ရေအတိမ်အနက် မသိသည့် အတွက် စက်စဲကမ်းခြေမှာ သားအဖနှစ်ဦး ရေနစ်ပျောက်ဆုံးနေဆဲ

ရေအတိမ်အနက် မသိသည့် အတွက် စက်စဲကမ်းခြေမှာ သားအဖနှစ်ဦး ရေနစ်ပျောက်ဆုံးနေဆဲ
November 6, 2017 Asian Fame

2:05 pm
ရေအတိမ်အနက် မသိသည့် အတွက် စက်စဲကမ်းခြေမှာ သားအဖနှစ်ဦး ရေနစ်ပျောက်ဆုံးနေဆဲ

setsel(စက်စဲ၊ နိုဝင်ဘာ ၆)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာရှိ စက်စဲကမ်းခြေမှာ နိုဝင်ဘာလ (၄) ရက်နေ့ နံနက်(၁၀) နာရီခွဲအချိန်က သားအဖနှစ်ဦး ရေနစ်သေဆုံးပြီး နိုဝင်ဘာလ (၆) ရက်နေ့အထိ အလောင်းများမတွေ့ရှိဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စက်စဲနယ်မြေရဲစခန်းမှ သတင်းရရှိသည်။

သားအဖနှစ်ဦးမှာ ဧည့်သည်ဖြစ်သည့်အတွက် ရေအတိမ်အနက်ကို မသိရှိဘဲ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စက်စဲနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဌေးက ပြောသည်။

စခန်းမှူးက “လေက အရှေ့လေတွေက တိုက်နေတဲ့အခါကျတော့ ပင်လယ်အနက်ထဲကို လေက ပါတယ်။သူတို့က ဧည့်သည်တွေဆိုတော့ မသိတဲ့အခါကျတော့ ဘောကွင်းနဲ့ ရေနက်ထဲပါသွားပြီး ဘောကွင်းလွတ်ပြီးရေနစ်သွားတယ်။လောလောဆယ်တော့ အလောင်းတွေမပေါ်သေးဘူး။ကိုကျော်ဟိုးနဲ့ သူ့သားက မောင်ကောင်းဟိန်းပါ” ဟုပြောကြားသည်။

သေဆုံးသူများမှာ အသက်(၆) နှစ်အရွယ်မောင်ကောင်းဟိန်းနှင့် ဖခင်ဖြစ်သူ ဦးကျော်ဟိုး(၄၇ နှစ်) ဖြစ်ပြီး မော်လမြိုင်မြို့၊ကျိုက်သလ္လံဘုရားလမ်းမှာနေထိုင်ကြောင်း စခန်းမှူးက ဆက်လက် ပြောကြားသည်။

ရေနစ်သေဆုံးခဲ့သည့် သားအဖနှစ်ဦး၏အလောင်းများကိုမော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့( Mawlamyine Rescue ) ၊တောင်ပေါ်လမ်းလျှောက်နားရေးကူညီမှုအသင်း၊စက်စဲနာရေးနာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာရှာဖွေကာ နိုဝင်ဘာလ (၄) ရက်နေ့မှ (၆) နေ့အထိ ရှာဖွေခဲ့သော်လည်း လက်ရှိအချိန်ထိ မတွေ့ရှိရသေးကြောင်း သိရသည်။

မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့(Mawlamyine Rescue) မှ ကိုကောင်းဆက်လင်းက “ရွာခံတွေကတော့ အကြောင်းထူးရင် ဆက်သွယ်ပေးမယ်လို့တော့ ပြောတယ်။ကျွန်တော်တို့တစ်ညလုံးလိုက်ရှာတယ်။ အကြောင်းမထူးလို့ ပြန်လာခဲ့လိုက်တယ်။သူတို့ ပျောက်ဆုံးနေတာကတော့ တစ်ရက်ကျော်ပါပြီ။ရေနစ်သေဆုံးသူတွေရဲ့ မိသားစုအားလုံးတော့ သိရှိပြီးပါပြီ။မော်လမြိုင်ကပါပဲ”ဟု ပြောကြားသည်။

စက်စဲကမ်းခြေသည် မုတ္တမ ပင်လယ်ကွေ့တွင်တည်ရှိပြီး မော်လမြိုင်မြို့တောင်ဘက် ၈၀ ကီလိုမီတာ ( ၄၉.၇၀၉၆၉၅၃၇၉ မိုင် ) ၊ကျိုက္ခမီမြို့ တောင်ဘက် ၂၄ ကီလိုမီတာ (၁၄.၉၁၂၉၀၈၆၁၄ မိုင် )၊ သံဖြူဇရပ်မြို့မှ ၁၀ ကီလိုမီတာ ( ၆.၂၁၃၇၁၁၉၂၂၄ မိုင်) ခန့် ကွာဝေးပြီး ရန်ကုန်မှ ကားဖြင့်လာလျှင် ၁၀ နာရီခန့်ကြာမြင့်ကြောင်း သိရသည်။

စက်စဲကမ်းခြေတွင် ရေအတိမ်အနက် သတိပေးချက်များမထားရှိထားခြင်းနှင့်သက်ကယ်လှေများမရှိခြင်းတို့ကြောင့် ရေနစ်သေဆုံးရခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။

Arkar Min

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*