3:53 pm

(နေပြည်တော် ၊ သြဂုတ် ၂၅)
သူမ တင်သည့် အဆိုကိုသာ ပြည်သူ့ လွှတ်တော်က အတည်ပြုပေးလိုက်မည် ဆိုပါက လုံခြုံရေးယူနေ သူများကို စိတ်ခွန်အား ဖြစ်စေပြီး အကြမ်းဖက်သူ တို့ကို နောက်တွန့် သွားစေမယ် လို့အဆိုရှင် ဒေါ်ခင်စောဝေ က ပြောပါတယ်။
“အဆိုအတည် ဖြစ်တာ မဖြစ်တာက အရေးမကြီးပါဘူး ၊ ဒါပေမယ့် အန်တီရဲ့အဆို အတည်ဖြစ်ရင်တော့ လုံခြုံရေး ယူထားတဲ့ သူတွေ အတွက် စိတ်ခွန်အားဖြစ်စေမှာပါ”လို့ သူမကပြောပါတယ်။
ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပတ်သက်တဲ့ အဆိုတစ်ရပ်ကို ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက သြဂုတ်လ ၁၈ ရက်နေ့ က တင်သွင်း ခဲ့ခြင်းဖြစ်ပြီး မနေ့က ကျင်းပတဲ့ လွှတ်တော် မှာတော့ လွှတ်တော် ကိုယ်စားလှယ် ၂၄ဦးဆွေးနွေးခဲ့ကာ မဲခွဲ ဆုံးဖြတ်စဉ် ရှုံးနိမ့်ခဲ့ပါတယ်။
ဒေါ်ခင်စောဝေက လက်ရှိအချိန်မှာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရသေ့တောင်မှာ ဒေသခံတွေ ကိုယ်တိုင်က ကြောက်ရွံ့နေကြ ရပြီ လို့ ပြောပါတယ်။
“သူတို့တွေ (ဒေသခံ) ကြောက်နေရပါပြီဆိုပြီး အန်တီကို ဖုန်းဆက် အကြောင်းကြားတယ်”လို့ သူမကပြောပါတယ်။
ဒီကိစ္စကို သူမ အနေနဲ့ တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ် လို့ ပေါ်ပြူလာနယူးကိုဖြေကြားခဲ့ပါတယ်။
PN