မုံရွာကနေ ရှင်ဗွေယန်အထိကို တစ်သောင်းပေးရတယ်။ ရှင်ဗွေယန်ကနေ ဒီကိုကျတော့ သုံးသောင်းဖြစ်သွားတယ်။ ဒီသယ်ယူစရိတ်တွေကလည်းကျွန်တော်တို့မတက်နိုင်ကြဘူး ” လို့ ဦးစောခင်းစလေက ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသုံစာအုပ်ဖြစ်တဲ့အတွက် မိုးရွာရင်ရေစိုတဲ့ပြဿနာလည်းကြုံတွေ့ရတယ်လို့ သူကထပ်လောင်းဆိုပါတယ်။

နန်းယွန်းမြို့ကိုဆက်သွယ်ထားတဲ့လမ်းပိုင်း ၂ ခုလုံးမှာ ရာသီဥတုဆိုးဝါးတဲ့အချိန်ကြရင် ကားတွေ နွံနစ်တာ လမ်းချော်တာတွေရှိတဲ့အတွက် ဘတ်ဟိုး၊ ဆင် အသုံးပြုပြီးလမ်းရှင်းရတာတွေလည်းရှိတယ်လို့
နန်းယွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေသိရပါတယ်။

ဦးစောခင်းစလေက “ကျောင်းသုံးစာအုပ်သယ်ဖို့ကလည်း ကျွန်တော်တို့ကားတစ်စီးဌားရင် ၁၅သိန်းနဲ့ ၂၀ ကြား ပေးရတယ်။ ဒီတော့ အဲ့ဒါတွေကလည်းအခက်အခဲအဖြစ်ရှိနေပါတယ်။ ပြောရရင်တော့ ကျွန်တော်တို့ ရတဲ့လစာနဲ့ကအဲ့လောက်ပမာဏကိုလည်းစိုက်ထုတ်နိုင်ခြင်းမရှိဘူး။ နန်းယွန်းမှာတင် အရင် ၂၄ နာရီမီးမရတုန်းက မိတ္တူတစ်စောင်ဆွဲရင် ၄၀၀ ပေးခဲ့ရဖူးတယ်။ အခု ၂၄ နာရီမီးရတာတောင်တစ်စောင် ၁၀၀ ပေးရတုန်းပဲ” လို့ ပြောပါတယ်။

နန်းယွန်းမြို့နယ်မှာဆိုရင် မိုးရာသီနဲ့ဆောင်းရာသီသာရှိပြီးနွေရာသီမရှိပါဘူး။ ဆောင်းတွင်းဆိုရင်လည်း အောက်တိုဘာမှာ မိုးရွာရက် ၁၀ ရက်ရှိပြီး နိုဝင်ဘာမှာ မိုးရွာရက် ၅ ရက်ရှိပါတယ်။ မတ်လနဲ့ ဖေဖော်ဝါရီလတွေကတော့ လမ်းပန်းသွားလာလို့အကောင်းဆုံးအချိန်တွေဖြစ်ပါတယ်။

ဒီလိုမိုးရွာတဲ့ရက်တွေဆိုရင် နန်းယွန်းမြို့ဟာ သီးသန့်တောင်ကြားထဲမှာတည်ရှိနေတဲ့မြို့တစ်မြို့နဲ့တူပြီး လမ်းခရီးမှာ အန္တရာယ်များလွန်းတာကြောင့် ရှင်ဗွေယန် / လဟယ် စတဲ့မြို့တွေကနေ လာရောက်ခြင်း သယ်ယူပို့ဆောင်ခြင်း ၊ ခရီးသွားလာခြင်းတွေ လုံးဝမပြုလုပ်ကြပါဘူး။ မဖြစ်မနေသွားရမယ်ဆိုရင်လည်း ဆိုင်ကယ်ကယ်ရီခကို ပုံမှန်ဈေးထက် ၂ ဆ / ၃ ဆပေးပြီးမှသာသွားလာနိုင်ကြပါတယ်။

Pansang1“ကျောင်းဆရာ/မ ကိစ္စကလည်း ဒီဘက်အပိုင်းကို လျှောက်တဲ့သူကိုမရှိတာ။ဒုံဟီးဘက်မှာ ထိပ်ပါ ဆိုတဲ့ကျောင်းတစ်ကျောင်းရှိတယ်။ အဲ့ကျောင်းက ဒီလမ်းမကြီးကနေ တစ်ရက်လောက်ကြာအောင် လမ်းလျှောက်ရတယ်။ အဲ့လိုရွာတွေလည်းရှိတယ်။
ကျောင်းဆရာ/မတွေအနေနဲ့လည်း ကိုယ့်ဒေသကို ကိုယ်တစ်နှစ်တစ်ခေါက်ပြန်ဖို့တောင်မလွယ်ကြဘူး။ ရတဲ့လစာက ခရီးတစ်ခေါက်ထွက်ဖို့တောင်မလောက်ငှကြဘူး ။ ဒီတော့ အဓိက အခက်အခဲဖြစ်ကြတာ ကျောင်းဆရာ/မတွေ ” လို့ ဦးစောခင်းစလေက ထပ်လောင်းဆိုပါတယ်။

ဒါ့အပြင် စားသောက်စရာဆန်အခက်အခဲဖြစ်တဲ့ ဧပြီ ၊ မေ ၊ ဇွန် ၊ ဇူလှိုင် ၊ သြဂုတ် စတဲ့လတွေကြရင် လည်း အဓိက အခက်အခဲကြုံရတာ ကျောင်းဆရာ/မ တွေသာဖြစ်တယ်လို့သိရပါတယ်။

“ဒုံဟီးဘက်မှာဆိုရင် ဆန်းအစားထိုးစားတဲ့ခွေးမြှီးဆန်ဆိုတာရှိတယ်။ ပြီးတော့ ပိန်းဥ ၊ပြောင်းဖူး ၊ စတာတွေ ဆန်မရှိရင်စားကြတယ်။ ကျောင်းဆရာ/မတွေကြတော့ မြေပြန့်ဘက်ကလာတဲ့အတွက် ဒါတွေ မစားနိုင်ကြဘူး။ ၀ယ်စားဖို့လည်း ဆန်ကမရှိဘူး။
ရှိတဲ့သူတွေကလည်းမရောင်းကြဘူး။ဒုံဟီးဘက်က ကျောင်းဆရာ/မ ၆ ဦးလောက်တစ်ခါတည်းအလုပ်ကထွက်သွားတယ်ဆိုတာ အဲ့လိုပဲ။ ဒီနေ့မှရောက်တယ် အဲ့ဒီမှာရှိတဲ့နေထိုင်စားသောက်ရမယ့်ပုံစံကိုကြည့်ပြီးမလုပ်နိင်ဘူးဆိုပြီးတစ်ခါတည်းအလုပ်ကထွက်သွားတယ် ” လို့ နန်းယွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယင်းကဲ့သို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းတာကြောင့် မွေးရပ်မြေကို မရောက်ဖြစ်တာ ၁နှစ်ခွဲရှိပြီလို့ နန်းယွန်း- ပန်ဆောင်လမ်းပေါ်က လောက်လိုင်ဆိုတဲ့ကျေးရွာနေ မူလတန်းပြကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“ဘယ်ပြန်နိုင်မလဲ။ ပန်ဆောင်ကနေ နန်းယွန်းကို လမ်းကောင်းတဲ့အချိန် ကယ်ရီခ ၃၀၀၀၀ ၊ နန်းယွန်းကနေ ရှင်ဗွေယန်ကို ၃၀၀၀၀ ၊ ဒါ ခရီးရဲ့ သုံးပုံ တစ်ပုံတောင်မပြီးသေးဘူး။ အသွားချည်းပဲ လစာကုန်နေပြီ။ အသွားအပြန်ဆို အနည်းဆုံး ၃လစာပဲ။ ဖုန်းနဲ့တော့ အိမ်ကိုအဆက်သွယ်ရှိပါတယ်။ ကယ်ရီကလည်းတစ်ယောက်တည်းစီးရတော့ ဒီဘက်လမ်းတွေက ကယ်ရီက ယောကျာ်းလေးတွေမောင်းတာချည်းပဲလေ။ လမ်းတစ်လျှောက်ကလည်းတောလမ်းပဲ။ တစ်ယောက်တည်းစီးဖို့ကြတော့လည်း မစီးရဲဘူး ။ အဖော်ပါမှ ၂ စီးငှားတယ်ဆိုတာမျိုးမှပဲ စိတ်ချလက်ချစီးရဲတယ်” လို့ အဆိုပါမူလတန်းပြကျောင်းဆရာမက ဆိုပါတယ်။

ဒီလိုအခက်အခဲတွေ အကြောင်းအရာမျိုးစုံတွေရှိပေမယ့် နန်းယွန်းမြို့နယ်ရဲ့ တက္ကသိုလ်ဝန်ထမ်းအောင်ချက်ကတော့ နှစ်စဉ်မြှင့်တက်နေတယ်လို့ ပညာရေးမှူးရုံးကနေသိရပါတယ်။

“ပြီးခဲ့တဲ့နှစ်ကလည်း တစ်မြို့နယ်လုံးကို ဖြေသူ ၃၀၀ အတိရှိတယ်။ အောင်ချက်လည်း ဟိုးအရင်နှစ်တွေကထက် တက်တယ်။ ခုနှစ်လည်းတက်ဖို့ ကြိုးစားနေကြပါတယ်” လို့ နန်းယွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ပြောပါတယ်။
ဒီလိုအခြေအနေတွေအားလုံးထဲမှာ အခက်အခဲတွေကိုသိရှိဖို့ကတော့ နန်းယွန်းမြို့ကိုလာရောက်စေချင်တယ်လို့ ပညာရေးမှူး ဦးစောခင်းစလေက ဆိုပါတယ်။

“တစ်ကယ်လာကြည့်ပါ။ ကျွန်တော်တို့ဒေသကို ။ ပြီးတော့ ကျောင်းဆရာ/မတွေ ကြုံတွေ့ရတဲ့အခက်အခဲကိုလာကြည့်ပါ။ လမ်းမကောင်းဘူးဆိုတာ ဘယ်လိုမကောင်းတာလည်းဆိုတာ လာဖူးတဲ့သူမှလည်းသိမှာပါ” လို့ ဦးစောခင်းစလေက ပြောပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*