နာဂလူမျိုးတွေရဲ့ယဉ်ကျေးမှု နဲ့ ၀တ်စားဆင်မှုတွေ ကိုတွေ့မြင်ရမယ့် အာဟေးပွဲတော်

နာဂလူမျိုးတွေရဲ့ယဉ်ကျေးမှု နဲ့ ၀တ်စားဆင်မှုတွေ ကိုတွေ့မြင်ရမယ့် အာဟေးပွဲတော်
November 10, 2017 Asian Fame

2:12 pm
နာဂလူမျိုးတွေရဲ့ယဉ်ကျေးမှု နဲ့ ၀တ်စားဆင်မှုတွေ ကိုတွေ့မြင်ရမယ့် အာဟေးပွဲတော်

1(နန်းယွန်း ၊ နိုဝင်ဘာ ၁၁)

နာဂလူမျိုးတွေရဲ့ ရိုးရာ ပွဲတော်ဖြစ်တဲ့ အာဟေးပွဲတော် ကို လာမယ့် ၂၀၁၈ ခုနှစ် ၁ လပိုင်း ၁၅ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။

ဒီအာဟေးပွဲတော်ဟာဆိုရင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့နယ် ၃ ခုဖြစ်တဲ့ လေရှီး ၊ လဟယ် ၊ နန်းယွန်းမြို့နယ် တို့မှာ အလှည့်ကျကျင်းပတာဖြစ်ပြီး ဒီနှစ်အတွက်တော့ နန်းယွန်းမြို့နယ်မှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။

ပွဲတော်ကျင်းပမယ့်ရက်ကို ၅ ရက်သတ်မှတ်ထားပြီး ဒီပွဲတော်မှာ နာဂလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတန်း ၀တ်စားဆင်ယင်မှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီပွဲတော်ကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့နယ်အားလုံးနဲ့ ကျေးရွာ အသီးသီးက နာဂတိုင်းရင်းသားတွေ တက်ရောက်မှာဖြစ်ပါတယ်။
နာဂယဉ်ကျေးမှု ၀တ်စားဆင်ထုံးဖွဲ့မှုပုံစံတွေဟာဆိုရင် အခုဆိုရင် တိမ်မြုပ်ပျောက်ကွယ်စပြုနေပြီဖြစ်ပါတယ်။

လက်ရှိ နန်းယွန်းမြို့နယ်ထဲက ဒုံဟီးမြို့နယ်ထဲက ကျေးရွာအချို့နဲ့ နန်းယွန်းမြို့နယ်ထဲကကျေးရွာအချို့ ၊ လေရှီးမြို့နယ်ထဲကကျေးရွာအချို့မှာသာ နာဂရိုးရာဝတ်စားဆင်မှုကိုမြင်တွေ့ရတော့မှာဖြစ်တယ်လို့နာဂတိုင်းရင်းသားခေါင်းဆောင်တွေကဆိုကြပါတယ်။

2နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) မှာ သာသနာရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဦးကျော်ဝမ်းစိန် က “နာဂလူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှုပုံစံ ၊ ၀တ်စုံတွေ ဒါတွေကတော့ နောက်ပိုင်းမှာ ကျန်ရှိနိုင်သေးပေမယ့် နာဂ လူမျိုးတွေရဲ့ နေထိုင်စားသောက်မှုပုံစံ ရှင်သန်မှု ဥပမာ ၀တ်စုံဝတ်ပြီးနေထိုင်နေတဲ့ နာဂပုံစံမျိုးတွေကတော့ နောက်ပိုင်းမှာတွေ့မြင်နိုင်ဖို့ ခဲယဉ်းသွားပြီ။ ဒါကတော့ ခေတ်မှီတိုးတက်လာတာနဲ့အမျှ ဒီလိုရိုးရာကတော့ ပျောက်သွားနိုင်တာပေါ့နော်။ဒါကလည်းတားလို့မရတဲ့ ကိစ္စဖြစ်နေတယ် ” လို့ဆိုပါတယ်။

ဒီနာဂရိုးရာပွဲတော် အာဟေးပွဲမှာတော့ ဒီလို ၀တ်စားဆင်ယင်မှုပုံစံနဲ့ နေထိုင်မှုပုံစံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီပွဲတော်ကို လာရောက်သူတွေအနေနဲ့ မုံရွာ – ခန္ဒီး – လဟယ် -နန်းယွန်း လမ်းအတိုင်းသွား မလား ၊ မန္တလေး – မိုးကောင်း- တနိုင်း – ရှင်ဗွေယန်- နန်းယွန်း လမ်းအတိုင်းသွားမလား လမ်း ၂ခုရှိနေပါတယ်။လက်ရှိအနေအထားအရတော့ လဟယ် – နန်းယွန်းလမ်းဟာ ဆိုးဝါးလွန်းတဲ့အနေအထား တောင်ဆင်းတောင်တက်တွေများပြီး လမ်းခရီးခက်ခဲလွန်းပါတယ်။

တနိုင်း- ရှင်ဗွေယန်- နန်းယွန်းလမ်းပိုင်းဟာလည်း ခက်ခဲကြမ်းတမ်းလွန်းပေမယ့် လဟယ်လမ်းပိုင်းထက် ပိုမိုပြေပြစ်တာကြောင့်အများစုကတော့ ဒီလမ်းပိုင်းကိုပဲ အသုံများကြပါတယ်။

လက်ရှိ နန်းယွန်းမှာ တစ်မြို့နယ်လုံးအနေနဲ့ တည်းခိုခန်းတစ်ခုသာရှိပြီး ဖုန်းလိုင်းလည်း CDMA 450 သာ လိုင်းမိပါတယ်။ ရံဖန်ရံခါမှာ ဘယ်ဖုန်းလိုင်းမှ မမိတာမျိုးလည်းရှိနေပါတယ်။

ရဲလွင်

ပုံစာ – နာဂတိုင်းရင်းသားတစ်ဦးနှင့် နန်းယွန်းမြို့ရှိ နာဂရိုးရာပွဲတော်(အာဟေးပွဲ)ကျင်းပမည့် မြေနေရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*