“ကားမူဝါဒ အသစ်နဲ့ လာမယ့်နှစ်အတွက် ကားဈေးကွက် အလားအလာ”

“ကားမူဝါဒ အသစ်နဲ့ လာမယ့်နှစ်အတွက် ကားဈေးကွက် အလားအလာ”
October 20, 2017 Asian Fame

5:31 pm
“ကားမူဝါဒ အသစ်နဲ့ လာမယ့်နှစ်အတွက် ကားဈေးကွက် အလားအလာ”

graphအရင်နှစ်တွေ ထက်နှစ်လလောက်စောပြီး ကားမူဝါဒအသစ်ကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ပြည်တွင်းကားဈေးကွက် ကအပြောင်းအလည်းတော်တော် များများဖြစ်သွားခဲ့ပါတယ်။ လာမယ့်နှစ်အတွက် ထုတ်ပြန်တဲ့မူဝါဒမှာ ဆယ်စုနှစ် အတော်ကြာအောင် မြန်မာတွေကြားလူကြိုက်များခဲ့တဲ့ဂျပန်တစ်ပတ်ရစ်ကားတွေ လုံးဝတင်သွင်းခွင့် မရတော့ပါဘူး။

“ကားမူဝါဒအသစ်က ဘာကိုရည်ရွယ်ခဲ့ပါသလဲ”

ထုတ်ပြန်လိုက်တဲ့ကားမူဝါဒအသစ်က ပြည်တွင်းလမ်းစနစ်နဲ့လိုက်လျောညီထွေမှုရှိအောင်နဲ့ နိုင်ငံခြားကားထုတ်လုပ်တဲ့စက်ရုံတွေ ပြည်တွင်းကို ပိုမိုဝင်ရောက်လာစေဖို့ကို အဓိကရည်ရွယ်ခဲ့တယ်လို့ ၀န်ကြီးဌာနတာဝန်ရှိသူတွေက ဆိုခဲ့ကြပါတယ်။ဘယ်မောင်းကားတွေကိုဘဲတင်သွင်းကြရတော့မှာဖြစ်ပြီး အနိမ့်ဆုံးတင်သွင်းရမယ့် ကားမော်ဒယ်ရီးယားက တော့(၂၀၁၄)ခုနှစ်ဖြစ်ပါတယ်။
ဒီမူဝါဒအရ ကားအဟောင်းတွေကိုလုံးဝတင်သွင်းစေလိုစိတ်မရှိတော့ဘဲ အသစ်နီးနီး ကောင်းမွန်နေတဲ့ကားတွေကိုဘဲ ပြည်တွင်းကိုတင်သွင်းစီးနင်းကြစေလိုတဲ့ သဘောကို ဆောင်နေပါတယ်။ လမ်းပေါ်မှာဖြစ်နေတဲ့ ယာဉ်မတော်တဆမှုတွေမှာ လမ်းစနစ်နဲ့မကိုက်ညီတာရယ်၊ယာဉ်သက်တမ်းကြာမြင့်နေတာကြောင့် ချို့ယွင်းပြီးဖြစ်ပွားနေရတယ်ဆိုတဲ့အခြေအနေတွေကို အခုထုတ်ပြန် လိုက်တဲ့မူဝါဒ လျော့နည်းသွားစေမှာ တော့သေချာပါတယ်။
ပြည်ပကနေ တစ်ပတ်ရစ်ကားတွေ တင်သွင်းနေမယ့်အစား ပြည်တွင်းမှာဘဲစက်ရုံတည်ဆောက်ပြီးကားအသစ် တွေ ထုတ်လုပ်ရောင်းချနိုင်ဖို့ ဒီမူဝါဒမှာအထင်အရှားမြင်ရမှာဖြစ်ပါတယ်။မကြာမီက ထုတ်ပြန်ခဲ့တဲ့ အကောက်ခွန် နှုန်းထားသတ်မှတ်ချက်ပြောင်းလည်းသတ်မှတ်တဲ့နေရာမှာလည်း ပြည်ပကတင်သွင်းမှုတွေ ထက်ပြည်တွင်းမှာ (SKD/CKD)စနစ်တွေနဲ့ တပ်ဆင်ထုတ်လုပ်ဖို့ အတွက်အသားပေးပြီး အခွန်နှုန်းထားတွေကို လျှော့ချပေးခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။ဒါကြောင့် လာမယ့်နှစ်မှာတော့ ပြည်တွင်းမှာ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်တဲ့ ကုမ္မဏီတွေကိုပိုမိုမြင်တွေ့ရဖို့ရှိနေပြီး ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့ကားတွေ ကိုလမ်းတွေပေါ်မှာ ပိုပြီးမြင်တွေ့ကြရတော့မှာပါ။

“လာမယ့်နှစ်ကားဈေးကွက်အလားအလာ”

မူဝါဒအသစ်ကြောင့် လာမယ့်နှစ်ကားဈေးကွက်ကတော့ လက်ရှိဈေးနှုန်းတွေထက် နှစ်ဆယ်ရာခိုင်နှုန်းလောက် အထိတတ်သွားနိုင်ဖို့ရှိနေပါတယ်။ကားမူဝါဒအသစ်မှာ မော်ဒယ်မြင့်ဘယ်မောင်းကားတွေဘဲတင်သွင်းနိုင်မှာ ဖြစ်လို့ ဈေးကွက်ထဲမှာရှိနေပြီးသားညာမောင်းကားတွေက အလိုလိုဈေးတတ်လာတာဖြစ်ပါတယ်။ လာမယ့်နှစ် မှာဖရီးပါမစ်နဲ့ ကားတင်သွင်းကြမယ်ဆိုရင်(၂၀၁၇)နဲ့(၂၀၁၈)မော်ဒယ်ဘယ်မောင်းကားတွေဘဲ တင်သွင်းနိုင်မှာ ဖြစ်လို့ ဈေးနှုန်းအရ သိန်း(၂၅၀)အထက်ရှိမှာ ကားဝယ်နိုင်တော့မှာဖြစ်ပါတယ်။ဒါကလည်း တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံထုတ် ကားတွေရဲ့ဈေးနှုန်းတွေဖြစ်ပါတယ်။ဥရောပနိုင်ငံထုတ်မော်ဒယ်မြင့် ဘယ်မောင်းကား တွေရဲ့ဈေးနှုန်းတွေကတော့ သိန်း(၅၀၀)နဲ့အထက်မှာရှိနေလို့ သာမာန်ကားဝယ်စီးမယ့်သူတွေအတွက် လက်လှမ်းမမှီနိုင်တော့တဲ့အခြေအနေကိုရောက်သွားပါပြီ။
ကားဝယ်စီးမယ့်သူတွေအတွက် နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့ ကားတွေဘဲဖြစ်ပါတယ်။ဆူဇူကီး၊ဖိုဒ့်၊ကေအိုင်အေ၊နစ်ဆန်းစတဲ့ကားကုမ္မဏီတွေရဲ့ ပြည်တွင်းမှာ တပ်ဆင် ထားတဲ့ကားတွေကိုဈေးကွက်ထဲမှာ စတင်မြင်တွေ့နေရပါပြီ။ အာမခံအချို့ ပေးထားပြီးအရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်တဲ့အတွက် ကားစတင်ပြီးဝယ်စီးကြမယ့် ပုံမှန်ဝင်ငွေရှိသူတွေအတွက်တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ဈေးနှုန်းပိုင်းမှာ တော့ သိန်း(၂၅၀)၀န်းကျင်ကနေစပြီးဝယ်ယူနိုင်မှာဖြစ်ပါတယ်။

“စလစ်ဈေးတွေဆက်တတ်အုံးမှာလား”

ယာဉ်အိုဟောင်းအပ်နှံတဲ့စလစ်အပါအ၀င်စလစ်အစားထိုးပြီးကားတင်သွင်းခွင့်မူဝါဒကလည်း အခုအခြေအနေတိုင်းဆိုရင်တော့ (၂၀၁၈)ခုနှစ်လာမယ့်နှစ်ကုန်အထိဘဲဆက်ရှိတော့မှာဖြစ်ပါတယ်။ လာမယ့်နှစ်မှာ (၂၀၁၄၊၂၀၁၅နဲ့၂၀၁၆)မော်ဒယ်ထုတ် ကားတွေကို တင်သွင်းချင်ရင်စလစ်ကပ်ရမှာဖြစ်ပါတယ်။ အခုနှစ်ထဲမှာတော့ စလစ်ဈေးနှုန်းတွေက စလစ်အမျိုးအစားကိုလိုက်ပြီး သိန်း(၁၃၀)နားအထိရောက်နေတာကို တွေ့ရပါတယ်။လာမယ့်နှစ်မှာတော့ စလစ်ကပ်ရင်တောင် ဘယ်မောင်းမော်ဒယ်မြင့်တွေဘဲသွင်းနိုင်တော့မှာ ဖြစ်ပြီး ဈေးနှုန်းပိုင်းအရ သိပ်အများကြီးမကွာတာကြောင့် စလစ်ဈေးက ပြန်ကျဆင်းသွားနိုင်ချေရှိနေပါတယ်။
ဒါကြောင့်ကားတင်သွင်းကြသူအများစုက နှစ်မကုန်ခင်မှာစလစ်တွေကပ်ကားတွေကို တင်သွင်းနေကြပြီး အပြိုင်အဆိုင်လေလံဆွဲဝယ်ယူနေကြတာလည်းဖြစ်ပါတယ်။လာမည့်နှစ်မှာတော့ စလစ်ဈေးနှုန်းတွေက သိန်း(၁၀၀)အောက်အထိကျဆင်းသွားနိုင်ချေရှိတယ်လို့ ကားမူဝါဒကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

“မူဝါဒအသစ်ကြောင့် မြင့်တတ်သွားတဲ့ လေလံဈေးနှန်ုးတွေ”

မူဝါဒမထွက်ခင်ကတည်းက ဘယ်မောင်းတွေကိုဘဲ ဦးစားပေးတင်သွင်းခွင့်ပြုမယ်ဆိုတဲ့အသံတွေကြောင့် တစ်ပတ်ရစ်ကားတွေကိုလေလံဆွဲဝယ်ယူမှုက များပြားနေခဲ့ပါတယ်။တရားဝင်မူဝါဒအတိအကျထွက်လာတဲ့ အခုလ(၁၆)ရက်နေ့နောက်ပိုင်းမှာတော့ ဂျပန်ညာမောင်းတစ်ပတ်ရစ်ကားတွေကို လေလံဆွဲ ၀ယ်ယူမှုက လွန်စွာမြင့်တတ်လာခဲ့ပြီး ကားတစ်စီးကို ယန်းတစ်သိန်းကနေယန်းဆယ်သိန်းဝန်းကျင်လောက်အထိကို ဈေးတွေမြင့်တတ်သွားပါတယ်။နောက်နှစ်ထဲမှာ တစ်ပတ်ရစ်ဂျပန်ညာမောင်းတွေ လုံးဝသွင်းမရတော့ဘူး ဆိုတာကြောင့် နှစ်မကုန်ခင်မှာအပြိုင်အဆိုင်လေလံဆွဲ ၀ယ်ယူနေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်း နံပါတ် ထွက်ပြီးသားကားတွေရော၊ကြိုပွိုင့်ကားတွေအပါအ၀င်ဈေးကွကထဲမှာရှိနေတဲ့ဂျပန်ကားဈေးတွေက တဖြေးဖြေး မြင့်တတ်လာနေတာဖြစ်ပါတယ်။

“ဒီအချိန်မှာကားဝယ်သင့်/မ၀ယ်သင့်”

ဒီအချိန်ကားဝယ်မယ့်သူတွေအများစုစိတ်ဝင်တစားနဲ့ အများဆုံးသိချင်နေတဲ့ မေးခွန်းက ကားဝယ်သင့် / မ၀ယ်သင့်ဆိုတဲ့ မေးခွန်းပါ။လူအများစုနဲ့ အသားကျနေပြီးအပိုပစ္စည်းပေါများနေတဲ့ဂျပန်ကားတွေ သွင်းခွင့်မရ တော့ဘူးဆိုတဲ့အခြေအနေမှာ သွင်းခွင့်ရတုန်းလေး ကားဝယ်ထားသင့်သလားဒါမှမဟုတ်ဈေးတွေတတ်နေတဲ့ အတွက် ဒီအချိန်မှာကားမ၀ယ်ဘဲနေသင့်သလားဆိုတာ အတော်လေးကို ကားဝယ်မယ့်သူတွေကြားဗျာများရတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

တကယ်တမ်းလက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင်တော့ လက်ရှိအခြေအနေက မဖြစ်မနေကားလိုအပ်နေသူတွေ အတွက်တော့ ကားတစ်စီးကို ၀ယ်ထားသင့်တဲ့အခြေအနေကိုဝါရင့်ကားမူဝါဒကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ဘာကြောင့်လဲဆိုရင် ဂျပန်ကားတွေရဲ့ကြံ့ခိုင်မှု၊အပိုပစ္စည်းပေါများမှုတွေအပြင်လက်ရှိ ဈေးကွက်အတွင်းလူကြိုက်များမှုနဲ့ာဈေးနှန်ုးအပိုင်းတွေကို ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်နေတဲ့ကားတွေနဲ့ တရုတ်၊ကိုရီးယားနိုင်ငံကတင်သွင်းတဲ့ဘယ်မောင်းကာတွေမယှဉ်နိုင်သေးတာကြောင့်ပါ။ကားအရည်အသွေးနဲ့ အာမခံချက်အပိုင်းမှာ ဘယ်မောင်းကားအသစ်တွေက အများကြီးစွဲဆောင်မှုရှိတယ်ဆိုပေမယ့်လည်း သိန်း(၂၀၀)ကျော်မှာဝယ်စီးနိုင်မယ့် အခြေအနေကို ကားစပြီးဝယ်မယ့်သူတွေက သဘောမကျကြပါဘူး။ ဈေးကွက်အတွင်းမှာဂျပန်ညာမောင်းတွေက သိန်း(၁၅၀)၀န်းကျင်နဲ့ရနေသေးတဲ့ ခုနှစ်အတွင်းမှာမဖြစ်မနေ ကားလိုအပ်နေသေူတွအတွက်တော့ကားဝယ်ဖို့သင့်တော်တယ်လို့ မူဝါဒကျွမ်းကျင်သူတွေက ဆိုပါတယ်။လာမယ့်နှစ်မှာတော့ သိန်း(၁၅၀)၀န်းကျင်နဲ့ အိမ်စီးကားဝယ်စီးနိုင်ဖို့အခြေအနေက နည်းပါးသွားလို့ဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့်နှစ်မှာပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်နေတဲ့ကားကုမ္မဏီတွေကအစီးရေတိုးထုတ်ဖို့ပြင်ဆင် နေကြသလို တရုတ်နဲ့ကိုရီးယားကားကုမ္မဏီတွေကလည်း တန်ဖိုးသက်သာတဲ့ ဘယ်မောင်းအိမ်စီးကားတစ်ချို့ ပြည်တွင်းကို တင်သွင်းလာဖို့ ရှိနေတာကြောင့် ဂျပန်တပတ်ရစ်ကားတွေက ဈေးအများကြီးထပ်တတ်သွား ဖို့တော့မရှိနိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

နိဂုံးချုပ်အနေနဲ့တော့လာမယ့်နှစ်မှာ ဂျပန်တစ်ပတ်ရစ်ကားတွေကဈေးကွက်အတွင်းမှာဆက်ရှိနေအုံးမှာဖြစ်ပြီး အတတ်ဈေးနဲ့အရောင်းအ၀ယ်ဖြစ်နေအုံးမှာပါ။ထပ်ပြီးသွင်းလိုပမရတော့ဘူးဆိုပေမယ့် လေလံဆွဲထားတဲ့ကားတွေအပြင်အရောင်းစင်တာနဲ့ကားဝယ်ရောင်းတွေလက်ထဲမှာကိုင်ထားတဲ့ ဂျပန်ညာမောင်းကားတွေက ဈေးကွက်ထဲမှာ အရောင်းအ၀ယ်ဖြစ်နေအုံးမှာပါ။ ဘယ်မောင်းကားအသစ်တွေကိုလည်း တဖြေးဖြေးနဲ့ပြည်တွင်းက လမ်းတွေပေါ်မှာပိုမိုမြင်တွေ့လာရဖို့ရှိနေပြီး ကားဈေးနှုန်းတွေကတော့ အိမ်စီးကားတစ်စီးကို သိန်းတစ်ရာဝန်းကျင်နဲ့ရှေ့နှစ်ထဲမှာ မရနိုင်တော့တာ သေချာနေပါပြီ။ဘယ်မောင်းကားတွေ ကိုအန္တရာယ်ကင်းကင်နဲ့ ပြည်သူတွေဈေးသက်သက်သာသာ ၀ယ်စီးနိုင်ဖို့ ဆိုရင်တော့ အစိုးရအပိုင်းက အခွန်နှုန်းထားသတ်မှတ်ချက်တွေကို ပြင်ဆင်ဖြေလျှော့ပေးမှုတွေအပါအ၀င် ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်နေတဲ့ကားစက်ရုံတွေ ပိုမိုအရှိန်ရလာတဲ့အချိန်တစ်ခုကို စောင့်ကြည့်ရမှာဖြစ်ကြောင်း Popular News စာဖတ်ပရိတ်သတ်များကို ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*