ပုပ္ပါးတောင်ကလပ် ခရီးသွားလာမှု တားမြစ်ပိတ်ပင် ထားခြင်း မရှိသေး

ပုပ္ပါးတောင်ကလပ် ခရီးသွားလာမှု တားမြစ်ပိတ်ပင် ထားခြင်း မရှိသေး
October 23, 2017 Asian Fame

2:32 pm
ပုပ္ပါးတောင်ကလပ် ခရီးသွားလာမှု တားမြစ်ပိတ်ပင် ထားခြင်း မရှိသေး

Popa(ပုပ္ပါး၊အောက်တိုဘာ၂၃)

ပုပ္ပါးတောင်ဝန်းကျင်နေရာ တစ်ချို့မှာ မြေကျွံမှုတွေ ရှိနေပေမယ့်လည်း ပုပ္ပါးတောင်ကလပ် ခရီးသွားလာမှု ကိုတော့ တားမြစ်ပိတ်ပင်ထားခြင်း မရှိသေးဘူး လို့ ဒေသတာဝန်ရှိသူတွေဆီကသိရပါတယ်။

“လာလို့ရပါတယ်၊ မပိတ်ပါဘူး၊ အချိန်မရွေး လာလို့ရပါတယ်၊ ဒါပေမယ့် တောင်ကလပ်နား အထိတော့ ကားစီးခွင့် မပြုတော့ပါဘူး” လို့ မန္တလေးတိုင်းဒေသ ကြီးလွှတ်တော်၊ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ  လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

ပုပ္ပါးတောင်ကလပ် မြေကျွံတယ်ဆိုတဲ့ သတင်း အွန်လိုင်းဖေ့စ်ဘွတ် စာမျက်နှာတွေပေါ်မှာ ဒီရက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်း နဲ့ပတ်သက်လို့လည်း တောင် ကလပ်ကြီး တစ်ခုလုံးမြေကျွံတာ မဟုတ်ဘဲ တောင်ကလပ် သွားရာလမ်းဟောင်း နိမ့်ဝင်သွားခြင်း သာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနေ့မနက်ပိုင်းထွက်ပေါ်လာပြန်တဲ့ သတင်းတွေမှာ ဆိုရင် မြေကျွံမှုကြောင့် ဒေသခံတွေကိုပါ ပြောင်းရွှေ့စေခိုင်းထားတယ် ဆိုတဲ့အထိ သတင်းတွေ ပျံ့နှံ့ လာတာမှာ ဒါနဲ့ပတ်သက် လို့လည်း လွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်က“ကျွန်တော်တို့ ဒီမှာရှိနေပါတယ်၊ ရွှေ့ပြောင်းခိုင်းထားတယ် ဆိုတာ မဟုတ်ပါ ဘူး၊ သတင်းအမှားတွေ အပေါ် မယုံကြည်ကြပါနဲ့” လို့ ပေါ်ပြူလာနယူးစ်ရဲ့ဆက်သွယ်မေးမြန်းမှုကိုပြန်ဖြေပါတယ်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ် အနီး အောင်သိဒ္ဓိကုန်း ၀န်းကျင်မှာ အောက်တိုဘာ ၁၉ ရက် နဲ့ ၂၀ ရက်တို့က မိုးရွာသွန်းမှုများလို့ မြေကျွံခြင်းတစ်ချို့ဖြစ်ပေါ်ခဲ့ပြီး ဒါနဲ့ပတ်သက်လို့လည်း ဒီနေ့(အောက်တိုဘာ ၂၃ ရက်)မွန်းလွဲ ၄ နာရီမှာ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင်သွားရောက် စစ်ဆေးဖို့ပြင်ဆင်နေတယ် လို့သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*