“ဆင်မကလေး မြစ်တရာမေ နှင့် နားလည်ရခက်သည့်လူသားများ

“ဆင်မကလေး မြစ်တရာမေ နှင့် နားလည်ရခက်သည့်လူသားများ
September 18, 2017 Fame Asian

3:50 pm
“ဆင်မကလေး မြစ်တရာမေ နှင့် နားလည်ရခက်သည့်လူသားများ

Untitled-1

” ဝူး –ဝူးးးးးးးးး”

သူမ လွမ်းဆွတ်တမ်းတစွာ အော်မြည်လိုက်သည်။

” သမီးလေး မြစ်တရာမေ ဘာဖြစ်နေတာလဲဟေ့ ” “ရော့—ရော့” ဟုဆိုကာ ဆင်ခေါင်း တစ်ယောက်က သူမရှေ့ သို့ကြံတစ်ချောင်းချပေးသည်။သူမသည် အမေ့ကို လွမ်းနေမိခြင်းဖြစ်သည်။ဟုတ်ပါသည်—သူမသည်အမေမရှိတော့သည့် ဆင်မလေးတစ်ကောင်သာဖြစ်ပါသည်။

သူမ၏ အမေ ဆင်မကြီးသည် ရက်စက်လှသော ဆင်မုဆိုးများ၏ လက်ချက်ဖြင့် သူမ၏ မျက်စိရှေ့တွင်ပင် လဲကျသေဆုံး သွားခဲ့ချေပြီ။
သူမ မှတ်မိပါသေးသည် ထို့နေက သူမ၏ မိခင် ဆင်မကြီးနဲ့ ဆင်အုပ်တစ်အုပ်သည် စမ်းချောင်းဘေးရှိ တောအုပ်တစ်အုပ်တွင် ဝါးပင်များ သစ်ရွှက်နုများ ချိုးဖဲ့စားသောက်နေခဲ့ကြသည်။ မိခင်ဆင်မကြီးသည် အဝေးတစ်နေရာ ရှိစိုက်ခင်းများ လူနေတဲများကိုပြကာ ထိုနေရာများသည် ယခင်က မိမိတို့ ဆင်အုပ်များ ကျက်စားခဲ့ရာ စိမ်းညို့နေသော သစ်တော များ ဝါးတောများရှိခဲ့ကြောင်း စားသောက်ဖွယ်ရာ အလွန်ပေါကြောင်း ပြောပြနေသည်။
သူမ လှမ်းမြင်မိသည်မှာ တောင်ကတုံးများ မီးခိုတလူလူထွက်နေသော တဲလေးများသာဖြစ်သည်။ယခု အခါ အစာရေစာရှားပါးလာသည့်အတွက် လူများစိုက်ပျိုးထားသော စပါးခင်းများ၊ ငှက်ပျောခင်းများကို မိမိတို့ဆင်အုပ်များ ဝင်ရောက်စားသောက်မိကြသည်။ ထိုသို့ ဝင်ရောက်စားသောက်ခြင်းကို လူများက အလွန်ဒေါသ ထွက်၍ ခြောက်လှန့်ပစ်ခတ် မောင်းထုတ်တတ်ကြသည်။ ထိုအခါမျိုးတွင် တောအုပ်အတွင်းသို့ ဝင်ပြေးရကြောင်း ၊ တခါတရံ မရှောင်သာ၍ ထိပ်တိုက်တွေ့သည့်အခါ ဆင်နှင့် လူသား တို့ ပဋိပက္ခဖြစ်ရကြောင်း မိခင်ဆင်မကြီးက ပြောပြနေသည်။
ထို့အပြင် ယခုအခါ မိမိတို့ဆင်များမှာ အစွယ်သာ မက အရေပြားပါ ရလိုမှုကြောင့် လိုက်လံအမဲလိုက်သတ်ဖြတ်ခံနေရသောကြောင့် အစစအရာရာ သတိရှိရန် အမေက သူမအား သင်ပြပေးနေခဲ့သည်။ သူမကား မိခင်ဆင်မကြီးပြောသည်ကို နားမဝင် ချိုမြိန်လှသော ပြောင်စာရွှက်နုများကိုသာ အငမ်းမရ ဆွဲယူစားသောက်နေခဲ့သည်။

ထိုစဉ်—–

” ဒိုင်း” ဟူသောအသံနှင့်အတူ မိခင် ဆင်မကြီးထံမှ မချိမဆန့် နာကျင်စွာအော်ဟစ်သံကိုကြားရလေသည်။ ဆင်အုပ်များ၏ ဝရုန်းသုန်းကာ တောတိုးသံများကိုလည်းကြားနေရသည်။ ကြောက်လန့်တကြားဖြင့် ဦးတည်ရာမဲ့ သူမပြေးခဲ့သည်။ ချုံကွယ် တစ်ခုရောက်မှ မိခင်ဆင်မကြီးကို တိတ်တဆိတ် ချောင်းကြည့်နေခဲ့သည်။ သူမမိခင်ဆင်မကြီးသည် သွေးများအိုင်ထွန်းလျက် မချိမဆန့်လူးလှိမ့်နေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း သူမရင်တွေ ဗလောင်ဆူလာပြီး နာနာကျည်းကျည်း အော်ဟစ်လိုက်သည်။

မိခင် ဆင်မကြီးထံမှ သူမကို လွှတ်အောင်ပြေးရန် ဝေဒနာ ခံစားနေရသည့်ကြားမှ အချက်ပေးသံကိုလည်း ကြားရသည်။ ထိုစဉ် လူသံများကြားရ၍ သူမ ခေတ္တငြိမ်နေလိုက်သည်

” ယမ်းခိုးတွေ ဝေနေသည့် သေနတ်ကို လွယ်ထားသည့် လူတစ်ယောက် သူမ၏ မိခင် ဆင်မကြီး လဲကျနေရာသို့ ထွက်လာကာ ကျေနပ်အားရသော မျက်နှာဖြင့် လှည့်ပတ်ကြည့်ရှုနေသည်။ သူမ၏ မိခင် ဆင်မကြီးကတော့ မချိမဆန့်ဖြင့် အသက်ထွက် သွားချေပြီ။ လူသားများ၏ ရက်စက်ကြမ်းကြုတ်မှုကို သူမမျက်မြင် ကိုယ်တွေ့ ခံစားလိုက်ရသည်။ ထိုမြင်ကွင်းကို သူမ စိတ်ထဲစွဲနေအောင် ကြည့်ထားလိုက်သည်။

“ကျွီး—–” နာကျည်စွာ တစ်ချက်အော်လိုက်ပြီး ထိုနေရာမှ သူမ အမြန်ဆုံးပြေးထွက်ခဲ့သည်။ တစ်နေ့သူမ အရွှယ်ရောက်လာသောအခါ လူသားများကို လက်စားချေရမည်။ လက်စားချေရမည်—–

ဂယောင်ချောက်ချားဖြင့် နာရီပေါင်းများစွာ ရက်အတော်ကြာ သူမပြေးခဲ့သည် မိမိဆင်အုပ်ဖြင့်လည်း ကွဲခဲ့ချေပြီ။ မောမော ပန်းပန်းဆာဆာလောင်လောင်ဖြင့် သူမ လယ်ကွင်းပြင်သို့ရောက်လာခဲ့သည်။ အားရ ဝမ်းသာဖြင့် စပါးပင်များကို ဆွဲယူကာ သူမ စားသောက်လိုက်သည်။ စားရင်း တစုံတရာကို သတိရကာ သူမ အော်ဟစ်လိုက်သည် ထို့နောက် လယ်ကွက်များကို နင်းချေဖျက်စီးတော့သည်။ ထိုစဉ် လူသားတစ်ဦးက သူမအား လာရောက်ခြောက်လှန့်နေသည်။ သူမ မကြောက်တော့ ထိုလူသားထံပြေးတိုက်လိုက်တော့သည် လူသားက နောက်ပြန်လှည့်ပြေးလေသည်။ သူမသည် စပါးခင်းများကို စိတ်ရှိလက်ရှိဖျက်စီးနေတော့သည်။

မကြာမီ —လူနံ့များနှင့် မိမိတို့ဆင်နံ့ကို သူမရမိလေသည်။ သူမမော့ကြည့်လိုက်သည်

စွယ်စုံ ဆင်ကြီးတစ်ကောင်နှင့် ဆင်မကြီးတစ်ကောင် သူတို့ကျောကုန်းထိပ်တွင် လူများစီးနင်း လိုက်ပါလာသည့် မြင်ကွင်း——
သူမ အံ့သြ မှင်သက်စွာ ခေတ္တငေးကြည့် မိသည်။ ထိုလူတို့၏ လက်ထဲတွင် ကြိုးကွင်းများ ကိုင်ဆောင်ထားကြသည်။ သူမ ကြာကြာ စဉ်းစားချိန်မရ အနီးရှိတောစပ်သို့ ဝင်ပြေးသည်။

မလွတ်ပါချေ။ စွယ်စုံဆင်ကြီးနှင့် လူများ သူမကို မှီလာကြသည် ။ သူမကို ဆင်ပေါ်ရှိလူများက ဆင်နှစ်ကောင်ညှပ်၍ ကျင်လည်စွာ ကြိုးကွင်းစွပ်ဖမ်းလိုက်ကြသည်။ သူမအားကုန်ရုန်းသည် မလွှတ်ပါချေ ရုန်းကန်ရလွန်း၍ သူမ လည်ပင်ရှိအရေပြားများ စုတ်ပြတ်လာသည်။ သူမ ကြောက်လာသည် မကြာမီ သူမလည်း မိခင်ဆင်မကြီး ကဲ့သို့သေရတော့မည်။သူမ မျက်ရည်များကျလာသည်။

သူတို့သည် သူမအား စွယ်စုံဆင်ကြီးဘေးတွင်ကြိုးဖြင့်တွဲခေါ်လာသည်။ သူမ မလိုက်ချင် လိုက်ချင်ဖြင့် ပါလာခဲ့သည်။ လမ်းတစ်လျှောက် လူများက သူမကို အထူးအဆန်းကဲ့သို့ ဝိုင်းအုံကြည့်ရှုနေကြသည်။ တချို့က သူမသွားရာသို့ လိုက်ပါလာကြသည်။ သူမကို “သတ်ပစ်ကြတော့မည်လော ” သူမ ဝမ်းနည်းအားငယ်ကာ အော်ဟစ်မိသည်။

အဆောက်အဦးတစ်ခုဘေးသို့ရောက်သောအခါ သူမကို သစ်ပင်ကြီးတစ်ပင်တွင် ချည်နှောင်လိုက်သည်။ ထို့နောက် ကြံတစ်ချောင်းချကျွေးသည် သူမ မစား—ထို့နောက် ငှက်ပျောအူ နုလေးများ ချကျွေးရင်းသူမနား လူတစ်ယောက်ကပ်လာသည် သူမ နှာမောင်းဖြင့် ဝှေ့ရမ်းတိုက်ခိုက်လိုက်သည်။ ထိုလူက ကျင်လည်စွာရှောင်တိမ်းရင်း

” သမီးလေးက စိတ်ဆိုးနေတာကိုး” ဟုဆိုကာ သူမ ကိုယ်ကို ပွတ်သပ်ပေးသည်။ လူတစ်ယောက်က သူမအနာများကို ဆေးထည့်ပေးသည်။

တစ်ရက် နှစ်ရက် တစ်လ နှစ်လ——
ယခုတော့ သူမ ပျော်လာပါပြီ။

သူတို့က သူမအား ငှက်ပျောသီးမှည့်များကျွေးသည်။ ကြံချောင်းများ ချကျွေးသည်။ သူမဦးခေါင်းကို ပွတ်သပ်ပေးကြသည်။ကလေးငယ်များက လည်း သူမအနားဝိုင်းကြည့်နေကြသည်။ သူမ အရင်လို လူတွေကို စိတ်မဆိုးတော့ လူတွေနဲ့နေရတာပျော်လာသည်။ သူတို့နှင့် ချောင်းထဲတွင် ရေချိုးရတာပျော်လာမိသည်။ မနက်ပိုင်း လမ်းလျှောက်ထွက်လျှင် ကလေးများက လိုက်ပါ ကြသည်။ သူမအနာများလည်း တဖြည်းဖြည်းသက်သာ လာခဲ့ပြီ။ သူမကို သူတို့က “မြစ်တရာမေ”ဟု နာမည်ပေးထားကြသည်။ သူမအလွန်သဘောကျမိသည် “သမီးလေး မြစ်တရာမေ” ဟုခေါ်တိုင်း သူမမောကြည့်တတ်နေပြီ။

သို့သော် သူမ၏ မိခင် ဆင်မကြီး အသတ်ခံခဲ့ရသည့် မြင်ကွင်းကို တွေးမိသည့်အခါ သူမသည် လူတွေကို မယုံရဲသေးပါချေ။

သူမ စိတ်ထဲမှာ အခါခါပြောမိသည် ကာ”လူတွေက သိပ်ထူးဆန်းတယ်အမေ” ဟူ၍သာ——-

အောင်ကျော်မြင့်(FOW)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*