4:16 pm
မကွေး၊ သြဂုတ် ၃
မကွေးတိုင်းဒေသကြီးအတွင်း မိုးကြိုစိုက်ပျိုးခဲ့သည့်နှမ်းများ ဇူလိုင်လကုန်ပိုင်းမှစ၍ စတင် နှုတ်သိမ်းနေပြီး ထွက်နှုန်းလျော့ ကျသည့်အပြင် ရာသီပေါ်ဈေးလည်း လျော့နည်း သောကြောင့် တောင်သူများ တွက်ခြေမ ကိုက်ဖြစ်နေသည်ဟု နှမ်းစိုက်တောင် သူများနှင့် စက်မှုလက် မှုလုပ်ငန်းရှင်ကုန်သည်ကြီးများ အသင်း ထံမှ သိရရှိသည်။
“နှမ်းရဲ့သဘာဝက မိုးရွာတိုင်းလည်း မကြိုက်ပါဘူး။ အခုနှစ်မှာ မိုးအားကောင်းတော့ အပွင့်တွေမြိုင်နေချိန်မှာ မိုးမိတဲ့နှမ်းခင်းတွေက အသီးမထည့်နိုင်တော့ဘဲ အပွင့်တွေထုပ်ကုန် တာတွေ များပါတယ်။ အခု နှမ်းခါတဲ့ရက်တွေမှာလည်း မိုးကမိတော့ နှမ်းအရည်အသွေးလည်း လျော့ပါတယ်”ဟု မကွေးမြို့နယ်မှ နှမ်းစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
မကွေး၊ မင်းဘူး၊ နတ်မောက်၊ တောင်တွင်းကြီးမြို့နယ်များတွင် သင်္ကြန်ကာလက ရွာသွန်းခဲ့သည့် မုန်တိုင်းမိုးများဖြင့် မိုးကြိုနှမ်းများ စိုက်ပျိုးခဲ့ကြသဖြင့် ယခင်နှစ်များထက်စာလျှင် မိုးကြိုသီးနှံပျက်စီးမှုများ လျော့နည်းခဲ့သော်လည်း မိုးအားကောင်းလွန်း မှုကြောင့် နှမ်းခင်းအများစု ထွက်နှုန်းလျော့ကျခဲ့သည်ကိုတွေ့ရသည်။
မကွေးတိုင်းအတွင်း စမုံနက်နှမ်းစိုက်ပျိုးသူ တစ်နှစ် ထက်တစ်နှစ် ပိုမိုများပြားလာပြီး ယခုနှစ်ရာသီပေါ်စတွင် ယခင်နှစ်များထက် စမုံနက် နှမ်းဈေး လျော့ကျနေကြောင်း ထို့အပြင် မျိုးစေ့ဖိုး၊ လုပ်သားနှင့် နွားရှဉ်းခများအပါအ၀င် ကုန်ကျ စရိတ်များမြင့်တက်မှုကြောင့် နှမ်းစိုက် တောင်သူများ တွက်ခြေမကိုက်ကြောင်း သိရသည်။
“စမုံ(နှမ်းနက်)က အရင်နှစ်က ဈေးတွေထက်စာရင် ဒီနှစ်နိမ့်ပါတယ်။ သုံးတင်းဈေးကို ကျပ် ၁၁၅၀၀၀ နဲ့ ကျပ် ၁၃၀၀၀၀ ကြားမှာပဲရှိပါတယ်။ အရင်နှစ်က ကျပ် ၁၄၅၀၀၀ နဲ့ ၁၅၀၀၀၀ ကြားမှာ ရှိခဲ့ပါတယ်” ဟု မကွေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်ထွန်းက ပြောကြားသည်။ “မြေပိုင်ယာပိုင် တောင်သူတွေက လုပ်သားနဲ့ ခိုင်းနွားရှားပါးလာတော့ ကူလီတွေနဲ့ ဝေစားရသလို ဖြစ်လာပြီး ကူလီတွေလောက်တောင် တွက်ခြေမကိုက်တာမျိုးတွေ ရှိလာပါတယ်”ဟုလည်း သူကပြောပါသေးသည်။
မြန်မာနို်င်ငံထွက်နှမ်းများကို တရုတ်နိုင်နှင့် ဂျပန်နိုင်ငံတို့မှ ၀ယ်ယူလျက်ရှိသော်လည်း နှမ်းများ၏ အရည်အသွေးနိမ့်ကျနေသောကြောင့် ဈေးကွက်အေး နေရခြင်းဖြစ် သည် ဟု သိရ သည်။နှမ်းများရိတ်သိမ်းပြီးချိန်တွင် အမြန်မှည့်စေမည့် ဓာတုဆေးဝါးများ သုံးစွဲကြ ခြင်းကြောင့် အက်ဆစ်တိုင်းကရိယာများဖြင့် တိုင်းတာသည့်အခါ ပြည်ပ၀ယ်လက်များမှ လက်ခံ နိုင်သည့် ပမာဏများထက် မြင့်နေလေ့ရှိသဖြင့် နှမ်းဈေးကို အဓိကလျော့ကျစေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောပါသည်။
ဦးမင်း