သစ်မှောင်ခိုကားပေါ်မှာ ရဲအုပ်တစ်ဦး တွေ့လို့ သက်ဆိုင်ရာက ဖမ်းဆီး ထိန်းသိမ်းခဲ့တယ် ဆိုတဲ့သတင်းရဲ့ လက်ရှိ အခြေအနေ

သစ်မှောင်ခိုကားပေါ်မှာ ရဲအုပ်တစ်ဦး တွေ့လို့ သက်ဆိုင်ရာက ဖမ်းဆီး ထိန်းသိမ်းခဲ့တယ် ဆိုတဲ့သတင်းရဲ့ လက်ရှိ အခြေအနေ
September 13, 2017 Asian Fame

4:24 pm
သစ်မှောင်ခိုကားပေါ်မှာ ရဲအုပ်တစ်ဦး တွေ့လို့ သက်ဆိုင်ရာက ဖမ်းဆီး ထိန်းသိမ်းခဲ့တယ် ဆိုတဲ့သတင်းရဲ့ လက်ရှိ အခြေအနေ

(ပင်လည်ဘူး ၊ စက်တင်ဘာ ၁၃)

ကသာခရိုင် ၊ ပင်လည်ဘူးမြို့နယ် ထဲမှာ တမလန်းသစ်တွေ မှောင်ခို သယ်ဆောင်လာတဲ့ မော်တော်ယာဉ်ကို သက်ဆိုင်ရာ ကဖမ်းဆီးစဉ် ယာဉ်ပေါ် မှာ ဒုရဲအုပ်တစ်ယောက်ကိုပါတွေ့ရှိလို့ ဖမ်းဆီးထိမ်းသိမ်းခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်မှာ အဆိုပါယာဉ်ပေါ်ပါတဲ့ ရဲအုပ် ဟာ ပြင်ဦးလွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ရဲအုပ်တစ်ဦးဖြစ်ပါတယ်။

သူ့ကို ခေါ်ယူထိန်းသိမ်းထားတဲ့ ရဲတပ်ဖွဲ့က စစ်ဆေးရာမှာတော့ “လက်ရှိထွက်ဆိုချက်အရတော့ သူက သပိတ်ကျင်းကို တာဝန်နဲ့ သွားရင်း သစ်တင်လာတဲ့ကားကို လမ်းကြုံစီး လိုက်လာတာ။ အဲဒီ ကားကိုဖမ်းတော့ သစ်တွေနဲ့ သူ့ကိုတွေ့လို့ သူပါအဖမ်းခံ လိုက်ရတယ် လို့ပြောတယ်။ သူ့ကိုချုပ်ရက်နဲ့ချုပ်ပေးထားပါဆိုလို့ ကျွန်တော်ချုပ်ပေးထားတာ။ အခုတော့ စစ်ဆေးရေးအဖွဲ့က လာခေါ် သွားပြီ” လို့ ပြင်ဦးလွင်မြို့မရဲစခန်းရဲ့စခန်းမှူး ဒုရဲမှူး ခိုင်ဝင်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

သူ့ကိုပြင်ဦးလွင်မြို့မ ရဲစခန်းမှာ ၂ ရက်ချုပ်ထားခဲ့ပြီး ဒီကနေ့မှာတော့ စစ်ဆေးရေး အဖွဲ့က ပင်လည်ဘူး ရဲစခန်း ကိုခေါ်ဆောင် သွားပြီး စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူလိုက်ပါလာတယ် ဆိုတဲ့ သစ်မှောင်ခို ကားပေါ်မှာ အခြားအရပ်သား ၂ဦးလည်း ပါသေးတယ် လို့သိရပါတယ်။

လက်ရှိ သိရသလောက်ကတော့ သူတို့ အားလုံးကို ပင်လည်ဘူးမြို့မ ရဲစခန်းမှာ ၃ ဦးဆိုင်ပြီး စစ်ဆေး မှာဖြစ်တယ်လို့ ပင်လယ် ဘူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မင်းစိန် က ပြောပါတယ်။

“အရပ်သား ၂ယောက်ရဲ့ ထွက်ဆိုချက်အရပဲ သိရသေးတယ် ။ သူတို့သယ်လာတယ် လို့ပဲ ပြောတယ်။ ဒါပေမဲ့ လောလောဆယ် တော့ ဘာမှ မပြောနိုင်သေးဘူး။ သူတို့၃ ယောက်စလုံးကို ဆိုင်ပြီး စစ်ဆေးကြည့်တော့မှ အဖြစ်မှန်ပေါ်လာမှာလေ” လို့ သူက ဆိုပါတယ်။

YL/TH

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*