အကြွေစေ့လောင်းကစားဂိမ်းဆိုင်တွေပိတ်သိမ်းအရေးယူဖို့ လွှတ်တော်မှာဆွေးနွေးနေပြီ

အကြွေစေ့လောင်းကစားဂိမ်းဆိုင်တွေပိတ်သိမ်းအရေးယူဖို့ လွှတ်တော်မှာဆွေးနွေးနေပြီ
August 11, 2017 Fame Asian

2:40 pm
အကြွေစေ့လောင်းကစားဂိမ်းဆိုင်တွေပိတ်သိမ်းအရေးယူဖို့ လွှတ်တော်မှာဆွေးနွေးနေပြီ

နေပြည်တော် ၊ သြဂုတ် ၁၁

တစ်နိုင်ငံလုံးမှာရှိတဲ့ အကြွေစေ့သုံးလောင်းကစားဂိမ်းဆိုင်တွေကို ထိရောက်စွာအရေးယူဖို့ ကိစ္စကို လွှတ်တော်မှာ အဆိုတင်ဆွေးနွေးနေကြပြီဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၇ အမတ် ဦးအောင်သိန်းက သြဂုတ်လ ၁၀ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ “ယနေ့မြန်မာနိုင်ငံရှိ မြို့ကြီးတော်တော်များများ၌ စီးပွားဖြစ်ဂိမ်းဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နေသူများ မြို့တော်စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ခံယူထားပြီး ကလေးအားကစားကွင်းဟု သဏ္ဍာန်ဆောင်အမည်ပြု၍ ပြည်ပမှတင်သွင်းလာသော စက်ကိရိယာများဖြင့် ခေတ်ပေါ်လောင်းကစားနည်းမျိုးစုံ ပါဝင်သော အကြွေစေ့သုံးလောင်းကစားဂိမ်းဆိုင်များဖွင့်လှစ်လာကြသည့်အတွက် လောင်းကစားလိုသူ ကျောင်းသား လူငယ်လူရွယ်လူလတ်မျိုးစုံတို့မှာ တစ်ဖြည်းဖြည်းချင်း အကျင့်စာရိတ္တပါ ထိခိုက်ပျက်ပြာလာနေသောကြောင့် မြို့များနေမိဘပြည်သူတို့မှာ ရတက်မအေး စိုးရိမ်စိတ်များဖြစ်ပေါ်နေကြောင်း။ ယင်းသို့ အကြွေစေ့သုံးလောင်းကစားဆိုင်များကို စီစစ်ဖော်ထုတ်ပိတ်သိမ်းအရေးယူခြင်းကို တစ်နိုင်ငံလုံးတစ်ပြေးညီလုပ်ဆောင်ပေးရန်” ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုတင်ခဲ့ပါတယ်။

ဒီအဆို ကို သြဂုတ်လ ၁၀ ရက်နေ့မှာ အမျိုးသားလွှတ်တော်အ မတ်၃ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့မှာ အမတ် ၅ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

ထောက်ခံဆွေးနွေးခဲ့တဲ့ ကယားပြည်နယ်မဲဆန္ဒနယ် ၅ အမတ် ဒေါ်ရှားမူက “လူငယ်တွေက တိုင်းပြည်အတွက် အရေးကြီးပါတယ်။ကျွန်မမဲဆန္ဒနယ်တွေမှာ ဒီလို ဂိမ်းဆိုင်တွေ ရှိပါတယ်။မြို့ကြီးတွေမှာခွင့်ပြုရင်နောက်ပိုင်းမြို့ငယ်တွေကိုပျံ့သွားနိုင်ပါတယ်” လို့ဆိုပါတယ်။

အခုလိုခွင့်ပြုထားပြီး မသိချင်ယောင်ဆောင်နေရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေဆက်ဖြစ်နေဦးမှာဖြစ်ကြောင်း ကရင်ပြည်နယ် မြ၀တီမှာ လောင်းကစားရုံတွေပေါများတာကြောင့် လောင်းကစားဖမ်းဆီးရေးအထူးအဖွဲ့ဖွဲ့စည်းပေးဖို့မြို့နေပြည်သူ ၁၀၀ကျော်ဟာ တောင်းဆိုခဲ့သည်ကိုသိရှိရကြောင်း ၊သက်ဆိုင်ရာကိုတိုင်ကြားပေမယ့် မဖမ်းဆီးခဲ့တာကြောင့် အခုဆိုရင်မြ၀တီမှာ လောင်းကစားဆိုင်ပေါင်း ၁၀၀ ကျော်ဖြစ်သွားပြီဖြစ်ကြောင်း ဒေါ်ရှားမူက ပြောပါတယ်။

လောင်းကစားဆိုင်တွေရဲ့ ပိုင်ရှင်တွေဟာ တရုတ်တွေဖြစ်ပြီး ဒီဆိုင်တွေ တရားဝင်/မ၀င်ကို ပြည်သူတွေမသိရှိကြောင်း ၊ ဒီလိုကိစ္စတွေကြောင့် လူမှုရေးပြဿနာ ခိုးမှု လူသတ် ဆိုးမှု ဖြစ်ပွားနေကြောင်းသိရကြောင်း ထိထိရောက်ရောက်အရေးယူဖို့လိုအပ်နေပြီဖြစ်ကြောင်း လည်း သူမက ဆွေးနွေးခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ အမတ် ဦးထိန်ဝင်း ကလည်း “လိုင်စင်ရကလေးကစားကွင်းဆိုပေမယ့် ကျောင်းသားတွေအတွက် လောင်းကစားကွင်းဖြစ်နေပါတယ်။

လူငယ်တွေပါလာတဲ့ ဆွဲကြိုး ၊ နာရီ ၊ လက်စွပ် ၊ စီးလာတဲ့ ဆိုင်ကယ်ပါကုန်ဆုံးသွားကြောင်းသတင်းတွေကြားသိရပါတယ်။တာဝန်ရှိသူတွေကို အကြောင်းကြားရင် ခနရပ် သွားပြီး တော်ကြာပြန်ပေါ်လာပါတယ်” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ လောင်းကစားမှု ၂၃၇ မှု နဲ့ တရားခံ ၅၉၀ ကိုဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စာရင်းကိုကိုးကားပြီး ဦးထိန်ဝင်းက ဆိုပါတယ်။
အများဆုံးဖမ်းဆီးရမိတာကတော့ ရန်ကုန်ဖြစ်ပြီး ဒုတိယ အများဆုံးက ဧရာဝတီတိုင်းဖြစ်ကြောင်း ၊ ဒါပေမဲ့ ၂၀၁၆ တစ်နှစ်လုံး ဧရာဝတီတိုင်းထဲမှာ ၂၉ မှုပဲရှိ တာကိုတွေ့ရတဲ့အတွက် ဧရာဝတီတိုင်းထဲက မြို့နယ်တစ်မြို့နယ်မှာမှ တစ်နှစ်လုံးတစ်မှု လောက်သာဖြစ်နေတယ်လို့တွေ့ရှိရကြောင်း သူကထပ်လောင်းဆိုပါတယ်။

“ကျော်ဟိန်းပြောသလို ချဲတစ်ခေတ်မှာ ရဲမဖြစ်တာနာတယ် လို့ ဆိုရမလိုဖြစ်နေပါတယ်။ လောင်းကစားသမားတွေကို လျစ်လျူရှူထားသလားမေးရမှာဖြစ်တယ်။ သူတို့ကိုပေးထားတာ လောင်းကစားဖို့လိုင်စင်ပေးထားတာမဟုတ်ပါဘူး။ လိုင်စင်နဲ့ဆိုပြီး လျစ်လျူရှူထားလို့မရပါဘူး။ မဖြစ်စလောက် အခွန်ငွေနဲ့ လူငယ်တွေရဲ့အကျင့်ကိုဖျက်စီးဖြစ်တဲ့ပုံစံဖြစ်မှာကို မလိုလားဘူး။ရာဇ၀တ်မှုတွေတိုးလာနိုင်တဲ့အနေအထားကိုရောက်နေပါပြီ” လို့ ဦးထိန်ဝင်းက ဆိုပါတယ်။

ဒီအဆိုနဲ့ပတ်သတ်ပြီး ဆွေးနွေးဖို့ ကျန်ရှိနေသေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းခြင်းတွေကို လာမယ့် သြဂုတ်လ ၁၄ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*