ရှမ်းနီပြည်သူ့စစ်အမည်ခံ၍ ငွေကောက်ခံနေမှုများကို ပြန်လည်စစ်ဆေး အရေးယူမည်

ရှမ်းနီပြည်သူ့စစ်အမည်ခံ၍ ငွေကောက်ခံနေမှုများကို ပြန်လည်စစ်ဆေး အရေးယူမည်
October 2, 2017 Fame Asian

10:57 am
ရှမ်းနီပြည်သူ့စစ်အမည်ခံ၍ ငွေကောက်ခံနေမှုများကို ပြန်လည်စစ်ဆေး အရေးယူမည်

ဖားကန့် ၊ အောက်တိုဘာ ၂

ဖားကန့် – တနိုင်းဒေသတစ်လျှောက် ရှမ်းနီပြည်သူ့စစ်အမည်ခံပြီး ငွေကောက်ခံနေမှုတွေကို ပြန်လည်စစ်ဆေးပြီး အရေးယူသွားမယ်လို့သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က မြစ်ကြီးနားမြို့မှာပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေတွေ့ဆုံပွဲမှာ ကချင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ၀န်ကြီးက အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

“ရှမ်းနီပြည်သူ့စစ်အမည်ခံပြီးလက်နက်ကိုင်ပြီးလုပ်နေတာတွေရှိတယ်။ သူတို့ဟာ ရှမ်းနီလည်းမဟုတ်၊ ဌာနေဒေသခံတွေလည်းမဟုတ်ဘူး ။ ငွေကောက်စားနေတာ။ ဒီကိစ္စတွေတင်ပြတော့ လုံနယ်ဝန်ကြီးက ဒါတွေကို ပြန်လည်စစ်ဆေးပြီး အရေးယူသွားမယ်လို့ ပြန်ဖြေခဲ့ပါတယ်။ အဲ့ဒီနေရာတွေမှာ ဂိတ်တွေကလည်း အများကြီး” လို့ ဦးတင့်စိုးက ဆိုပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ ကြီးကြပ်ရေး ကော်မတီဆိုတဲ့ ကော်မတီကလည်း အခွန်ကောက်ကြောင်း သူတို့ရဲ့တစ်ရက်ဝင်ငွေဟာ မနည်းတဲ့ပမာဏရှိပေမယ့် တစ်ကယ်တန်းတင်ပြတဲ့ နှုန်းထားနဲ့ အဆမတန်ကွာဟနေတဲ့ကိစ္စကိုတင်ပြခဲ့ရာမှာလည်း လျှပ်စစ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း ဦးတင့်စိုးကပြောပါတယ်။

ဖားကန့် – တနိုင်းဒေသမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၊ ပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားနေပြီး လမ်းပိုင်းတွေမှာ ဆက်ကြေးကောက်တာ၊ ငွေကောက်ခံတာတွေ ပြုလုပ်နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီလမ်းတစ်လျှောက်မှာ ဆက်ကြေးကောက်ခံမှုဖြစ်လို့ တပ်မတော်စစ်ကြောင်းကရှင်းလင်းရေးဆောင်ရွက်ခဲ့ပါသေးတယ်။ဆက်ကြေးကောက်တဲ့ ကိစ္စနဲ့ ပတ်သက် ပြီးတော့လည်း လမ်းပိုင်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး ကားအစီး ၆၀၀ လောက် ပိတ်ဆို့မှုဖြစ်ပွာခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲနေ့က ဖားကန့်-တနိုင်း လီဒိုလမ်းတစ်လျှောက် ယုဇန မှစတင်ကာ မြေသိမ်းယာသိမ်းထားမှုများရှိကြောင်း အဆိုပါ သိမ်းဆည်းမြေဧရိယာအားလုံးကို အပြည့်အ၀အကောင်အထည်ဖော်ထားပြီးဖြစ်တယ်လို့ ပြောကြားထားပေမယ့် တစ်ကယ်တန်းအောင်ခြေတွင် မဟုတ်မှန်တဲ့အကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြခဲ့တယ်လို့ သိရပါတယ်။

“စုစုပေါင်း ၂ သိန်း ကျော်လောက်ရှိတယ်။ အဲ့ဒီမှာ ပီလောပီနံစိုက်ခင်းတွေရှိတယ်။ အားလုံးကိုအကောင်အထည်ဖော်ထားပြီးဖြစ်တယ်လို့ ပြောပေမယ့် တစ်ကယ် တန်းမြေပြင်မှာက အဲ့လိုမဟုတ်ဘူး။

ကျွန်တော်တို့ လွှတ်တော်မှာမေးခွန်းမေးတော့ သိမ်းဆည်းခံလယ်ယာမြေကိစ္စနဲ့ ပတ်သတ်ပြီး ဥပဒေနဲ့အညီ စစ်ဆေးပြီး တစ်ကယ်လုပ်ကိုင်မှုမရှိတဲ့ မြေတွေကို ပြန်သိမ်းမယ်ဆိုတာပြောထားပြီးသား၊ ဒါပေမဲ့ တစ်နှစ် ကျော်လာပြီး တစ်ကယ် အကောင်ထည်ဖော် ဆောင်ရွက်တာမရှိဘူး။ အဲ့ဒီကိစ္စတွေလည်းတင်ပြခဲ့တယ်။ ဒီတင်ပြချက်တွေကို မှတ်တမ်းယူသွားတယ်။ ဒီတော့ အစိုးရဆောင်ရွက်ဖို့ ထင်ပါတယ်” လို့ ဦးတင့်စိုးက ထပ်လောင်းဆိုပါတယ်။

ကချင်ပြည်နယ်ထဲက ပညာရေးကျန်းမာရေးလိုအပ်ချက်တွေ နဲ့ပတ်သတ်ပြီးတော့ လည်း သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကအသီးသီးတင်ပြသွားတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာတော့ ပြည်နယ်လူမှုဝန်ဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့တယ်လို့ သိရပါတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*