ဘဏ္ဍာရေးနှစ် ပြောင်းလဲမှု အလောသုံးဆယ်မလုပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် အချို့နဲ့ တပ်မတော်သား ကိုယ်စားလှယ် အချို့ ထောက်ပြ

ဘဏ္ဍာရေးနှစ် ပြောင်းလဲမှု အလောသုံးဆယ်မလုပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် အချို့နဲ့ တပ်မတော်သား ကိုယ်စားလှယ် အချို့ ထောက်ပြ
October 23, 2017 Asian Fame

4:30 pm
ဘဏ္ဍာရေးနှစ် ပြောင်းလဲမှု အလောသုံးဆယ်မလုပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် အချို့နဲ့ တပ်မတော်သား ကိုယ်စားလှယ် အချို့ ထောက်ပြ

finance(နေပြည်တော် ၊ အောက်တိုဘာ ၂၃)

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်မှုနဲ့ပတ်သက်လို့ အလောသုံးဆယ်မလုပ်သင့်ကြောင်း တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အချို့တို့က ထောက်ပြလိုက်ပါတယ်။

“၄၃နှစ်ကျင့်သုံးခဲ့တဲ့ ဘဏ္ဍရေးနှစ်ကို မဖြစ်မနေ ပြောင်းလဲကျင့်သုံးမယ်ဆိုပါက လက်ရှိကျင့်သုံးနေတဲ့ ဘဏ္ဍာရေးစနစ်ရဲ့ အားသာချက် ၊ အားနည်းချက်တွေကို သက်ဆိုင်သူတွေ ၊ အဖွဲ့အစည်းတွေ ၊ စိတ်ပါဝင်စားသူတွေနဲ့ အချိန်ယူ ဝိုင်းဝန်းစဉ်းစားပြီးမှသာဆောင်ရွက်သင့်ပါတယ်၊ အလောသုံးဆယ်ပြောင်းဖို့ မသင့်ပါဘူး”လို့ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသောင်းစိန်ကပြောပါတယ်။

အောက်တိုဘာလ ၂၃ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအစည်းအဝေးမှာ နိုင်ငံတော်သမ္မတရုံးမှပေးပို့ထားတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ပြောင်းလဲပြင်ဆင်သတ်မှတ်တဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သ၀ဏ်လွှာကို ဆွေးနွေးစဉ်မှာ အလောသုံးဆယ် မလုပ်သင့်ကြောင်း ထောက်ပြခဲ့တာပါ။

ကမ္ဘာပေါ်ရှိ နိုင်ငံတွေ ၂၂၇နိုင်ငံရှိတဲ့အနက် ယခုပြင်ဆင်သတ်မှတ်လိုတဲ့ ဘဏ္ဍာရေးနှစ်အပိုင်းအခြားကို ကျင့်သုံးတဲ့ နိုင်ငံဟာ ၁၂နိုင်ငံသာရှိပြီး ရာခိုင်နှုန်းအနေနဲ့ ၅ဒဿမ ၂၈ရာခိုင်နှုန်းသာရှိလို့ ပြင်ဆင်မယ့် ဘဏ္ဍာနှစ်ကို ကျင့်သုံးတဲ့ နိုင်ငံနည်းပါးနေတယ်လို့ ဒုတိယဗိုလ်မှူးကြီးသောင်းစိန်က ထပ်ပြောပါတယ်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးသောင်းထိုက်စိုးကလည်း မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်တဲ့ ကိစ္စဟာ နိုင်ငံတော်ရဲ့ စီးပွားရေး ၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေနဲ့ ဆက်နွယ်နေလို့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားဖြစ်တာကြောင့် အဆောတလျင် အတည်မပြုသင့်ဘဲ ဘက်ပေါင်းစုံက စဉ်းစားသင့်ပါတယ်လို့ ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီမှ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးကလည်း ပြောင်းလဲပြင်ဆင်မယ့် ဘတ်ဂျက်စနစ်ဟာ အရေအတွက်အားဖြင့် အားသာချက်များပြီး အားနည်းချက်နည်းပင်မယ့် အားနည်းချက်တွေက နိုင်ငံတော်ရဲ့ စီးပွားရေး ၊ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး ၊ လူမှုရေးတွေ ရှုပ်ထွေးလာနိုင်လို့ ပြန်လည်စဉ်းစားသုံးသပ်သင့်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဆုံးဖြတ်ချက်ချမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေငြာခဲ့ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*