တပ်မတော်သားနဲ့ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အကြိတ်အနယ် ဆွေးနွေးခဲ့တဲ့ တနိုင်းဒေသ အရေး ဘာဆက်ဖြစ်မှာလဲ..

တပ်မတော်သားနဲ့ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အကြိတ်အနယ် ဆွေးနွေးခဲ့တဲ့ တနိုင်းဒေသ အရေး ဘာဆက်ဖြစ်မှာလဲ..
August 14, 2017 Asian Fame

2:28 pm
တပ်မတော်သားနဲ့ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အကြိတ်အနယ် ဆွေးနွေးခဲ့တဲ့ တနိုင်းဒေသ အရေး ဘာဆက်ဖြစ်မှာလဲ..
Tanine

တနိုင်းဒေသမှစစ်ဘေးရှောင်ပြည်သူများ။ ဓါတ်ပုံ – နော်ဆိုင်း

(နေပြည်တော် ၊ သြဂုတ် ၁၄)

လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် တနိုင်းဒေသမှာ တရားမ၀င်ရွှေ နဲ့ ပယင်း တူးဖော်သူ ရွှေ့ပြောင်း လုပ်သားတွေကို ဥပဒေနဲ့ အညီ တရားဝင် လုပ်ကိုင် ခွင့်ပြုလိုက်ရင် နောင်မှာ အလားတူပြဿနာတွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ သတ္တု သယံဇာတ နဲ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဌာနက အကြံပြုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တနိုင်း မဲဆန္ဒနယ်အမတ် ဦးလင်းလင်းဦး ရဲ့ “ကချင်ပြည်နယ်၊ တနိုင်းမြို့ နယ်နှင့် ဖားကန့် မြို့နယ်တို့တွင် တရားမဝင် ရွှေမှော် နှင့် ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေမှု များကို ယခုလို နောင်အခါ မဖြစ် ရအောင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရတို့က ထိထိရောက်ရောက် ကြပ် မတ် ဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြန်လည် ဆွေးနွေးရာမှာ ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်း က အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။

ပြည်ထောင်စု ၀န်ကြီးက တနိုင်းဒေသဟာ ရတနာနယ်မြေပြင်ပမှာ ပါဝင်နေပြီး လက်နက်ကိုင် အဖွဲ့တွေလည်း ရှိတာကြောင့် ဥပဒေ အရဆောင်ရွက်ရာ မှာ ကန့်သတ်ချက်တွေ ရှိနေကြောင်း၊ ဒါ့ကြောင့် မြန်မာ့ကျောက်မျက် ရတနာဥပဒေ ကို ဒုတိယ ပြင်ဆင်တဲ့ ဥပဒေ ၊ မြန်မာ့ သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ နဲ့ အညီ လုပ်ကိုင်ခွင့်ပြုခြင်း အားဖြင့် နောင်မှာ အခုလို ပြဿနာတွေ ဖြစ်ပေါ် လာမှာ မဟုတ်ကြောင်း ပြောပါတယ်။

“တရားဝင် လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် တရားမ၀င် လုပ်တာတွေ နောင်တွင် ဖြစ်ပွားခြင်း မရှိတော့ မှာဖြစ်ပါတယ် ။မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေပြဌာန်းချက် များနှင့် အညီ ပြည်နယ် အစိုး၇နှင့် ပူးပေါင်းဆောင်ရွက် သွားပါမယ်” လို့ ပြည်ထောင်စု ၀န်ကြီးက ထပ်လောင်း ပြောဆို သွားပါတယ်။

တနိုင်းဒေသက မှော် ၁၀ ခုမှာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က တပ်မတော် ကနေ နယ်မြေ ရှင်းလင်းရေးတွေ လုပ်မှာ မို့ ဒေသခံတွေ နဲ့ ရွှေ့ပြောင်း လုပ်သားတွေ ဖယ်ရှားပေးဖို့ လေယာဉ်ပေါ် ကနေ စာကြဲချခဲ့ပါတယ်။

အဲ့ဖြစ်စဉ် နောက်ပိုင်း ဒီဒေသမှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာ ဒီကနေ့ အထိဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်ကလည်း ကဆုန့်ရွာဘက်မှ တိုက်ပွဲတွေဖြစ်ပွားလို့ ကဆုန့်ရွာသားတွေ ဟာ စစ်ဘေးရှောင် ခဲ့ရပါတယ်။

ဒီကနေ့ လွှတ်တော်မှာ တနိုင်းအမတ် ဦးလင်းလင်းဦး ရဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၈) ဦး က ဆွေးနွေးခဲ့ကြပါတယ်။

မင်းကင်း အမတ် ဦးမောင်မြင့်က ဒီဒေသတွေမှာ တရားမ၀င် ရွှေနဲ့ ပယင်းတူးဖော်သူ လူ ၇ သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ဒီဒေသမှာ အခု တပ်မတော် ကစစ်ရေး နည်းလမ်း နဲ့ဖြေရှင်းတာ နည်းမကျဘူး ဆိုတဲ့ အချက်ကို ဦးမောင်မြင့်က လုံးဝ ကန့်ကွက်ကြောင်း ဆွေးနွေး ခဲ့ပါတယ်။

ဦးမောင်မြင့် ဆွေးနွေးပြီးနောက်မှာ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဆွေးနွေးစဉ် မှာ အဖွဲ့အစည်း တစ်ခုခုကို ထိပါးပုတ်ခတ်တာ ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ချစ်ကြည်ရေးကို ထိပါး မပြောဆို ဖို့သတိပေး တားမြစ်ခဲ့ပါတယ်။

ဆက်လက်ပြီး ကချင်ပြည်နယ် မိုးကောင်းအမတ် ဦးဝင်းနိုင်က ကဆုန်းရွာ ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၁၀၀၀ လောက် ရှိနေတယ် လို့ ဆိုပါတယ်။

ဒီကနေ့ ဆွေးနွေးတဲ့ လွှတ်တော်အမတ် ၈ ဦးမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၃ ဦးပါဝင်ခဲ့ပါတယ်။

ဒုဗိုလ်မှူးကြီး စိုးမြင့်အောင်က KIA အဖွဲ့ဟာ အစိုးရ ခွင့်ပြုချက် မရှိဘဲ ရွှေမှော် ပယင်းမှော်တွေမှာ ဆက်ကြေး ကောက်ယူတာ တစ်နှစ် ကို ကျပ်သိန်းပေါင်း ၂၈၉၀၀ လောက် ရရှိနေတယ်လို့ ပြောပါတယ်။ ဒီငွေတွေကို ဒေသဖွံ့ဖြိုးရေး အတွက်လည်း အသုံးမပြုဘဲ ၎င်းတို့ အတွက်သာ အသုံးပြုတယ်လို့လည်း ၎င်းက ထပ်လောင်း ဆိုသွားပါတယ်။

ဖောင်းပြင် အမတ် ဦးထွန်းဝေ ကတော့ ဒီတနိုင်းဒေသ မှ ဖြစ်စဉ်ကြောင့် ဒေသခံ နဲ့ေ၇ွှ့ပြောင်း လုပ်သား တွေရဲ့ ကလေးသူငယ်တွေ ဒုက္ခကြီးစွာရောက်ခဲ့ကြောင်း ဆွေးနွေး ပြောဆိုပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ သိမ်မွေ့စွာ ကိုင်တွယ် လုပ်ကိုင်ဖို့ လိုတယ်လည်း သူက အကြံပြုခဲ့ပါတယ်။

ရွှေကျင်အမတ် ဦးစောသလေးစောက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၁၉ အရ တပ်မတော်က နယ်မြေ ရှင်းလင်းဆောင်ရွက် တာတွေ ကို ပြည်ထောင်စု အစိုးရဆုံးဖြတ်ချက် နဲ့သာဆောင်ရွက်သင့်တယ် လို့ ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ခင်မောင်ဆွေက တပ်မတော် ကဆောင်ရွက်တာဟာ  ဥပဒေနဲ့ အညီဆောင်ရွက်တာ ဖြစ်ကြောင်း ငြိမ်းချမ်းရေး မလိုလားသူတွေ ကို ခြေဥပါ အချက်များ နဲ့အညီ ရှင်းလင်းရေး ဆက်လက်ဆောင်ရွက် သွား မှာဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောဆိုခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် ၈ ဦးဆွေးနွေးပြီးနောက်မှာတော့ ဦးလင်းလင်းဦး ရဲ့ အဆိုကို မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူ မရှိတဲ့ အတွက် အဆိုကို လွှတ်တော် ကအတည်ပြုခဲ့ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*