မြန်မာ့မြေထွက် ကျောက်မျက်နဲ့သယံဇာတ နောင်လာနောင်သားတွေ ခံစားဖို့ ကျန်ပါဦးမလား..?

မြန်မာ့မြေထွက် ကျောက်မျက်နဲ့သယံဇာတ နောင်လာနောင်သားတွေ ခံစားဖို့ ကျန်ပါဦးမလား..?
August 18, 2017 Fame Asian

2:44 pm
မြန်မာ့မြေထွက် ကျောက်မျက်နဲ့သယံဇာတ နောင်လာနောင်သားတွေ ခံစားဖို့ ကျန်ပါဦးမလား..?

k

နေပြည်တော် ၊ သြဂုတ်

မြန်မာ့မြေထွက် ကျောက်မျက်ရတနာ၊တွင်းထွက်သတ္တုသယံဇာတတွေကို အနာဂတ်နိုင်ငံတော်နဲ့ နောင်လာနောင်သားတွေ အရှည်သဖြင့် သုံးဆောင်ခံစားနိုင်ရေး အတွက် ဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခဲ့ပါတယ်။

စေတုတ္တရာ မဲဆန္ဒနယ်အမတ် ဦးကျော်အောင်လွင် က “နိုင်ငံတော်နှင့် နိုင်ငံသားများ ပိုင်ဆိုင်သည့် ပေါကြွယ်ဝလှသော ကျောက်မျက်ရတနာများနှင့် တွင်းထွက် သတ္တုသယံဇာတများအား အနာဂတ်နိုင်ငံတော်နှင့် နောင်လာနောက်သားများ အရှည်သဖြင့် သုံးဆောင်ခံစားနိုင်ရေးအတွက် စနစ်တကျ တူးဖော်ထုတ်လုပ် ထိန်းသိမ်း စောင့်ရှောက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဦးကျော်အောင်လွင်ရဲ့အဆိုကို ဖားကန့်မြို့နယ်အမတ် ဦးတင်စိုးက ထောက်ခံဆွေးနွေးပြီး လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။

အဆိုတင်သွင်းသူ ဦးကျော်အောင်လွင်က “ဒီသယံဇာတတွေကို မည်သူတွေ ခံစားသုံးဆောင်နေပါသလဲ အဖြေရှာရမှာပါ။ သယံဇာတစီမံခန့်ခွဲမှု အစီရင်ခံရဲ့ သယံဇာတအထွက်ဆုံး ၅၈ နိုင်ငံမှာ အဆင့် ၅၈ ဖြစ်နေပါတယ်။၂၀၁၄ တစ်နှစ်တည်း တရားဝင်ကျောက်စိမ်းတူးဖော်တ်မှု US ဒေါ်လာသန်းထောင်ပေါင်း ၃၁ ရှိတယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တစ်ခုကခန့်မှန်းထားတာတွေ့ရပါတယ်။

ဟောင်ကောင်မှာ ၂၀၁၄ ခုနှစ်က လေလံဆွဲဝယ်ယူခဲ့တဲ့ကျောက်စိမ်း ၂၇ လုံးနဲ့သီကုံးထားတဲ့လည်ဆွဲဟာ US ဒေါ်လာ ၂၇.၄၄ သန်း မြန်မာငွေ သိန်းပေါင်း သုံးသိန်းခုနှစ်သောင်းကျော်နဲ့ စံချိန်တင်ရောင်းချခဲ့တာကိုကြည့်ရင် အဖိုးတန်ကျောက်စိမ်းတွေ ၇၀ ရာခိုင်နှုန်းလောက် ပြည်ပကိုမှောင်ခိုထွက်နေတယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်” လို့ အဆိုထဲမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မဆင်မခြင် ကျောက်မျက်တူးဖော်မှုတွေနဲ့စွန့်ပစ်မြေစာပုံတွေကြောင့် ၂၀၁၃ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အထိ ဖားကန့်ဒေသမှာ မြေစာပုံပြိုကျမှု ၁၇ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၁၅ခုနှစ် မြေစာပြိုမှုမှာ လူ ၂၀၀ ကျော်သေဆုံးခဲ့ရကြောင်း ၊ ကချင်ပြည်နယ် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ရဲ့ပြောကြားချက်အရ ဖားကန့်ဒေသမှ စက်ယန္တရား တစ်သောင်းကျော်မှာ ၆၀၀၀ ကျော်သာတရားဝင်ဖြစ်ပြီး ၄၀၀၀ ကျော်ဟာတရားမ၀င်သုံးစွဲနေကြောင်းသိရတယ်လို့ ဦးကျော်အောင်လွင်က ထပ်လောင်းပြောဆိုသွားပါတယ်။

ဦးကျော်အောင်လွင်ရဲ့အဆိုကို ထောက်ခံတဲ့ ဖားကန့်အမတ် ဦးတင်စိုးကလည်း “ပြီးခဲ့တဲ့ ကျောက်စိမ်းတူးဖော်ချိန်ကာလက ဖားကန့်ဒေသမှာရှိတဲ့ ယန္တရားပေါင်းတစ်သောင်းကျော်ရှိတဲ့အနက် ၄၀၀၀ ကျော်ကို ရပ်နားခိုင်းထားတယ်လို့ ၀န်ကြီးဌာနက ကြေညာပါတယ်။တစ်ကယ်တော့ လုံးခင်းဖားကန့်တစ်နယ်လုံးမှာ ရပ်နား ခိုင်းထားပါတယ်ဆိုတဲ့ ယန္တရားကြီးများရော သောင်းနဲ့ချီတဲ့ယန္တရားကြီးများဟာ ညအခါ လူချေတိတ်ချိန်မှာ လူနေရပ်ကွက်တွေကိုဖြတ်ကျော်ပြီး လုံးခင်းအုပ်စုမှာရှိတဲ့ မိုးပင် ကထန် စတဲ့နေရာတွေကိုရွှေ့ပြီး အကြီးအကျယ်တူးဖော်လိုက်ကြတဲ့အခါ ၈ လလောက်အချိန်အတွင်းမှာပဲ ဧကရာထောင်ချီရှိတဲ့လုပ်ကွက်တွေဟာ အနက်ပေ လေးငါးရာရှိတဲ့ကျင်းကြီးတွေအဖြစ်ကိုရောက်ရှိသွားကြပါတယ်။ တစ်စီးကို ဒေါ်လာ ၈သိန်းလောက်တန်တဲ့ အိမ်လောက်ကြီးတဲ့ DumpTruck ကားကြီးတွေ ၊ PC 2000 လို့ခေါ်တဲ့ ဒေါ်လာ ၃ သန်းလောက်တန်တဲ့ ဧရာမ ဘတ်ဖိုးကြီးတွေနဲ့ အခုလက်ရှိလုပ်နေတဲ့နှုန်းအတိုင်းသာဆက်ပြီးတော့ လုပ်သွားဖို့ ခွင့်ပြုလိုက်ရင် သေချာပါတယ်။ ဖားကန့်ကျောက်စိမ်းရတနာနယ်မြေဆိုတာ နှစ်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားမှာပါ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စိမ်းထွက်ရှိရာနေရာတွေကတော့ ကချင်ပြည်နယ်မှာ လုံးခင်း ၊ ဖားကန့် ၊ မိုးညှင်းမြို့နယ် က မော်ဟန် ၊ စစ်ကိုင်းတိုင်းဒေသကြီးက မော်လူးနဲ့ ခန္ဒီး စတဲ့ဒေသတွေဖြစ်တယ်လို့သိရပါတယ်။လုံးခင်းဖားကန့်ရတနာနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ဧရိယာဟာ ၁၇၄၄၇၅၇ ဧကရှိတယ်လို့ သိရပါတယ်။
ဒီထဲမှာ ပုဂ္ဂလိက ကုမ္ပဏီ ၅၂၂ ခုအတွက် ချထားပေးတဲ့လုပ်ကွက်ပေါင်း ၅၀၇၀ ကွက် အကျယ်အ၀န်း ၅၀၇၀ ဧကရှိကြောင်း ၊ကျောက်နီလုပ်ကွက်ချထားပေးတဲ့ ကုမ္ပဏီ ၆ ခုအတွက် ၁၇ ဧက ရှိကြောင်း ၊ အကျိုးတူကုမ္ပဏီ ၁၆၂ ခုနဲ့ အကျိုးတူလုပ်ကွက် ၂၂၄ ကွက် ချထားပေးတဲ့ဧ၇ီယာကတော့ ၈၆၇၃ ဧကဖြစ်ကြောင်း သိရပါတယ်။အခုချိန်မှာလုပ်ကွက်သက်တမ်းတွေ လစဉ်နဲ့အလိုက် ကုန်ဆုံးနေတဲ့အတွက် ဒီလောက်တော့မရှိလောက်တော့ဘူုးလို့ ဦးတင်စိုးက ဆိုပါတယ်။

ဦးတင်စိုးက ” လက်ကွက်တွေကို လက်တစ်ဆုပ်စာလူတစ်စုနဲ့ကုမ္ပဏီကြီးများကသာရယူပိုင်ဆိုင်ထားကြပါတယ်။ လုပ်ကွက်ရှိသူလူများထံက လုပ်ကွက်တစ်ကွက်ကို သိန်းပေါင်း ၂၀၀၀ / ၃၀၀၀ ကနေ သိန်းပေါင်းသောင်ချီထိပေးဝယ်ပြီး လုပ်နေကြသူတွေရှိသလို လုပ်ကွက်ရှင်ကိုအစု သုံးစု တစ်စုပေးပြီးလုပ်ကိုင်နေတာတွေလည်းရှိပါတယ်။ ဒါဟာ ဥပဒေနဲ့ကိုက်ညီမှုမရှိပေမယ့် မြေပြင်မှာဒီအတိုင်းပဲဖြစ်နေပါတယ်။လုပ်ကွက်ရှင်ကိုလည်းအစုပေးရ ၊ နိုင်ငံတော်ကိုလည်းအကျိုးတူအတွက်ရှင်းရဦးမယ် ၊စက်ယန္တယားတွေလည်းစိုက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေလည်းစိုက်ရတော့ သူတို့အတွက်အကျိုးအမြတ်ရှိအောင်ထွက်လာတဲ့ကျောက်ကောင်းတွေကို နိုင်ငံတော်ကို မအပ်တော့ဘဲ နည်းမျိုးစုံနဲ့ခိုးထုတ်ကြပါတော့တယ်။ အတွင်းသိလုပ်ငန်းရှင်တစ်ချို့ရဲ့ပြောစကားအရ မခိုးချင်ပေမယ့်လည်းကိုက်အောင်တော့ခိုးကြရတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

ဒီနောက်မှာတော့ ထွက်လာတဲ့ကျောက်စိမ်း ၇၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်ပြည်ကိုနည်းမျိုးစုံနဲ့ရောက်ရှိသွားပါတော့တယ်လို့ သူကထပ်လောင်းဆိုပါတယ်။

” မြန်မာပြည်မှာ ကျောက်မျက်ရတာပြပွဲကိုတစ်နှစ်တစ်ကြိမ်ပဲလုပ်နိုင်ပေမယ့်တရုတ်မှာ ကုမ္ပဏီများက ဦးစီးကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲဟာ
လစဉ်လိုလို ပြုလုပ်ပြီးပြပွဲတစ်ပွဲကို တရုတ်ငွေ ဘီလီယံနဲ့ချီပြီး ရရှိနေတာဟာ ကျောက်စိမ်းလုပ်ငန်းနဲ့ပတ်သတ်တဲ့ လူတိုင်းသိကြပါတယ်။ အဲ့ဒီမှာပြထားတဲ့ကျောက်တွေအားလုံးဟာမြန်မာပြည်ပကျောက်တွေပဲ ဆိုတာလည်း အားလုံးသိပါတယ်။ တစ်ခါမှမမြင်ဖူးတဲ့အင်မတန်မှအရည်အသွေးကောင်းတဲ့ကျောက်တွေလည်းပါဝင်နေပါတယ်” လို့ ဦးတင်စိုးက ဆိုပါတယ်။

ဒါကြောင့် ဥပဒေကိုဟာကွက်မရှိအောင် သေချာရေးဆွဲသင့်ကြောင်း ၊ ကျောက်မျက်ရတနာတွေဟာ တူးဖော်ပုံ တူးဖော်နည်း တွေ သဘောသဘာဝမတူညီကြတဲ့အတွက် ဒါတွေကိုအားလုံးခြုံပြီးဥပဒေရေးဆွဲလိုက်တဲ့အခါမှာ ဥပဒေမှာ ဟာကွက်တွေပေါ်လာတော့ကြောင်း ၊ ယင်းကြောင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းဥပဒေကို သီးသန့်ပြဌာန်းသင့်ပါကြောင်း ကိုလည်း ဦးတင်စိုးက ထပ်လောင်းအကြံပြုဆွေးနွေးသွားပါတယ်။

ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်တဲ့ ဒီအဆိုနဲ့ပတ်သတ်ပြီး ဆွေးနွေးလိုတဲ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ လာမယ့် သြဂုတ် ၂၁ ရက်နေ့ ညနေနောက်ဆုံးထားပြီးအမည်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

ရဲလွင်

ဓာတ်ပုံ – ခွန်လတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*