စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြတ်သန်းသယ်ဆောင်ခွင့် လက်မှတ်မပါဘဲ သယ်လာလို့ ရဲကဖမ်းလိုက်တဲ့နွားအကောင်၅၀၀ ပြန်လွှတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြတ်သန်းသယ်ဆောင်ခွင့် လက်မှတ်မပါဘဲ သယ်လာလို့ ရဲကဖမ်းလိုက်တဲ့နွားအကောင်၅၀၀ ပြန်လွှတ်ပေး
October 2, 2017 Fame Asian

12:24 pm
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြတ်သန်းသယ်ဆောင်ခွင့် လက်မှတ်မပါဘဲ သယ်လာလို့ ရဲကဖမ်းလိုက်တဲ့နွားအကောင်၅၀၀ ပြန်လွှတ်ပေး

22195734_1562002077177085_3734311261820216029_n

ကသာ ၊ စက်တင်ဘာ ၂၇

ဧရာဝတီမြစ်ကြောင်းအတိုင်းသင်္ဘော၂စီးနဲ့သယ်ဆောင်လာတဲ့ နွားအကောင် ၅၀၀ ကို စက်တင်ဘာ ၂၆ ရက်နေ့မှာ ကသာမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာကနေ အခုပြန်လည်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

“ကသာမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ညဏ်ထွန်းက”ဟုတ်ပါတယ်။ လွှတ်ပေးလိုက်ပါပြီ။ ကချင်ပြည်နယ်အစိုးရအဖွဲ့က စစ်ကိုင်းတိုင်းကို အကြောင်းကြားစာလှမ်းပို့တယ်။ ရောက်တာနောက်ကျလို့ လို့ပြောတယ်။ သူတို့မှာတော့ မန္တလေးနဲ့ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၀ယ်ယူခွင့်လက်မှတ်တွေပါတယ်။ ပြီးတော့ မန္တလေးတိုင်းရဲ့ မွေးကုဦးစီးဌာနရဲ့ ထောက်ခံချက်ပါတယ်။ ကျွန်တော်တို့ ဖမ်းတုန်းကတော့ စစ်ကိုင်းတိုင်းဒေသကြီးဖြတ်သန်းသွားသယ်ဆောင်ခွင့်လက်မှတ်မပါလို့ဖမ်းတာပါ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကို ပေါ်ပြူလာနယူးစ်ကဆက်သွယ်မေးမြန်းရာမှာတော့ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး စီမံဘဏ္ဍာဝန်ကြီးကိုသာမေးမြန်းဖို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦး ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းနံပါတ်အ၀င်ခေါ်ဆိုမှုပိတ်ထားတဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီနွားအကောင် ၅၀၀ ရဲ့ပိုင်ရှင်ကတော့ ဗန်းမော်မြို့က ဖြစ်ပြီး သူတို့ဟာ မန္တလေးမြို့ကနေ ဧရာဝတီမြစ် အတိုင်းဗန်းမော်ကို သယ်ဆောင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပိုင်ရှင်ကတော့ ကချင်/တရုတ်လူမျိုးလို့သိရပါတယ်။မသင်္ကာလို့ အာဏာပိုင်တွေက စစ်ဆေးရာမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသယ်ယူပို့ဆောင်ခွင့် လက်မှတ်မပါဘဲ သယ်ဆောင်လာကြောင်းတွေ့ရှိခဲ့ရပြီးရဲကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရကတော့ ဒီကိစ္စအပေါ် ၄င်းတို့အနေနဲ့ ကချင်ပြည်နယ်အစိုးရရဲ့တောင်းဆိုမှုအရ ထောက်ခံစာရေးပေးခဲ့တာလို့ ပေါ်ပြူလာနယူးစ်ရဲ့ဆက်သွယ်မေးမြန်းမှုကို  ဖြေကြားခဲ့ပါတယ်။

“ကချင်နဲ့မန္တလေးနဲ့ထောက်ခံချက်နဲ့လုပ်ပေးတာပါ၊ ကချင်ပြည်နယ်မှာအသားတိုးကိစ္စတွေမွေးမြူမယ်ဆိုပြီးတော့ ကချင်ပြည်နယ်က request ကြောင့် ကျွန်တော်တို့ဆီက ထောက်ခံပေးတာပါ၊ ကျွန်တော်တို့ထောက်ခံချက်ပါတယ်ဆိုတာဟုတ်ပါတယ်၊ ပြည်သူလူထုအတွက် အသားတိုးကိစ္စရပ်တွေ လုပ်မယ်ဆိုလို့ ပြည်သူအတွက်အထောက်အကူဖြစ်အောင်လုပ်တာပါ၊ အစိုးရကတရားဝင်ခွင့်ပြုလိုက်တာပါ၊ ကျန်တဲ့အပိုင်းတော့ကျွန်တော်မသိပါဘူး” လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အတွင်းရေးမှူးဦးမြင့်တင်က ပြောခဲ့တာဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက “ပြန်လွှတ်ပေးလိုက်တာဟုတ်ပါတယ်။ ကျွန်တော်အသေးစိတ်တော့ရှင်းမပြတက်ဘူး” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

တစ်ကယ်လို့ မန္တလေးကနေ ဗန်းမော်ထိ အဆိုပါ နွား အကောင် ၅၀၀ ကို သယ်မယ်ဆိုရင် ကြားထဲမှာ စစ်ကိုင်းတိုင်းကိုဖြတ်သန်းရမှာဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းရဲ့ဖြတ်သန်းခွင့်လက်မှတ်လိုမှာဖြစ်ပါတယ်။

ဒီနွား အကောင် ၅၀၀ ကိုသယ်ဆောင်လာတဲ့ဧရာဝတီမြစ်ကြောင်းတလျှောက် မန္တလေးက နေ စစ်ကိုင်းတိုင်းအထိကို ကြားထဲမှာ မင်းကွန်း (ကင်းရုံး) ၊ သစ်ဆိမ့် ၊ ရှိန်းမကား ၊ အင်ဒေါင်း ၊ မှော်ဦး ၊ ထုံးကြီး ၊ စဥ့်ကူး ၊ ကျောက်မြောင်း (ကင်းရုံး) ၊ မအူ ၊ ရွှေကျင် ၊ ကဘွက် ၊အညာသီဟတော ၊ သပိတ်ကျင်း ၊ မလယ် ၊ တကောင်း၊ ကြံညှပ် ၊ ထီးချိုင့်၊ မြတောင် (ကင်းရုံး) စတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ကင်းရုံးကြီးတွေတည်ရှိနေတယ်လို့ သိရပါတယ်။

ဒီနွားအကောင် ၅၀၀ တင်သင်္ဘော ၂စီးဟာ အဆိုပါ စစ်ဆေးရေးဂိတ်တွေအားလုံးကိုကျော်ဖြတ်ပြီး စစ်ကိုင်းတိုင်း ကသာရောက်မှသာ စစ်ဆေးတွေ့ရှိဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*