တိုင်းရင်းသားလူမျိုးတွေရဲ့ DNA မျိုးရိုးဗီဇဖွဲ့စည်းမှု မှတ်တမ်းထားရေး အဆို ရှုံးနိမ့်

တိုင်းရင်းသားလူမျိုးတွေရဲ့ DNA မျိုးရိုးဗီဇဖွဲ့စည်းမှု မှတ်တမ်းထားရေး အဆို ရှုံးနိမ့်
August 29, 2017 Fame Asian

2:11 pm
တိုင်းရင်းသားလူမျိုးတွေရဲ့ DNA မျိုးရိုးဗီဇဖွဲ့စည်းမှု မှတ်တမ်းထားရေး အဆို ရှုံးနိမ့်

21078756_1582786771780056_5618072943051665304_n

နေပြည်တော် ၊ သြဂုတ် ၂၉

“တိုင်းရင်းသား လူမျိုးတစ်မျိုးချင်းစီရဲ့ ‘စံပြုကိုးကားနိုင်တဲ့ DNA မျိုးရိုးဗီဇ ဖွဲ့စည်းမှု မှတ်တမ်း’ ဆောင်ရွက်ထားရှိပေးဖို့တိုက်တွန်းတဲ့ အဆို” ဟာ ဒီကနေ့ လွှတ်တော်မှာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီအဆိုကို မိတ္ထီလာမဲဆန္ဒနယ်အမတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အဆိုနဲ့ပတ်သက်ပြီး ကိုယ်စားလှယ် ၆ ဦးက အသီးသီးသဘောထားအမြင်တွေတင်ပြဆွေးနွေးခဲ့ကြပါတယ်။

အဆိုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အလုပ်သမားနဲ့လ၀က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ရှင်းလင်းရာမှာ အဆိုဟာ သင့်တင့်ပြီးဆောင်ရွက်သင့်တဲ့အဆိုဖြစ်ပေမယ့် ဥပဒေပြင်ဆင်ရေးဆွဲဖို့အပိုင်း ၊ အဆင့်မီဓါတ်ခွဲခန်းနဲ့ ဆက်စပ် ပစ္စည်းတွေ လိုအပ်ချက် ၊ ကျွမ်းကျင်ပညာရှင်တွေလိုအပ်ချက်တွေရှိနေတာကြောင့် ဆောင်ရွက်ဖို့ အခက်အခဲရှိနေကြောင်း ၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ ပညာရေးဝန်ကြီးဌာန ၊ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန ၊ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာန ၊ တပ်မတော်က ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရမယ့်ကိစ္စဖြစ်တာကြောင့် အဆိုကို မှတ်တမ်းတင်ပေးဖို့သာ ပြောကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဆှိုရှင်ဖြစ်သူ ဒေါက်တာမောင်သင်းက…

“ဒီကနေ့စထားမှ ပြည်ထောင်စုဝန်ကြီးပြောထားတဲ့အချက်တွေကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အစိုးရကို အကြပ်အတည်းဖြစ်အောင် အဆိုတင်သွင်းတာမဟုတ်ပါဘူး။ဆောင်ရွက်သင့်တာကိုဆောင်ရွက်နိုင်ရန်အကြံပြုတိုက်တွန်းခြင်းသာဖြစ်ပါတယ်။ပညာရှင် ၁၀ ဦးမှ ၂၀ ဦးလောက်သာလိုအပ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ အစိုးရက ပံ့ပိုးပေးဖို့သာလိုပါတယ်။မန္တလေးနဲ့ ပုသိမ်တက္ကသိုလ်မှာ ပစ္စည်းမရှိဘူးဆိုတာ လက်ခံပါတယ်။ပညာရှင်မရှိဘူးဆိုတာတော့မဟုတ်ပါဘူး။နိုင်ငံတော်အကျိုးစီးပွားအတွက်ပါ ။အဆိုဟာ မည်သည့်ပါတီအတွက်မှမဟုတ်ပါဘူး ။ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ရေရှည်အကျိုးအတွက်ပါ။၁၉၈၂ နိုင်ငံသားဥပဒေကိုတိတိကျကျ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့အဆိုကို အတည်ပြုပေးဖို့ တင်ပြပါတယ်” လို့ ဆိုပါတယ်။

အဆိုရှင်နဲ့ ၀န်ကြီးဌာနတို့ သဘောထားကွဲလွဲနေတာကြောင့် အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိသူ စုစုပေါင်း ၃၈၂ ဦး ၊ ထောက်ခံဆန္ဒမဲ ၁၅၀ ၊ ကန့်ကွက်ဆန္ဒမဲ ၂၂၂ မဲ ၊ ကြားနေ ဆန္ဒမဲ ၆ မဲ ရှိခဲ့ပါတယ်။

ကန့်ကွက်ဆန္ဒမဲများနေတာကြောင့် ဒေါက်တာမောင်သင်းရဲ့အဆို ရှုံးနိမ့်ခဲ့ပြီး မှတ်တမ်းအဖြစ်သာထားဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*