1:55 pm
(ရန်ကုန်၊ စက်တင်ဘာ ၁)
မုံရွာမြို့နယ်မြေ ရဲစခန်းအချုပ် ကနေ သြဂုတ်လ ၃၀ ရက်နေ့မှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့ အချုပ်သား ၃ ဦးကို ပြန်လည် ဖမ်းမိခြင်း မရှိသေးဘူး လို့ သိရပါတယ်။
ဒီအချုပ်သား ၃ဦးဟာ သက်ငယ် ကလေးခိုးယူမှု ၊ မုဒိန်းမှု ၊ ကလေးခိုးမှု ၊ လုယက်မှုတွေနဲ့ အချုပ်ကျနေသူတွေ ဖြစ်ပြီး အချုပ်ခန်း အမှတ်၂မှာ သီးသန့်ချုပ်ခံထားရသူတွေ ဖြစ်ပါတယ်။
“သူတို့တွေက သံဖြတ်လွှနဲ့ အချုပ်ခန်းသံတိုင်ကို ဖြတ်တာ။သံတိုင်ကိုကွေး ဆွဲဆန့်ပြီး အချုပ်ခန်းထဲက ထွက် အပြင်အုတ် နံရံလေ သာပြတင်းပေါက်က ထွက်ပြေးတာ အခုထိမမိသေးဘူး ။တောထဲ ဝင်ပြေးတယ်ကြားလို့ နယ်ထိန်းတွေနဲ့ ကျွန်တော်တို့ တောထဲ လိုက်ဖမ်းနေ ပါတယ် “လို့ နယ်မြေရဲစခန်းရဲ့ စခန်းမှူး ရဲအုပ် ရဲအောင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
သူတို့ကို ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ပုဒ်မတွေဟာဆိုရင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၂/၁၁၄၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၆၊ ၃၇၆၊ ၃၆၃၊ ၁၁၄ နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၉ ကျင့် ၅၄ တို့ဖြစ်တယ် လို့ မုံရွာမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျင်စိန်ကပြောပါတယ်။
“သံဖြတ်လွှနဲ့ အသံမထွက်အောင် ဖျက်သွားတယ် ။ဘေးက အချုပ်ခန်းမှာ ရှိတဲ့ အချုပ်သား သုံးဦးလဲ မသိလိုက်ဘူး။သူတို့ ဘယ်က လွှရတယ်။ ဘယ်သူတွေကူညီတယ် ဆိုတာ တရားခံတွေ မိမှသိမှာ။ နယ်မြေရဲစခန်းက စခန်းမှူးရော၊ နယ်ထိန်းတွေရော တောထဲထိ လိုက်ဖမ်းနေပါတယ် “လို့ ဒုရဲမှူးကျင်စိန်ကပြောပါတယ်။
သီဟ