ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဌာန ၅ ခုကို မြန်မာနိုင်ငံ မြို့ကြီး ၅ မြို့မှာ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေ

ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဌာန ၅ ခုကို မြန်မာနိုင်ငံ မြို့ကြီး ၅ မြို့မှာ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေ
October 19, 2017 Asian Fame

5:30 pm
ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဌာန ၅ ခုကို မြန်မာနိုင်ငံ မြို့ကြီး ၅ မြို့မှာ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေ

(နေပြည်တော် ၊ အောက်တိုဘာ ၁၉)

ကျောက်မျက်ရတနာရောင်းဝယ်ရေးဌာန ၅ ခုကို မြန်မာနိုင်ငံမြို့ကြီး ၅ မြို့မှာ ဖွင့်လှစ်ဖို့ဆောင်ရွက်နေတယ်လို့ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာစတုတ္တရာ မဲဆန္ဒနယ်အမတ် ဦးကျော်အောင်လွင်မေးမြန်းတဲ့ ” နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ပိုမိုရရှိစေရန် ကျောက်မျက်ရတနာ ရောင်းချပွဲများကို (၂)လလျှင် (၁)ကြိမ်၊ (၁)နှစ်လျှင် (၆)ကြိမ် ကျင်းပပြုလုပ် ပေးရန် အစီအစဉ်ရှိ၊ မရှိ ” မေးခွန်းအပေါ် ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က အခုလိုပြန်လည်ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။

ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ မြစ်ကြီးနား ၊ မိုးကုတ် စတဲ့မြို့ကြီးငါးမြို့မှာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ၀န်ကြီးကဆိုပါတယ်။

ကျောက်မျက်ရတနာပြပွဲတစ်ခါလုပ်ဖို့ ရက်ပေါင်း ၁၂၀ လိုအပ်တာကြောင့် မြန်မာနိုင်ငံမှာ ကျောက်မျက်ရတနာပြပွဲတွေ ၂ လတစ်ကြိမ် ကျင်းပဖို့အစီအစဉ်မရှိကြောင်း ၊ ကျောက်မျက်ကျောက်စိမ်းအချောထည် ၊ လက်ဝတ်ရတနာတွေ ၊ သွေးပြီးကျောက်မျက်အချောထည်တွေကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းက ထုတ်ပေးထားတဲ့ ပြေစာတွေနဲ့ ရောင်းချခွင့်ပြုနိုင်ရေးဆောင်ရွက်နေတယ်လို့ လည်း ပြောပါတယ်။

မေးခွန်းမေးမြန်းသူ ဦးကျော်အောင်လွင်က မြန်မာနိုင်ငံမှာ ကျောက်မျက်ရတနာပြပွဲတွေ တစ်နှစ်ကို ၂ကြိမ်သာကျင်းပပေမယ့် တစ်ဖက်နိုင်ငံမှာတော့ မြန်မာနိုင်ငံကရရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ ကျောက်မျက်ရတနာပြပွဲတွေကို တစ်လ တစ်ကြိမ်ကျင်းပနေကြောင်း ၊ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာလည်း ကုမ္ပဏီတွေက သူတို့ရဲ့ အိမ်တွေမှာ ၊ ကုမ္ပဏီတွေမှာ ပြပွဲတွေပြုလုပ်ပြီးကျောက်စိမ်းကျောက်မျက်တွေရောင်းချနေတာဟာ နိုင်ငံတော်အတွက် ထိုက်သင့်တဲ့ အခွန်ဘဏ္ဍာငွေရရှိပါရဲ့လားလို့ မေးခွန်းထုတ်စရာရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ ဘာအခွန်အခမှမရရှိဘဲ နိုင်ငံတော်အတွက် နစ်နာနေတယ်လို့လည်း ဦးကျော်အောင်လွင်က ပြောပါတယ်။

၂၀၁၃-၁၄ ခုနှစ် အတွင်းပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာပြပွဲ ၂ ပွဲကနေ ကျောက်မျက် ၂၃၆၁၁၇၂ ကာရက် ၊ ကျောက်စိမ်း ၆၀၀၀ ကျော် ရောင်းချခဲ့ရပြီး ၀င်ငွေအနေနဲ့ မြန်မာကျပ်ငွေ သန်းပေါင်း ၁၁၄၇၁၁၃၀ ကျပ်သန်း ၊ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၃၀. ၆၁ သန်း ကျော် ရရှိခဲ့ပြီး အခွန် ငွေ ကျပ်သန်းပေါင်း ၃၈၈၇၆၇ ရရှိခဲ့တယ်လို့လည်း ဦးကျော်အောင်လွင်က ၀န်ကြီးဌာနစာရင်းတွေကို ကိုးကားပြီးပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကပြုလုပ်ခဲ့တဲ့ကျောက်မျက်ရတနာပြပွဲမှာတော့ ကျောက်မျက်အတွဲပေါင်း ၁၀၅ တွဲ ( တန်ဖိုး ယူရို ၀.၀၃ သန်း ) ၊ ကျောက်စိမ်း ၅၀၉၁ တွဲ (တန်ဖိုး ယူရို ၅၁၃ . ၄၃၇) သန်း ရရှိခဲ့တယ် လို့သိရပါတယ်။ နိုင်ငံတော်ကကျင်းပတဲ့ပြပွဲမှာ ကျောက်စိမ်း ၆၀၀၀ ကျော်သာ ပြထားပေမယ့် ကုမ္ပဏီတွေက တူးဖော်ပြီးသားဟာ ၂ သိန်းကျော်လောက်ရှိတယ်လို့ ခန့်မှန်းထားကြောင်းလည်း ဦးကျော်အောင်လွင်က ဆိုပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*