တစ်နှစ်လုံးနေလို့ အမှုတစ်မှုမှ မဖြစ်တဲ့မြို့

တစ်နှစ်လုံးနေလို့ အမှုတစ်မှုမှ မဖြစ်တဲ့မြို့
November 9, 2017 Asian Fame

4:14 pm
တစ်နှစ်လုံးနေလို့ အမှုတစ်မှုမှ မဖြစ်တဲ့မြို့

NanYoon(နန်းယွန်း ၊ နိုဝင်ဘာ ၉)

လူသတ်မှု၊ မှုဒိန်းမှု၊ လုယက်မှု အစရှိတဲ့ အမှုတွေ ဘယ်ဒေသမှာ ဘယ်လောက်ဖြစ်တယ်ဆိုတာတွေကို ကိန်းဂဏန်းအချက်အလက်တွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အမှုစာရင်းစာရွက်ကို စာဖတ်သူတွေ ဖတ်ဖူးကြမယ်လို့ ထင်ပါတယ်။

မဖတ်ဖူးဘူးဆိုရင်လည်းပဲ မှုခင်းသတင်းတွေကိုတော့ ကျိန်းသေဖတ်ဖူးကြမှာပါ။

နိုင်ငံက နေရာစုံမှာ ရက်စက်တဲ့လူသတ်မှုတွေအပါအ၀င် ကြားလို့မှမသင့်တဲ့ မှုဒိန်းမှု ယုတ်စွအဆုံး ခိုးမှု မရှိတဲ့ ဒေသဆိုတာ မရှိသလောက်ရှားပါတယ်။

အဲဒီရှားတဲ့ အထဲက လူသေမှုက လွဲလို့ အမှုလုံးဝမရှိတဲ့ (အချို့သောအမှုသေးလေးတွေကို တော့ အမှုမလုပ်တော့ဘဲ ဒေသရိုးရာအတိုင်းဖြေရှင်းကြတာတွေတော့ ရှိကြပါတယ်)မြို့အချို့ကို ကောက်နုတ်ဖော်ပြလိုပါတယ်။

အဲဒီနေရာကတော့ နန်းယွန်းမြို့နယ်၊ပန်ဆောင်မြို့နယ်တို့ပဲ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ထဲပါတဲ့ မြို့တွေပါ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တွေလို့ လည်း ပြောလို့ရပါတယ်။

နန်းယွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က “ကျွန်တော်တို့ဆီမှာမပျောက်ဘူး။ ဆိုင်ကယ်တွေ ဒီအတိုင်း သော့တန်းလန်းနဲ့ထား ဘာမှမဖြစ်ဘူး။ ကျွန်တော်ဒီရောက်ပြီး ကာလတစ်လျှောက်မှာ ခိုးမှု တွေ လူသတ်မှုတွေတစ်ခါမှမကြုံဖူးဘူး။ ဆိုင်ကယ်မှောက်လို့သေတာမျိုး သေမှုသေခင်းဖြစ်တဲ့ကိစ္စတွေပဲရှိတယ် ” လို့ Popular News ကို ပြောပါတယ်။

အလားတူ ပန်ဆောင်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း မှုခင်းတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ပန်ဆောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူက ဆိုပါတယ်။

ပန်ဆောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူက ” နာဂရိုးရာပုံစံအရ ကျွန်တော်သိရသလောက်ပြောရရင် သူတို့က တစ်ကယ်လို့ ဥပမာပေါ့နော် ဖုန်းတစ်လုံးခိုးလိုက်တယ်၊ တစ်ကယ်လို့မိရင် နွားတစ်ကောင် ၊ ကျွဲတစ်ကောင် အဲ့လိုပြန်လျော်ရတာ။ ဒီတော့ ဖုန်းတစ်လုံးတန်ဖိုးက ၁ သိန်းခွဲဆို နွားတစ်ကောင်တန်ဖိုးက ၆ သိန်းလောက်ရှိတယ်။ ဒီတော့မခိုးတော့ဘူး” လို့ သူ့အမြင်ကိုပြောပြပါတယ်။

ပန်ဆောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ မပြောင်းလာခင်ကလက်ထက်တုန်းကတော့ ပန်ဆောင်မှာ လူအရိုးစုတစ်ခုတွေ့တဲ့ကိစ္စတစ်ခု ဖြစ်ခဲ့ပြီး၊ယင်းကိုဒေသခံအချို့က အသတ်ခံရတာလို့ စွပ်စွဲပြောဆိုကြတာမျိုးရှိခဲ့ဖူးပါတယ်။

ယင်းအပေါ် ၎င်းက ”အရိုးပဲကျန်တော့တဲ့အခါကျတော့ သတ်ခံရတာလား၊ သူ့ဟာသူသေနေတာလားခန့်မှန်းလို့မရတော့ဘူး။ အများစုကတော့ အသတ်ခံရတယ်လို့ သုံးသပ်ကြတယ်။ ဒါပေမဲ့ ဒီကိစ္စကလည်း ထပ်ပြီးစုံစမ်းလို့မရတော့ဘူး။ တွေ့တာမှ အရိုးစုဖြစ်တဲ့အခါမှတွေ့တယ်ဆိုတော့လေ။နောက်ပိုင်းတော့ အမှုအခင်းတစ်ခုမှကိုမရှိတော့ဘူး” လို့ သူကဆိုပါတယ်။

ပန်ဆောင်မြို့ပေါ်မှာဆိုရင် ရဲစခန်းတစ်ခုရှိသလို နန်းယွန်းမြို့ပေါ်မှာဆိုရင်လည်း ရဲစခန်းတစ်ခုရှိပါတယ်။တရားရုံးတွေ မြို့နယ်တိုင်းမှာရှိပေမယ့် အမှုစစ်ဆေးရတယ်ကိစ္စရယ်လို့မရှိဘူးလို့လည်းကြားသိရပါတယ်။

ဒါကလည်း ဒီမြို့နယ်တွေမှာ ဒေသခံ တိုင်းရင်းသားတွေသာ ရှိနေတာကြောင့်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကဆိုကြပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*