1:03 pm
နေပြည်တော် အောက်တိုဘာ ၁၁
သီတင်းကျွတ်ကာလ(၅)ရက်အတွင်း အမြန်လမ်းမကြီးပေါ်သို့ ယာဉ်အစီးရေ တစ်သိန်းသုံးသောင်းကျော် ဖြတ်သန်းခဲ့ပြီး မတော်တဆမှုပေါင်း(၂၀)ဖြစ်ခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
“ဖြတ်သန်းတဲ့ အစီးရေနဲ့ ဖြစ်တဲ့အရေအတွက်ကို ကြည့်ရင် မတော်တဆမှုနှုန်းက တော်တော်လေးနည်းတာကိုတွေ့ရမှာပါ၊ထိုင်ခုံခါးပါတ်ပါတ်တာတွေအပါအဝင် ယာဉ်တော်တော်များများက စည်းကမ်းလိုက်နာကြတာကိုတွေ့ရပါတယ်”ဟု နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအုပ် စိုးဝင်းကဆိုသည်။
သီတင်းကျွတ်ကာလ ပိတ်ရက်(၅)ရက်အတွင်း အမြန်လမ်းမကြီးတလျှောက်ယာဉ်ဖြတ်သန်းမှု စံချိန်တင်များပြားခဲ့သော်လည်း မတော်တဆဖြစ်ပွားသည့်အရေအတွက်မှာသိသာစွာကျဆင်းသွားကြောင်းတွေ့ရသည်။
(၅)ရက်အတွင်း ပျှမ်းမျှတစ်ရက်လျှင် ယာဉ်အစီးရေ နှစ်သောင်းလေးထောင်ကျော် ဖြတ်သန်းခဲ့ကြပြီး မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်(၂)ဦးရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏စာရင်းများအရသိရသည်။
ယခုပိတ်ရက်ရှည်တွင်ဖြတ်သန်းကြသည့် ယာဉ်အရေအတွက်နှင့် မတော်တဆဖြစ်မှုအချိုးမှာ အစီးရေ (၇၀၀၀)ခန့်တွင် (၁)စီးသာ မတော်တဆဖြစ်ခဲ့ပြီး မတော်တဆမှုကြောင့် ယာဉ်အစီးရေ (၆၅၀၀၀)တွင်လူ(၁)ဦးနှုန်းသေဆုံးခဲ့ကြောင်းတွေ့ရသည်။
အောင်ပြည့်စုံ