အုပ်ချုပ်ရေးမှူးတွေနဲ့ အဆင်မပြေလို့ စာရင်းအသွင်းမခံခဲ့ရတဲ့ ကျူးကျော် ၆၀၀ ကျော်ရှိ

အုပ်ချုပ်ရေးမှူးတွေနဲ့ အဆင်မပြေလို့ စာရင်းအသွင်းမခံခဲ့ရတဲ့ ကျူးကျော် ၆၀၀ ကျော်ရှိ
September 13, 2017 Fame Asian

2:50 pm
အုပ်ချုပ်ရေးမှူးတွေနဲ့ အဆင်မပြေလို့ စာရင်းအသွင်းမခံခဲ့ရတဲ့ ကျူးကျော် ၆၀၀ ကျော်ရှိ

kyu-kyaw1

ရန်ကုန် ၊ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းအတွင်းမှာ အုပ်ချုပ်ရေးမှူးတွေနဲ့အဆင်မပြေလို့  စာရင်းအသွင်းမခံရဘဲ ချန်ထားခံခဲ့ရတဲ့ကျူးကျော် ၆၀၀ ကျော်ရှိနေတယ်လို့  ဒဂုံမြို့ သစ်တောင်ပိုင်းမြို့ နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောပါတယ်။

” ကျူးကျော်စာရင်းကောက်မှုတွေကတော့ ပြီးသွားပြီ။ တစ်ချို့ မြို့ နယ်တွေမှာလည်း ကျန်ခဲ့တာတွေရှိပါတယ်။မရှိလို့ ကျူးတဲ့လူတွေကို အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ သူတို့ ရဲ့ချစ်ခြင်းမုန်းခြင်းတွေနဲ့ ပေါ့ စိတ်ခံစားချက်တွေအပေါ်မူတည်ပြီးတော့ သူတို့ နဲ့ အဆင်မပြေဘူးဆိုပြီး ထားခဲ့တဲ့ကျူးတွေအများကြီးကျန်နေတာတွေ့ ရတယ်” လို့ ဦးညီညီကပြောပါတယ်။

ကျူးကျော်စာရင်းကောက်ယူမှုလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဦးညီညီက အခုကျန်ရစ်ခဲ့တဲ့ ကျူးကျော်တွေကို လက်ရှိလုပ်ဆောင်နေတဲ့လုပ်ငန်းတွေပြီးတဲ့အခါ နောက်ထပ်ကဏ္ဍတစ်ခုအနေနဲ့ တာဝန်ရှိသူတွေကို တင်ပြပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျူးကျော်စာရင်းသွင်းရာမှာ ကျန်ရှိနေခဲ့တဲ့ ကျူးကျော်နေထိုင်သူတွေကို စာရင်းထဲကိုထည့်ပေးဖို့ အတွက် လက်ရှိမှာ နှုတ်အားဖြင့်ပြောဆိုထားပြီး ၀န်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ ကို စာနဲ့ တင်ပြသွားမယ်လို့ သူကထပ်လောင်းဆိုပါတယ်။

ကျန်နေခဲ့တဲ့ ကျူးကျော် ၆၀၀ လောက်မှာ အမှန်တကယ်နေထိုင်စရာမရှိသူ အများအပြားပါဝင်ပြီး အခွင့်အရေးရလိုတဲ့ပုံစံတွေလည်းပါတာမို့ စီစစ်ဖို့ လိုတယ်လို့ လည်း ဦးညီညီကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကျူးကျော်စာရင်း ကောက်ယူမှုတွေကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရဲ့ လမ်းညွှန်မှုနဲ့ ကျူးကျော်စာရင်း ကောက်ယူရေးကော်မတီက ဆောင်ရွက်နေတာဖြစ်ပြီး ကျူးကျော်အသိအမှတ်ပြု စမတ်ကတ်များပြုလုပ်ပေးနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခုမှာ ကျူးကျော်နေထိုင်သူဦးရေ ၄ သိန်းကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၁ သိန်း၆ သောင်းကျော်ရှိတယ်လို့ ကျူးကျော်စာရင်းကောက်ယူ ရေးကော်မတီမှသိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ လှည်းကူးနဲ့ အခြားသော မြို့ နယ်တွေမှာ နေထိုင်တဲ့ ကျူးကျော် နေထိုင်သူတွေဟာ အစိုးရပိုင်မြေ၊ စက်မှုဇုန် နယ်မြေများ၊ ရထားလမ်းဘေးဝဲယာနဲ့ ပုဂ္ဂလိက ပိုင်မြေတွေ၊ စည်ပင်မြေတွေနဲ့ လယ်မြေတွေမှာ အများဆုံးကျူးကျော်နေထိုင်လျက်ရှိကြပါတယ်။

ကျူးကျော်စမတ်ကတ်တွေကိုတော့ ပြီးခဲ့တဲ့ လပိုင်းတွေကစတင်ပြီး မြို့ နယ်အလိုက် ထုတ်ပေးခဲ့ကြပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*