ပြန်လည်ပြင်ဆင်ထားတဲ့ EC စာချုပ်ကို သုံးပွင့်ဆိုင်သဘောတူလက်မှတ်ထိုးပြီး / အတည်ပြုထွက်လာတော့မည်

ပြန်လည်ပြင်ဆင်ထားတဲ့ EC စာချုပ်ကို သုံးပွင့်ဆိုင်သဘောတူလက်မှတ်ထိုးပြီး / အတည်ပြုထွက်လာတော့မည်
July 31, 2017 Fame Asian

3:37 pm
ပြန်လည်ပြင်ဆင်ထားတဲ့ EC စာချုပ်ကို သုံးပွင့်ဆိုင်သဘောတူလက်မှတ်ထိုးပြီး / အတည်ပြုထွက်လာတော့မည်

20479746_1937116633208574_695577145205780467_n

ရန်ကုန်၊ ဇူလိုင် ၃၁

ပြန်လည်ပြင်ဆင်ထားတဲ့ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်ကို သုံးဦးသုံးဖလှယ်သဘောတူညီပြီးလို့ မကြာခင်မှာထွက်ရှိလာတော့မယ်လို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ပေါ်ပြူလာနယူးစ်ကိုအတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကပဲ ဒီပြန်လည်ပြင်ဆင်ထားတဲ့ EC စာချုပ်ကို အလုပ်သမားဝန်ကြီးဌာန ၊ အလုပ်သမား ၊ အလုပ်ရှင် သုံးဦးသုံးဖလှယ် သတောတူညီမှုရပြီးလက်မှတ်ရေးထိုးခဲ့တာလို့သိရပါတယ်။

အလုပ်သမားနဲ့ လ၀က ၀န်ကြီးဌာန က ဒုညွှန်ချုပ် ဦးအောင်ဌေးဝင်းက ” ရှေ့နေချုပ်ရုံး ပို့တာ ၊ ၀န်ကြီးဌာနကို တင်တာ ဒါတွေ လုပ်ရမှာ။ ခနပဲကြာတော့မှာပါ။ ထွက်လာတော့မယ်။ ထွက်ပြီးရင်တော့ မဖြစ်မနေကို ချုပ်ဆိုရတော့မယ်” လို့ ဆိုပါတယ်။

ယခင်က လည်း အစိုးရကနေ EC စာချုပ်တစ်ခုကို ထုတ်ပြန်ပေးခဲ့ဖူးပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့လုပ်ငန်းခွင်တွေ လုပ်ငန်းအမျိုးအစားတွေအားလုံးအတွက် စာချုပ်တစ်ခုတည်းကိုပဲ ချုပ်ဆိုခိုင်းတာ ၊ စာချုပ်ပါအချက်အလက်တွေ ဟာ မျှတမှုမရှိတာ ၊ စာချုပ်မှာမလိုအပ်တဲ့ အချက်တွေထည့်သွင်းထားတာ ၊ လုပ်ငန်းခွင်နဲ့ မကိုက်ညီတဲ့အချက်တွေပါတာ စတဲ့အကြောင်းအရင်းတွေကြောင့် အငြင်းပွားမှုတွေ ၊ ဝေဖန်မှုတွေများစွာဖြစ်ခဲ့ဖူးပါတယ်။ စာချုပ်နဲ့ပတ်သတ်ပြီးလည်း အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုတွေ များစွာဖြစ်ပွားခဲ့ရပါတယ်။ နောက်ဆုံးမှာ စာချုပ်ကို ၀န်ကြီးဌာနက ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ပြင်ဆင်ရာမှာ ယခင်နဲ့ တူညီတဲ့တစ်ချက်ကတော့ တစ်နိုင်ငံလုံး အတွက် စာချုပ်တစ်ခုတည်းကိုပဲချုပ်ဆိုရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

ဒီပြန်လည်ပြင်ဆင်ထားတဲ့ EC စာချုပ်နဲ့ပတ်သတ်ပြီး သဘောတူလက်မှတ်ရေးထိုးရာမှာပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တစ်ခုဖြစ်တဲ့ AFFM က အထွေထွေအတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက အခုလိုရှင်းပြပါတယ်။

“အခုလည်းစာချုပ်တစ်ခုတည်းပဲ ။ဒါပေမဲ့ နောက်ဆက်တွဲအချက် ဥပဒေပါပြီးသားအချက်တွေကို ဖြုတ်လိုက်ပြီ။ စာချုပ်က စာမျက်နှာ ၉ မျက်နှာ၊ အပိုဒ် ၂၁ ပိုဒ်ပဲရှိတယ်။ မတူညီတဲ့လုပ်ငန်းခွင်တွေအားလုံးအတွက် ခြုံငုံပြီးတော့ လုပ်ထားတာပါ။အဓိကကတော့ အလုပ်ရှင် အလုပ်သမား ၂ ဦး နှစ်ဖက် သဘောတူဖြည့်စွက်ချက်တွေ ထည့်လို့ရသွားပြီ။ များများစားစားပြောင်းသွားတာတော့မရှိဘူး။ အခေါ်အဝေါ်အသုံးအနှုန်းတွေ ပြင်လိုက်တာပါ။ ပြစ်ဒဏ်ဆိုတဲ့ကိစ္စမှာ ဥပမာ အလုပ်သမားတစ်ယောက်ဟာ ပြစ်ဒဏ်လေးခါလုပ်ရင် အလုပ်မှထုတ်ပယ်ခွင့်ရှိသည် ဆို တဲ့ကိစ္စမျိုးကို ပြင်ထားတယ်။ သူကတစ်နှစ်တည်းမှာ သုံးခါလုပ်ပြီး နောက်တစ်နှစ်မှာတစ်ခါလုပ်တာနဲ့အလုပ်ကထုတ်ခံရတော့မယ်။ ဒါကြောင့် ဒီပြစ်ဒဏ်တွေကို တစ်နှစ်ခါဖြစ်စေ ဖြေလျော့ပေးဖို့။ နောက်နှစ်ကိုမကူးဖို့ပေါ့နော်။ ဒီအပိုင်း ပြင်တယ် ” လို့ ဦးဇာနည်သွေးက ဆိုပါတယ်။

ပြန်လည်ပြင်ဆင်ထားတဲ့ EC စာချုပ်မှာ ပါဝင်တဲ့ အပိုဒ် ၂၁ ပိုဒ်ကတော့ (၁) အလုပ်အကိုင်အမျိုးအစား၊ (၂) အစမ်းခန့်ကာလ ၊ (၃) လုပ်ခလစာ ၊ (၄) အလုပ်အကိုင်တည်နေရာ ၊(၅) စာချုပ်သက်တမ်း ၊ (၆) အလုပ်ချိန် ၊(၇) နားရက် ပိတ်ရက်နှင့်ခွင့်ရက် ၊ (၈) အချိန်ပိုလုပ်ကိုင်ခြင်း ၊(၉) အစားအသောက် ၊(၁၀) နေရာထိုင်ခင်း ၊ (၁၁) ဆေးဝါးကုသခြင်း ၊(၁၂) လုပ်ငန်းခွင်အတွင်းကြိုပို့ယာဉ်စီစဉ်ပေးခြင်း ၊(၁၃) အလုပ်သမားလိုက်နာရမည့်စည်းကမ်းချက်များ ၊ (၁၄) အလုပ်ရှင်စေလွှတ်တဲ့သင်တန်းတွေ တက်ပြီးရင် ဆက်လက်တာဝန်ထမ်းဆောင်ရန် အလုပ်သမားရဲ့သဘောတူညီသတ်မှတ်ချက်နဲ့ဆိုင်တဲ့ကိစ္စ ၊ (၁၅) နှုတ်ထွက်ခြင်း/ ရပ်စဲခြင်း ၊ (၁၆) စာချုပ်ရပ်စဲခြင်း ၊ (၁၇) စာချုပ်ပါစည်းကမ်းချက်အတိုင်းတာဝန်ရှိမှုများ ၊ (၁၈) EC စာချုပ်ကို နှစ်ဦးသဘောတူဖျက်သိမ်းခြင်း ၊ (၁၉) အခြားကိစ္စရပ်များ ၊ (၂၀) စာချုပ်စည်းကမ်းများကို ၂ ဖက်သဘောတူ သတ်မှတ်ခြင်း /ပြင်ဆင်းခြင်း /ဖြည့်စွက်ခြင်း ၊ (၂၁) အထွေထွေ ဆိုတဲ့ အပိုဒ်တွေပဲဖြစ်ပါတယ်။

ဒီ အပိုဒ် ၂၁ ပိုဒ်ထဲမှာ အမှတ်စဉ် (၁) ကနေ (၈) အထိ အပိုဒ် ၈ ပိုဒ်ကိုတော့ လုပ်ငန်းအမျိုးအစားမှန်သမျှအားလုံးက မဖြစ်မနေ ထည့်သွင်းချုပ်ဆိုရမှာဖြစ်တယ်လို့သိရပါတယ်။

“တစ်ချို့အချက်တွေက ကိုယ့်လုပ်ငန်းခွင်မှာမရှိရင် မထည့်သွင်းနဲ့ရတယ်။ ဥပမာ ကြိုပို့ယာဉ်စီစဉ်ခြင်းကိစ္စ ဆိုတာမျိုး စက်ရုံအလုပ်ရုံတွေမှာရှိပေမယ့် တစ်ခြားလုပ်ငန်းတွေ မှာမရှိဘူး။ ဒါမျိုးဆိုထည့်သွင်းချုပ်ဆိုစရာမလိုဘူး။ နေရာထိုင်ခင်းကိစ္စ ရှိတဲ့လုပ်ငန်းက ထည့်ချုပ် ၊ မရှိရင် မထည့်နဲ့ ။ ပြီးတော့ အလုပ်ရှင် နဲ့ အလုပ်သမား ၂ ဖက်သဘောတူလို့ ကိုယ့်လုပ်ငန်းခွင့်နဲ့ကိုက်မယ့်အချက်တွေ ထပ်ထည့်ချုပ်ဆိုချင်တယ်ဆိုရင်တော့ ထပ်လို့ရတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အသိသက်သေအဖြစ် နေပေးလိမ့်မယ်” လို့ ဦးဇာနည်သွေး ကဆိုပါတယ်။

စာချုပ်ရဲ့သက်တမ်းဟာ ဥပဒေအရတော့ ပျမ်းမျှ ၂ နှစ်လို့သတ်မှတ်ထားပါတယ်။

ဒီစာချှုပ်ကို မကြာခင်မှာ အလုပ်သမားဝန်ကြီးဌာနကနေ တရားဝင်ထုတ်ပြန်ကြေညာပေးမယ်လို့သိရပါတယ်။

ထုတ်ပြန်ကြေညာပြီးရင်တော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လုပ်ငန်းအမျိုးအစားတွေ အားလုံး EC စာချုပ်ချုပ်ဆိုရတော့မှာဖြစ်ပြီး မချုပ်ဆိုရင်တော့ ဥပဒေအရ အရေးယူခံရမှာဖြစ်ပါတယ်။

ရဲလွင်

Photo- Aungnaingsoe(Kisapa)

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*