မော်လမြိုင်တွင် စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံတည်ဆောက်၍ လျှပ်စစ်ထုတ်မည်

မော်လမြိုင်တွင် စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံတည်ဆောက်၍ လျှပ်စစ်ထုတ်မည်
July 28, 2017 Fame Asian

10:22 am
မော်လမြိုင်တွင် စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံတည်ဆောက်၍ လျှပ်စစ်ထုတ်မည်

img2မော်လမြိုင်၊ဇူလိုင် ၂၇

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနကပြောပါတယ်။

မော်လမြိုင်မြို့ မုရောင်းကျေးရွာအနီးရှိ စည်ပင်အမှိုက်ကန်မှာ တည်ဆောက်သွားမယ့် ဒီစီမံကိန်းအတွက် MOU(Memorandum of Understanding-နားလည်မှု စာချွန်လွှာ) ကို အခုနှစ်အတွင်းမှာ ထိုးဖို့ စီစဉ်နေပြီးနှစ်ကုန်ပိုင်း(ဒါမှမဟုတ်)၂၀၁၈ ခုနှစ်မှာ စတင်အကောင်အထည်ဖော်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ မွန်ပြည်နယ် စည်ပင်ကဆိုပါတယ်။

img3

စက်ရုံကရရှိမယ့် လျှပ်စစ်ဓါတ်အားနဲ့ စက်ရုံကိုလည်ပတ်မှာဖြစ်ပြီး အပြင်ကိုထုတ်ရောင်း/မရောင်း မပြောနိုင်သေးကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ဒုတိယ အင်ဂျင်နီယာမှူး ဦးတင်ကိုကိုက ပြောပါတယ်။

“အဲ့ဒီက အမှိုက်တွေကို လျှပ်စစ်ထုတ်လို့ရရင်ထုတ်မယ်။ဥပမာ မီးဖိုချောင်သုံး အမှိုက်တွေနဲ့ သစ်ရွက်၊ သစ်ကိုင်းခြောက်တွေပေါ့။ ဆေးရုံကထွက်တဲ့အမှိုက်တွေ၊ ပုလင်းကွဲတွေဆိုရင်တော့ အပြီးဖျက်ဆီးမှာပါ” လို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး လက်ရှိမှာ ဖင်လန် နိုင်ငံမှ ကုမ္ပဏီများနဲ့ ဆွေးနွေး ညှိနှိုင်းနေကြောင်းလည်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။

ဦးမင်းကျော်လွင်က
“အခုကတော့ ကုမ္ပဏီလေးငါးခု လာဆွေးနွေးတုန်းရှိပါသေးတယ်။ဖင်လန်နိုင်ငံအခြေစိုက်ကုမ္ပဏီတွေက လာကူညီတာပါ။မြို့ထဲမှာ ရှိတဲ့အမှိုက်တွေကိုသိမ်းပြီး အဲ့ဒီကနေတဆင့် လျှပ်စစ်ထုတ်မှာပါ။မြေဧကကတော့ (၁၂၀) လိုမယ်လို့တော့ ပြောတယ်။အဲ့ဒီထက်ပိုဖို့လည်း ရှိပါတယ်” လို့ ပြောပါတယ်။

အခုလို အမှိုက်ဖျက်ဆီး စက်ရုံမျိုးကို မွန်ပြည်နယ်ထဲက တစ်ခြားမြို့တွေမှာလည်း တည်ဆောက်နိုင်ရင် ကောင်းတယ်လို့ မှတ်ချက်ပြုသူတွေလည်းရှိပါတယ်။

သထုံမြို့နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက “သထုံမှာလည်း အမှိုက်ပစ်ဖို့ နေရာတွေတော်တော်အခက်ခဲဖြစ်နေပါတယ်။ (၁၀) မြို့နယ်လုံးမှာ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီက တစ်ရက်ကို အမှိုက်တန်ချိန်(၁၅၀)ကျော်ဖျက်ဆီးနေရတယ်လို့ သိရပါတယ်။
အမှိုက်သိမ်းကားတွေကို (၂၅) စီးသာ အသုံးပြုနိုင် သေးပေမယ့် လာမယ့် ၂ လလောက်ဆိုရင်တော့
အမှိုက်ကား အစီး(၂၀) ထပ်မံ ၀ယ်ယူသွားမှာဖြစ်တယ်လို့ စည်ပင်ဝန်ကြီးက ဆိုပါတယ်။

Arkar Min

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*