3:19 pm
မော်လမြိုင်၊ ဇူလိုင် ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဇာနည်အောင်ဆေးရုံတွင် H1N1 သံသယရှိ လူနာတစ်ဦး တွေ့ရှိပြီး ရန်ကုန်ဆေးရုံကြီးသို့လွှဲပြောင်း ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ဇူလိုင်လ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီတွင် လွှဲပြောင်းပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူနာမှာ အသက်(၃၀) အရွယ်အမျိုးသမီး ဖြစ်ကြောင်း ၊ ရန်ကုန်မှမော်လမြိုင်သို့ လာရောက်လည်ပတ်သူဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မွန်ပြည်နယ်မှာ မဖြစ်သလောက်ပါပဲ။ရန်ကုန်မှာကတည်းက ဖြစ်နိုင်ချေ ရှိတယ်လို့တော့ ထင်ပါတယ်။ရန်ကုန်ကို ကျွန်တော်တို့လူနာတင်ယာဉ်နဲ့ ပို့လိုက်တယ်။မြို့ထဲဝင်တော့ လမ်းပိတ်တာတို့၊ကြပ်တာတို့ရှိတဲ့အတွက် အမြန်လမ်းထိပ် အမှတ်(၃) လမ်းဆုံထိပ်မှာ ရန်ကုန်က K-Ambulance နဲ့ ဦးကျော်သူအဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါပြီ။H1N1 သံသယ ရှိတယ်ဆိုလို့ ပိုးသတ်ဆေးတွေ ဖြန်း၊ ကျွန်တော်တို့ အဖွဲ့ဝင်တွေလည်း ဆေးစစ်တာတွေ လုပ်ရမှာပါ” ဟု လူနာကို လွှဲပြောင်းပေးခဲ့သည့် အေးမြကြည်လင် နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ဦးသန်းနိုင်ထွန်းက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ နာရေကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေးဌာနမှ ဦးရဲသွင်ထွဋ် က ယခုကဲ့သို့ဆိုသည်။
“လူနာကတော့ အဖျားကြီးတယ်။ကိုယ်ပူရှိန်တွေကျတယ်။အောင်ဆီဂျင်တွေနည်းနေလို့အောက်ဆီဂျင် တောက်လျှောက်ပေးခဲ့ရတယ်။ကျွန်တော်တို့က အဖျားရှိတယ်လို့ပဲ သိရတာ၊ရန်ကုန်ဆေးရုံကြီးရောက်တော့ H1N1 သံသယလူနာဖြစ်နေတယ်။ကျွန်တော်တို့ ကားတွေကို ပိုးသတ်ဆေးဖြန်း၊ သန့်ရှင်းရေး ပြန်လုပ်ထားတယ်” ဟု ၎င်းကဆိုသည်။
မွန်ပြည်နယ်တွင် H1N1 နှင့်ပတ်သက်၍ အသိပညာပေးမှုပြုလုပ်နေကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာဦးစီးဌာနမှသိရသည်။
မြန်မာနိုင်ငံတွင် H1N1 ဖြစ်ပွားမှုမှာ ၂၀၀၉ ခုနှစ်တွင် (၁၄)ဦး၊ ၂၀၁၀ခုနှစ်တွင် (၂၃၂)ဦး၊ ၂၀၁၄ခုနှစ်တွင် (၁၆၇)ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။လက်ရှိတွင် H1N1 ကြောင့် လူ ၆ ဦး သေဆုံးပြီးဖြစ်သည်။
Arkar Min
Photo- Arkar Min / နာကူ(ရန်ကုန်)