သထုံမြို့ဝင်ကြေးပိုကောက်နေသည့်ကိစ္စ ဘောင်ချာအမှားကြောင့်ဖြစ်၍၀န်ထမ်းများကိုအရေးယူရန်မရှိဟု ပြည်နယ်ဝန်ကြီးပြော

သထုံမြို့ဝင်ကြေးပိုကောက်နေသည့်ကိစ္စ ဘောင်ချာအမှားကြောင့်ဖြစ်၍၀န်ထမ်းများကိုအရေးယူရန်မရှိဟု ပြည်နယ်ဝန်ကြီးပြော
October 27, 2017 Fame Asian

5:05 pm
သထုံမြို့ဝင်ကြေးပိုကောက်နေသည့်ကိစ္စ ဘောင်ချာအမှားကြောင့်ဖြစ်၍၀န်ထမ်းများကိုအရေးယူရန်မရှိဟု ပြည်နယ်ဝန်ကြီးပြော

မော်လမြိုင်၊ အောက်တိုဘာ ၂၈

လမိုင်းမြို့အပါအ၀င် မွန်ပြည်နယ် (၁၁) မြို့နယ်မှာ မြို့ဝင်ကြေးကောက်ခံမှုများ တူညီမှုမရှိဘဲ သထုံမြို့နယ်မှာ မြို့ဝင်ကြေးပိုမိုကောက်ခံကာ ခရီးသွားပြည်သူလူထုကို စည်ပင်ဝန်ထမ်းများက ရိုင်းပြစွာ ပြောဆိုဆက်ဆံသည်ဆိုပြီး မွန်ပြည်နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်ဆီကို တိုင်ကြားမှုများရောက်ရှိနေကြောင်းသိရသည်။

ဦးအေးမင်းဟန်က ” သထုံမြို့၊မြို့ဝင်ကြေးကောက်ခံရေးဂိတ်မှ မြို့ဝင်ကြေးကောက်ခံနေသူများသည် ၂၀၀ပေးဆောင်ရမည့်ကားများကို ၃၀၀ကောက်ခံနေပြီး၊ ၃၀၀ရာကောက်ခံရမည့်ကားများကို ၅၀၀ကောက်ခံနေကြောင်း ၊ ဘာကြောင့်၅၀၀ကောက်ခံရတာလဲဟု အကျိုးအကြောင်းမေးရာ ၅၀၀မပေးရင် ဒီကားပေးမထွက်နဲ့ဟု ရိုင်းပြစွာ တားမြစ်လျက်ရှိကြောင်း ပြည်သူများမှ တိုင်ကြားထားပါသည်။

2

မွန်ပြည်နယ်အစိုးရအနေဖြင့် မြို့ဝင်ကြေးကောက်ခံမှူကို သေချာစွာစီမံခန့်ခွဲမှုမပြုနိုင်လျှင်၊ မြို့ဝင်ကြေးကောက်ခံမှူကိုဆက်လက် မပြုသင့်တော့ပါ။ မြို့ဝင်ကြေးကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်များအပေါ် ပြည်သူများ၏ငြိုငြင်မှု တနေ့တခြား ပိုမိုများပြားလာပါသည်။ပြည်သူ့အစိုးရအနေဖြင့် ပြည်သူက လက်မခံလျှင် ဆက်လက်လုပ်ဆောင်ရန်မသင့်တော့ပါ။မှတ်ချက်။ အခြားမြို့များက ၅တန်အထိကို၃၀၀၊ သထုံတစ်မြို့ထဲ ၅တန်နှင့်အထက် ၅၀၀” ဟု ၄င်း၏လူမှုကွန်ရက်တွင် ပြည်သူလူထုကို အသိပေးထားသည်။

“မြို့ဝင်ကြေးကောက်ခံတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ပြည်သူတွေရဲ့အသံကို နားထောင်နေတယ်။မြို့ဝင်ကြေးကောက်တဲ့အပေါ် ကျွန်တော်တို့ပြည်သူတွေက အကောင်းမြင်လား၊အဆိုးမြင်လားပေါ့။ပြည်သူတွေရဲ့ သဘောထားနဲ့လုပ်ဖို့ရှိပါတယ်။ပြည်သူ တော်တော်များများကတော့ မြို့ဝင်ကြေးမကောက်ဖို့ပြောထားပါတယ်။ဝန်ကြီးချုပ်တို့ ပြည်နယ်အစိုးရတို့နဲ့ တိုင်ပင်ပြီးတော့ ၂၀၁၈ ကျရင်တော့ ပြန်တိုင်ပင်ကြမယ်။မကောက်ဖို့တော့ ကျွန်တော်တိုက်တွန်းဖို့များပါတယ်။ကျွန်တော်ကတော့ မကောက်သင့်တော့ဘူးလို့မှတ်ယူထားပါတယ်။” ဟု ၄င်းက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

သထုံမြို့ဝင်ကြေးကို ပိုကောက်ထားခြင်းမရှိဘဲ ဘောင်ချာအမှားကြောင့်သာဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။“အဲ့ဒါကတော့ Technical Error ပါ။ဘောင်ချာကို ပြန်ပြင်ခိုင်းတယ်။၅ တန်အတိကတော့ ၃၀၀ ပါပဲ။ပေးတဲ့သူကလည်း ခပ်ငေါက်ငေါက်လေးပြောပါလိမ့်မယ်။တို့ဆီက ခပ်ဆက်ဆက်ဝန်ထမ်းနဲ့တွေ့တဲ့အခါကျတော့ အခြေအတင်ဖြစ်ကုန်တာပေါ့။ထိန်းတော့ ထိန်းလိုက်ပါပြီ။ဘောင်ချာတွေပြန်စစ်လိုက်တဲ့အခါ Error နည်းနည်းပါသွားလို့ (၂) တစ်လုံးပိုသွားလို့ ဘောင်ချာတွေကို ပြန်သိမ်းခိုင်းထားတယ်။ပိုကောက်တာလည်း မဟုတ်ပါဘူး။အရေးယူတာတို့တိုင်ကြားတာတို့ အဲ့ဒီအဆင့်တော့ မရှိပါဘူး။” ဟု ပြောကြားသည်။

မြို့ဝင်ကြေးများကို ယခုအခါ မြို့တွင်းသွားလာလှုပ်ရှားသူများပါ ပေးဆောင်နေရကြောင်း အမည်မဖော်လိုသူ မော်လမြိုင်ဒေသခံတစ်ဦးကပြောသည်။“စက်မှုဇုန်နဲ့ညောင်ပင်ဆိပ်ဆိုတာ ၀န်ကြီးချုပ် ဦးအုန်းမြင့် လက်ထက်က မော်လမြိုင်မြို့နယ်ထဲကို သွင်းထားတာပါ။သူတို့က အတ္ထရံတံတားထိပ်မှာ မြို့ဝင်ကြေးထွက်ကောက်တယ်။အစ်ကိုတို့ စက်မှုဇုန်၊ ညောင်ပင်ဆိပ်သွားတယ်။ဒါတွေဟာ မြို့တွင်းပဲ။ပြန်လာရင် မြို့ဝင်ကြေးပေးရတယ်။ဒါမဖြစ်သင့်ဘူး။ကောက်တာကို အပြစ်မမြင်ဘူး။မြို့တိုးတက်ဖို့လုပ်တာပဲ။ မှန်မှန်ကန်ကန် ကောက်စေချင်တာပါ။သထုံမှာ ပိုကောက်တယ်။အစ်ကိုတို့က ပြောတယ်။နှစ်ဘီးတန်းတွေက တန်က ၈၅၀ ပဲ၊ တစ်တန်တောင်မပေါက်ဘူး။သူတို့က
လက်မခံဘူး။အနောက်နှစ်ဘီးတန်း ဖြစ်လို့ဆိုပြီး ၃၀၀ ကောက်တယ်။အစ်ကိုတို့လည်း သိပ်မပြောတော့ဘူး။ပိုက်ဆံ ၁၀၀ လေးနဲ့ ခေါင်းရှုပ်မခံတော့ဘူး။ပေးစရာရှိတာပဲ ပေးလိုက်တော့တယ်။”ဟု ပြောသည်။

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “မွန်ပြည်နယ် (၁၀) မြို့နယ်အပြင် လမိုင်းမြို့အပါအ၀င် အားလုံးဟာ တပြေးညီပါပဲ။ယာဉ်သေး ၂၀၀ ကျပ်၊ ယာဉ်လတ် ၃၀၀ ကျပ်နဲ့ ယာဉ်ကြီးကို ၅၀၀ ကျပ် ဒီထက်ပိုပြီး မကောက်ပါဘူး။”ဟု ပြောသည်။
မွန်ပြည်နယ်မြို့ဝင်ကြေးကောက်ခံရငွေသည် လာမည့် ဘတ်ဂျက်နှစ်အကုန်သိန်းတစ်သောင်းဝန်းကျင်ရရှိမှာဖြစ်ပြီး စည်ပင်မှ စတင်တာဝန်ယူသည့်အချိန် မှစ၍ သုံးလအတွင်း သထုံမြို့နယ်မှာ သိန်း ၈၉၃ ဒသမ ၀၉ ဖြင့် အများဆုံးကောက်ခံရရှိခဲ့သည်။

သို့သော်လည်း ရခိုင်ပြည်နယ်မှာ ပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဆိုကာ ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်(၁၀/၂၀၁၇)အရ မြို့ဝင်ကြေးကောက်ခံသည့် လိုင်စင်များကို ဇွန်လ(၁) ရက်နေ့မှ စတင်ဖျက်သိမ်းခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်မှာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြို့ဝင်ကြေးလိုင်စင်စုစုပေါင်း ၁၉ ခုရှိပြီး လေလံကြေးမှာ ကျပ်သိန်းပေါင်း ၉၄၂ ဒသမ ၇၀ ဖြစ်ပြီး ယင်းသို့ မြို့ဝင်ကြေးကောက်ခံခြင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ထည့်သွင်းဆောင်ရွက်ခြင်း မပြုသင့်ကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင်ကြေးကောက်ခံခြင်းကို ဖျက်သိမ်းပေးရန် မေလ (၂) ရက်နေ့က တင်ပြခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရမှ လိုင်စင်ကြေးများကို ပေးချေကာ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

သတင်း- Arkar Min
ဓာတ်ပုံ- Aye Min Han

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*