12:58 pm
ရန်ကုန်၊စက်တင်ဘာ ၂၅
ရွှေဝါတော်လှန်ရေး ၁၀နှစ်ပြည့် အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ ဓမ္မပိယ သာသနာ့ရိပ်သာတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အချက် ၃ချက်ကို အဓိကထားတောင်းဆိုခဲ့ပြီး ရွှေဝါရောင် တော်လှန်ရေး၁၀နှစ်ပြည့် သဘောထားထုတ်ပြန်ချက်နှင့် ဂုဏ်ပြုစကားများပြောကြားခဲ့ကြသည်ဟု သိရသည်။
နိုင်ငံလုံးဆိုင်ရာရွှေဝါရောင်သံဃာတော်များက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေးနှင့်နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးတို့ကို တောင်းဆိုခဲ့သည်။
“ပြည်သူတွေ စီးပွားရေးကျပ်တည်းလာပြီး ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် သံဃာတော်တွေဦးဆောင်ဆန္ဒပြလာတာ။ပြည်သူလူထုလဲပါဝင်လာတယ်။အဲ့လိုနဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးပေါ်ပေါက်လာတာ။”ဟုရွှေဝါရောင် ဦးဆောင်သံဃာတော် ဦးစန္ဒာသီရိကမိန့်သည်။
တပ်မတော်အစိုးရအုပ်ချုပ်မှုလက်ထက်အတွင်း စီးပွားရေးကျပ်တည်းမှုတွေကြောင့် သံဃာတော်များနှင့် ပြည်သူလူထုပါဝင်သည့် ရွှေဝါရောင်တော်လှန်ရေးကြီး ၂၀၀၇ခုနှစ်စက်တင်ဘာလ၁၈ရက်နေ့ ပေါ်ပေါက်ခဲ့ပြီး စက်တင်ဘာလ၂၆ရက်တွင် စစ်တပ်၏အင်အားသုံးဖြိုခွင်းခဲ့ခြင်းကို ခံခဲ့ရသည်ဟု ဦးစန္ဒာသီရိကဆက်မိန့်သည်။
သီဟ