2:56 pm

(ရန်ကုန် ၊ အောက်တိုဘာ ၉)
ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်း အပါအ၀င် တိုင်းအစိုးရအဖွဲ့ ဝင်အချို့ကို နှုတ်ထွက်ပေးဖို့ မနက်ဖြန်မှာ ဆန္ဒပြတောင်းဆို သွားမယ်လို့ ဦးဆောင်ဆန္ဒပြမယ့် ဒီမိုကရေစီ အစဉ်မပြတ် လှုပ်ရှားမှု အင်အားစုမှ ပဲခူးမြို့ တာဝန်ခံ ဦးလင်းလင်းနိုင် ကပြောပါတယ်။
ပဲခူးတိုင်းဒေသကြီးရဲ့ ၀န်ကြီးချုပ်နဲ့ ဝန်ကြီးများဟာ တိုင်းဒေသကြီးရဲ့ ဖွံ့ ဖြိုးတိုးတက်မှုများကို မဆောင်ရွက်နိုင်လို့ အခုလို နှုတ်ထွက်ပေးဖို့ စီစဉ်ရခြင်းဖြစ်တယ်လို့  ဦးလင်းလင်းနိုင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
” ပဲခူးတိုင်းမှာ ၀န်ကြီးချုပ်နဲ့ လျော်ညီတဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ ပညာတက်တွေအများကြီးရှိပါတယ်။ ခန့် ပေးပါ လုပ်ဆောင်ပေးပါလို့ ကျွန်တော်တို့ က အစိုးရကိုပြောချင်တာဖြစ်ပါတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့  သစ်တောဝန်ကြီး ဦးကျော်မင်းဇံတို့ အပါအ၀င်
ဝန်ကြီးများဟာတိုင်းဒေသကြီးရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကိုလည်း မဆောင်ရွက်နိုင်ဘူး ။ တိုင်စာကိစ္စတွေလည်း မဆောင်ရွက်နိုင်ဘူး ပြသနာတွေကိုလည်းမဖြေရှင်းနိုင်ဘူး ဒါကြောင့် နှုတ်ထွက်ပေးဖို့ တောင်းဆိုသွားမှာပါ” လို့ ဦးလင်းလင်းနိုင်ကပြောပါတယ်။
ပဲခူးမြို့ မဇင်း ၁ လမ်း၊သနပ်ပင်လမ်း၊ ဘုရားလမ်းကနေ တိုင်းဒေသကြီးအစိုးရရုံးရှေ့ ထိ နံနက် ၁၀ နာရီကနေ လမ်းလျောက်ချီတက်ဆန္ဒပြသွားမှာဖြစ်ပြီး လူအင်အား၅၀ ခန့် ရှိတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ရေတာရှည်မြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ ကနေ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပဲခူးတိုင်း ၀န်ကြီး အချို့ထံ ဆက်သွယ်မေးမြန်းခဲ့ရာမှာ တိုင်းစိုက်ပျိုးရေး ၀န်ကြီးက အစည်းအဝေး ရှိတာကြောင့် ဆိုပြီး တစ်စုံတစ်ရာ မှတ်ချက်ပြုတာမျိုး မလုပ်ခဲ့ပါဘူး။
တိုင်းအစိုးရအဖွဲ့ ဝင်အချို့ နှုတ်ထွက်ပေးဖို့ ပြည်သူအချို့ ဆန္ဒဖော်ထုတ် ခဲ့ကြဖူးတဲ့ ဖြစ်စဉ်တွေ အစိုးရသစ် လက်ထက်မှာ ၂ကြိမ် ရှိခဲ့ပြီးပါပြီ။
အဲဒါတွေကတော့ မန္တလေးတိုင်း နဲ့ ဧရာဝတီတိုင်း အတွင်းမှာ ဖြစ်ပြီး မနက်ဖြန်မှာ လုပ်မယ့် ပဲခူးတိုင်း ပါပါရင် ၃နေရာ ရှိလာတော့မှာဖြစ်ပါတယ်။
Phyo Htet Aung