3:02 pm
ရန်ကုန်၊စက်တင်ဘာ ၂၇
အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရဲ့မြေပြင်အခြေအနေတွေအကြောင်း ရေးသားထားတဲ့အစီရင်ခံစာတစ်စောင်ကို ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ပြုစုခဲ့ပြီး ဒီကနေ့ သတင်းမီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ် ထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာမှာဆိုရင် ဘူးသီးတောင်မြို့ရဲ့လူဦးရေ ၂၀ ရာခိုင်နှုန်းလောက်သာ ရခိုင်၊မြို၊သက်၊ဒိုင်းနက်၊ဟိန္ဒူ လူမျိုးတွေဖြစ်ကြောင်း ၊ ဒေသခံတွေဟာ ပညာရေးနဲ့ ဖွံ့ဖြိုးမှု အလွန်အားနည်းနေတဲ့အကြောင်းတွေ ဖော်ပြထားပါတယ်။
အစီရင်ခံစာဟာစာမျက်နှာ ၁၃မျက်နှာပါရှိပြီး ဘူးသီးတောင်မြို့ ရဲ့ လူဦးရေရာခိုင်နှုန်းနဲ့ အလုပ်အကိုင်အခြေအနေ၊ဘူးသီးတောင်မှာ အကြမ်းဖက်မှုတွေ မဖြစ်ခင်က အခြေအနေ၊ပဠိပက္ခဖြစ်ပြီး အခြေအနေ၊ပဠိပက္ခတွေကြောင့် မိမိကျေးရွာကနေအပြင်မထွက်ဘဲ နေထိုင်နေတဲ့ကျေးရွာစာရင်းတွေကိုဖော်ပြထားပါတယ်။
ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ ဟာဆိုရင် နှစ်ပေါင်း၆၀ကျော်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရပ်တန့်စေဖို့ ၂၀၁၃ခုနှစ်က ရန်ကုန်ကနေလိုင်ဇာမြို့အထိ ငြိမ်းချမ်းစွာ လမ်းလျှောက်တောင်းဆိုခဲ့တဲ့ လူငယ်တွေ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
သီဟ