အကြမ်းဖက် အန္တရာယ် စိုးရိမ်နေရဆဲ ဒေသများသို့ ဆရာ/မများ အတင်းအကြပ် ပြန်လည် စေလွှတ်ခြင်း မပြုရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ/မ အဖွဲ့ချုပ်တောင်းဆို

အကြမ်းဖက် အန္တရာယ် စိုးရိမ်နေရဆဲ ဒေသများသို့ ဆရာ/မများ အတင်းအကြပ် ပြန်လည် စေလွှတ်ခြင်း မပြုရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ/မ အဖွဲ့ချုပ်တောင်းဆို
September 13, 2017 Asian Fame

11:47 am
အကြမ်းဖက် အန္တရာယ် စိုးရိမ်နေရဆဲ ဒေသများသို့ ဆရာ/မများ အတင်းအကြပ် ပြန်လည် စေလွှတ်ခြင်း မပြုရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ/မ အဖွဲ့ချုပ်တောင်းဆို

Myanmar-Teacher's-Fed(ရန်ကုန် ၊ စက်တင်ဘာ ၁၃)

ရခိုင်ပြည်နယ်ထဲက အကြမ်းဖက် အန္တရာယ် စိုးရိမ်နေရဆဲ ဒေသတွေကို ဆရာ၊ ဆရာမတွေ အတင်း အကြပ် ပြန်လည်စေလွှတ်ခြင်း မပြုဖို့နဲ့ အခြေအနေ တည်ငြိမ်ကြောင်းအာမခံနိုင်မှသာ စေလွှတ်ပေးဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ကတောင်းဆိုလိုက်ပါတယ်။

အခြေခံပညာ ဦးစီးဌာန ရခိုင်ပြည်နယ်ပညာရေးမှူးရုံး (စစ်တွေ) က စက်တင်ဘာ ၁၂ ရက်နေ့စွဲ နဲ့ စာတစ်စောင်ကို မနေ့က ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီစာမှာ ယခုအခါမောင်တောဒေသ လုံခြုံရေးကို ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့ အတွက် ခေတ္တတိမ်းရှောင်ကြတဲ့ မောင်တောမြို့နယ် ၊ ဘူးသီးတောင်မြို့နယ် ၊ ရသေ့တောင်မြို့နယ် တွေရှိ အခြေခံပညာကျောင်း ၊ရုံးတွေက အမှုထမ်းတွေ ၊ ဆရာ ၊ ဆရာမတွေ ၊ ၀န် ထမ်းတွေ အနေနဲ့ စက်တင်ဘာ ၁၇ ရက်နေ့နောက်ဆုံးထားပြီး မိမိတို့ တာဝန်ကျရာ ကျောင်း/ရုံး အသီးသီးသို့ ပြန်လည် တာဝန် ထမ်းဆောင် ဖို့နဲ့ မလိုက်နာရင် ၀န်ထမ်း စည်းမျဥ်း စည်းကမ်းတွေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ့် အကြောင်း ဖော်ပြပါရှိပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်(MTF) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး အခုလို တောင်းဆို လိုက်တာဖြစ်ပါတယ်။

MTFရဲ့ ထုတ်ပြန်ချက်မှာ အခြေခံပညာ ဦးစီးဌာန ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ရဲ့ ထုတ်ပြန်ချက်ပါ အကြောင်းအရာတွေဟာ အတင်း အကြပ် သဘော ဖြစ်နေတာကို ၀မ်းနည်းဖွယ် တွေ့ရှိရကြောင်း နဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ အေးချမ်းသာယာရေးအတွက် ပညာရေးကို အားစိုက်လုပ်ဆောင်ရမည်မှာ အမှန် ဖြစ်ပေမယ့် အခုလိုအခြေအနေမှာ နိုင်ငံ တာဝန်ထမ်းဆောင်ကြရမယ့် ဆရာဆရာမတွေအတွက် အချက်အချို့ကိုဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်တဲ့ ဒေသတွေကို ဆရာ၊ ဆရာမတွေ အတင်း အကြပ် ပြန်လည်စေလွှတ်ခြင်း မပြုဖို့ ၊ အခြေအနေတည်ငြိမ်ကြောင်းအာမခံနိုင်မှသာ စေလွှတ်ပေးဖို့ ၊ စေလွှတ်ရာမှာလည်း ဆရာ၊ဆရာမတွေရဲ့ လုံခြုံရေးကို အပြည့်အ၀ အာမခံ ပေးဖို့ ၊ အကြမ်းဖက်အန္တရာယ်ကြောင့် ဆရာ၊ဆရာမများအပေါ် ဘေးအန္တရာယ် တစ်စုံတစ်ခု ကျရောက်လာခဲ့ရင် အခြေအနေ မတည်ငြိမ်သေးမီ အတင်းအကြပ်စေလွှတ်တဲ့ တာဝန်ရှိသူအနေနဲ့ အပြည့်အ၀ တာဝန် ယူပေးဖို့ ၊ အကြမ်းဖက်ခံရမှုကြောင့် ဆရာ ဆရာမတွေရဲ့ ဆုံးရှူံးမှုတွေ အတွက် နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ ၊ အကြမ်းဖက်မှု ကို ကိုယ်တွေ့ တွေ့ကြုံခဲ့ရတဲ့ ဆရာဆရာမအချို့ဟာ စိတ်ဒဏ်ရာတွေ ရရှိခဲ့မှာ ဖြစ်တာကြောင့် အကယ်၍ ကာယကံရှင်က မသွားလိုဘူး ဆိုရင် အတင်းအကြပ်စေလွှတ်ခြင်းမပြုဘဲ ကာယကံရှင်ရဲ့ ဆန္ဒနဲ့အညီ ညှိနှိုင်း ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်မှုကြောင့် တည်ငြိမ် အေးချမ်းမှု ရှိလာတဲ့အတွက် ကြိမ်ချောင်း ကယ်ဆယ်ရေး စခန်း၊ တောင်ပြိုလက်ဝဲ ကယ်ဆယ်ရေးစခန်း၊ ငါးကျည် တောက်ရွာ ကယ်ဆယ်ရေးစခန်း၊ အင်းဒင်ကျေးရွာ ကယ်ဆယ်ရေး စခန်းနဲ့ ဝါးခုတ်ချောင်း တပ်နယ်မှာရှိတဲ့ နယ်မြေခံတပ်ရင်းတွေမှာ ခေတ္တပြောင်းရွှေ့ရောက်ရှိနေကြတဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူ စုစုပေါင်း ၁၄၇၂ ဦး တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနီးကပ်လမ်းကြောင်း လုံခြုံရေး လိုက် ပါစောင့်ရှောက်ပေးပြီး သူတို့ရဲ့ မူလ နေရပ်တွေဆီကို ပြန်လည်ပြောင်းရွှေ့ပေးခဲ့ကြောင်းကိုတော့ သတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပြန်ထားပါတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*