ဘဏ္ဍာနှစ်ပြောင်းလဲကြောင်း နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော်က လက်ခံမှတ်တမ်းတင်လိုက်ပြီ

ဘဏ္ဍာနှစ်ပြောင်းလဲကြောင်း နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော်က လက်ခံမှတ်တမ်းတင်လိုက်ပြီ
October 31, 2017 Fame Asian

4:52 pm
ဘဏ္ဍာနှစ်ပြောင်းလဲကြောင်း နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော်က လက်ခံမှတ်တမ်းတင်လိုက်ပြီ

23130571_1588430384534254_1343216537704899948_n

နေပြည်တော်၊ အောက်တိုဘာ ၃၁

လက်ရှိကျင့်သုံးနေတဲ့ ဘဏ္ဍာနှစ် (ဧပြီ ၁ – မတ် ၃၁ ) ကနေ ( အောက်တိုဘာ ၁ – စက်တင်ဘာ ၃၀ ) ကိုပြောင်းလဲသတ်မှတ်ကြောင်းပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ လက်ခံပြီး မှတ်တမ်းတင်လိုက်ပြီဖြစ်ပါတယ်။

ဘဏ္ဍာနှစ်ပြောင်းလဲခြင်းကို ပြည်ထောင်စုလွှတ်တော်အနေနဲ့ မှတ်တမ်းတင်ပေးဖို့ နိုင်ငံတော်သမ္မတက စက်တင်ဘာ ၂၉ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ခဲ့တာဖြစ်ပါတယ်။ဒါကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ မှတ်တမ်းတင်ကြောင်းကြေညာခဲ့ပါတယ်။

ပုံမှန်လုပ်ရိုးလုပ်စဉ်အရဆိုရင် သမ္မတရဲ့ သ၀ဏ်လွှာကိုပြည်ထောင်စုလွှတ်တော်က တစ်ခါတည်းမှတ်တမ်းတင်လိုက်ရုံဖြစ်ပေမယ့် ဘဏ္ဍာနှစ်ပြောင်းလဲခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘော ဆန္ဒ ကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက က ဆွေးနွေးစေခဲ့ပါတယ်။

အောက်တိုဘာ ၂၃ရက် တုန်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုး၊ ဒုတိယဗိုလ်မှူးကြီးသောင်းစိန်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးသောင်းအေး (ပျော်ဘွယ်)၊ ဦးဘရှိန် (ကျောက်ဖြူ) တို့က စဉ်းစားသုံးသပ်သင့်ကြောင်း အကြံပြုဆွေးနွေးကာ ကျန်ကိုယ်စားလှယ်များကမူ ထောက်ခံ အကြုံပြုခဲ့ကြသည်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ ဘဏ္ဍာနှစ်ပြောင်းလဲခြင်းနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာစီမံဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဆွေးနွေးပြောကြားရာမှာ ဘဏ္ဍာနှစ်ပြောင်းလဲရတဲ့အဓိကအကြောင်းအရင်းကိုရှင်းလင်းပြောကြားခဲ့ပါတယ်။

ဘဏ္ဍာနှစ်ပြောင်းလဲ လိုက်တာဟာ ပွင့်လင်းရာသီအများဆုံးရရြှိုပီး တည်ဆောက်ရေးလုပ်ငန်းတွေ ၊ စိုက်ပျိုးရေးကဏ္ဍ တွေ အတွက် အကျိုးရှိစေမှာဖြစ်တယ်ကြောင်း ၊ မြန်မာနိုင်ငံကဲ့သို့ မုတ်သုန်ရာသီရှိတဲ့ ထိုင်း ၊ လာအို စတဲ့နိုင်ငံတွေမှာလည်း အခုလိုပဲ ဘဏ္ဍာနှစ်ကို (အောက်တိုဘာ ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ) သတ်မှတ်ကြောင်း ဒုဝန်ကြီးကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကိုကြည့်ရင် ငွေလုံးငွေရင်းအသုံးစရိတ်မှာ ၁၈၆၆.၄၉၆ ဘီလီယံဟာ တည်းဆောက်ရေးလုပ်ငန်းတွေအတွက် သုံးခဲ့ကြောင်း ၊ ဒီအထဲမှာ ၁၀ ရာခိုင်နှုန်းဟာ စီမံခန့်ခွဲမှုလုပ်ငန်း ၊ ၇၀ ရာခိုင်နှုန်းဟာ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်း ၊ လုပ်ခလစာအတွက် ၂၀ ရာခိုင်နှုန်းအသုံးပြုခဲ့ကြောင်း ၊ ဒီနှုန်းထားတွေကိုသုံးသပ်ရင် ဘဏ္ဍာနှစ်ပြောင်းလဲပြီး ရရှိလာမယ့် များပြားတဲ့ ပွင့်လင်းရာသီမှာ ဆောင်ရွက်ရင် တိုင်းပြည်ဖွဲ့ဖြိုးရေးအတွက် ကြီးမားတဲ့ငွေကြေးလည်ပတ်မှု နဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း ဒုဝန်ကြီးက ထပ်လောင်းဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတိုင်းမှာ ကုန်ကျစရိတ် အထိုက်အလျောက်ရှိမှာဖြစ်ပြီး ပြောင်းလဲမှုလုပ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်မယ့် အနေအထားရောက်သွားရင် ကုန်ကျစရိတ်ရှိတော့မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

အခုလို ဘဏ္ဍာနှစ်ကိုပြောင်းလဲလိုက်ပေမယ့် တောင်သူလယ်သမားတွေကို ချေးပေးနေတဲ့ ချေးငွေကဏ္ဍနဲ့ပတ်သတ်လို့တော့ အရင်အတိုင်းသာဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ဒါကြောင့် လွှတ်တော်နာယကကြီးအနေနဲ့ ဘဏ္ဍာနှစ်ပြောင်းလဲကြောင်းကို မှတ်တမ်းတင်ပေးဖို့လိုအပ်တယ်လို့ စီမံဘဏ္ဍာဒုဝန်ကြီးက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဦးစိုင်းသီဟကျော်က “သမ္မတကြီးက ဒီဘဏ္ဍာနှစ်ပြောင်းလဲကြောင်းကို မှတ်တမ်းတင်ပေးဖို့ လွှတ်တော်ကို ပေးပို့တာပေါ့။ ဒါကို သိရှိကြောင်း မှတ်တမ်းတင်ပေးတဲ့ပုံစံပါပဲ။ လွှတ်တော်ကိုအတည်ပြုခိုင်းတာမဟုတ်ဘူး။ ကျွန်တော် ဥပဒေတွေ ပြန်ဖတ်ကြည့်တော့ ဘဏ္ဍာနှစ်ပြောင်းလဲ မှုကို လွှတ်တော်မှာအတည်ပြုရမယ်လို့တော့ မပါဘူးပေါ့နော်၊ ဘတ်ဂျက်တွေ ဘဏ္ဍာငွေတွေ ၊စီမံကိန်းကိစ္စတွေက ဒါနဲ့သက်ဆိုင်တယ်လို့ ဆိုရပေမယ့်လည်း ထဲထဲဝင်ဝင်သက်ဆိုင်တာ မဟုတ်တော့ ဒီကိစ္စက သမ္မတက သူ့လုပ်ပိုင်ခွင့်ထဲကနေ လုပ်တဲ့သဘောပါပဲ” လို့ မှတ်ချက်ပြုပါတယ်။

ဒါကြောင့် လာမယ့် ဘဏ္ဍာနှစ်အတွက် အောက်တိုဘာ ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိကာလကို သတ်မှတ်တော့မှာဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*