လူသားတို့၏ဥာဏ်ပညာအပေါ်မူတည်ပြီး ဖွံ့ဖြိုးတိုးတက်မှုသည် အဆုံးမရှိ ဆက်လက် မြင့်မားတိုးတက်နေမည်ဖြစ်

လူသားတို့၏ဥာဏ်ပညာအပေါ်မူတည်ပြီး ဖွံ့ဖြိုးတိုးတက်မှုသည် အဆုံးမရှိ ဆက်လက် မြင့်မားတိုးတက်နေမည်ဖြစ်
July 26, 2017 Fame Asian

11:50 am
လူသားတို့၏ဥာဏ်ပညာအပေါ်မူတည်ပြီး ဖွံ့ဖြိုးတိုးတက်မှုသည် အဆုံးမရှိ ဆက်လက် မြင့်မားတိုးတက်နေမည်ဖြစ်

 

img1

နေပြည်တော် ၊ ဇူလိုင် ၂၄

“ပညာ” ၏အကျယ်အ၀န်းနှင့် နက်ရှိုင်းမှုသည် ကန့်သတ်ချက်မရှိသည့် အတွက် “ပညာ” နှင့်ဆက်နွယ်ပြီး ဖြစ်ပေါ်လာသည့် ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အဆုံးမရှိ မြင့်မားတိုးတက်နေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုအတွက်၊ ပြည်သူများ၏ လူမှုစီးပွားတိုးတက်မြင့်မားမှုအတွက် လူ့စွမ်းအား အရင်းအမြစ်သည် လွန်စွာအရေးကြီး ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များကို ဖန်တီးတည်ဆောက်ရန်အတွက် အခြေခံအကျဆုံးအဓိကအချက်မှာ အသိပညာ၊ အတတ်ပညာများ၏ အခြေခံဖြစ်သော အတန်းပညာ ပင်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၏သား၊ သမီးများနှင့် ဘက်စုံပညာ ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

img2

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီး ဌာနပြည်ထောင်စု ၀န်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း (အငြိမ်းစား)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ၀န်ကြီးများ၊ ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

img5

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပညာ” နှင့်ပတ်သက်၍ ပြောကြားရာတွင် သိပ္ပံနှင့်နည်းပညာများ တစ်ဟုန်ထိုး တိုးတက် နေသော ယနေ့ခေတ်ကာလကို ပညာခေတ်- Knowledge Age ဟုတင်စားခေါ်ဆိုကြ ကြောင်း၊ “စိတ်သာရှင်စော ဘုရားဟော” ဆိုသည့်ကျမ်းဂန်လာအရ လူတစ်ဦး တစ်ယောက်ချင်း၏ အပြော၊ အဆို၊ အပြုအမူ၊ အနေအထိုင်၊ အလုပ်အကိုင်အားလုံးကို “စိတ်” က ဦးဆောင်သော်လည်း အဆိုးအကောင်းနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် “စိတ်”ကို အသိပညာကထိန်းချုပ်ကြောင်း၊ ” ပညာ” ၏အတိုင်းအတာအပေါ် တွင်မူတည်ပြီး လူတစ်ဦးနှင့် တစ်ဦးပြောဆိုနေထိုင်မှုနှင့် ကျင့်ကြံအားထုတ်မှုများ ကွာခြားသကဲ့သို့ လူတစ်ဦးတစ်ယောက်ချင်း၏ ဘ၀ပတ်ဝန်းကျင်မှ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု ၏ အောင်မြင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာသည် ကိုတွေ့ရမည်ဖြစ်ကြောင်း၊ လူ့စွမ်း အားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါကြွယ်ဝမှသာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူတို့၏ လူမှုစီးပွားတိုးတက်မြင့်မားမှုများကို ဖန်တီး ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

img4

ဆက်လက်ပြီး နိုင်ငံတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှု ကို နည်းပညာပိုင်ဆိုင်မှု များဖြင့် တိုင်းတာကြောင်း၊ အဆုံးမရှိသည့်ပညာခေတ်တွင် ကမ္ဘာ့နိုင်ငံ များသည် နေ့စဉ်တိုးတက် ပြောင်းလဲနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် နယ်ပယ်အသီးသီးတွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် မြင့်သည်ထက်မြင့်အောင် ကြိုးပမ်းလုပ်ဆောင်နေ သကဲ့သို့ ဖွံ့ဖြိုး ဆဲနိုင်ငံများကလည်း ကမ္ဘာ့နိုင်ငံများနှင့်ရင်ပေါင်တန်းနိုင်အောင် ကြိုးစားဆောင်ရွက်နေ ကြောင်း၊ သို့ဖြစ်၍ အခြေခံအတန်းကျောင်း ပညာများကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် လူငယ် မောင်မယ်များ အနေဖြင့် အဆင့်မြင့်ပညာရပ်များမှတစ်ဆင့် တိုးတက်ပြောင်းလဲ နေသောပညာရပ်များကို ထက်သန်သည့် လုံ့လ၊ ၀ီရိယစိုက်ထုတ်မှုဖြင့် ဆက်လက် လေ့လာသွားရန်တိုက်တွန်းပြောကြားသည်။

ယင်းနောက် ” အစကောင်းမှ အနှောင်းသေချာ “ဆိုသည့်မြန်မာ့ဆိုရိုးစကား နှင့်အညီ မည်သည့်နေရာတွင်မဆို အခြေခံအုတ်မြစ်သည် လွန်စွာ အရေးကြီးကြောင်း၊ “ဘ၀အစ”ဟု ဆိုနိုင်သည့် အခြေခံအတန်းကျောင်း ပညာကို ထူးချွန်စွာအောင်မြင်ခဲ့ကြသူ များအနေဖြင့် “အနှောင်းသေချာ” စေရန်အတွက် မိမိဘ၀တိုးတက်မြင့်မားရေးသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအထိ မျှော်မှန်းပြီး အဆင့်မြင့်ပညာရပ်များကို တစ်စိုက်မတ်မတ် ဆက်လက်လေ့လာဆည်းပူးရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် သိပ္ပံပညာ၊ နည်းပညာများသာမက ၀ိဇ္ဇာပညာသည်လည်း အရေးပါကြောင်း၊ ၀ိဇ္ဇာပညာ သည် စဉ်းစားတွေးခေါ် ကြံဆတတ်မှု၊ လူ့သဘောသဘာဝကို နားလည်မှုများ အပါအ၀င် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်သောကြောင့် နယ်ပယ်ပေါင်းစုံကို လေ့လာကြရန်လိုကြောင်း၊ ထိုသို့ပညာဆည်းပူးရာတွင် မိမိကိုယ်မိမိ ကောင်းမွန်စွာထိန်းကျောင်းနိုင်ရန် အထူးလိုအပ်ကြောင်း၊ မိမိ၏ဥာဏ်ပညာအမြော်အမြင်ဖြင့် မိမိ၏စိတ်ကို ထိန်းချုပ်နိုင်မှသာ အောင်မြင်မှုပန်းတိုင်ကို ပိုင်နိုင်စွာဆွတ်ခူးရရှိနိုင်မည်ဖြစ်ကြောင်း သတိပေးမှာကြားသည်။

img7

ဆက်လက်၍ ပညာရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြောကြားရာတွင် နိုင်ငံတော် ၏အနာဂတ်သည် ယနေ့လူငယ်များ၏ လက်ဝယ်တွင်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီး သည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ ကို မြှင့်တင်အားပေးလျက် ရှိကြောင်း၊ သူ့ကျွန်ဘ၀ရောက်ရှိခဲ့ခြင်း၊ တည်ငြိမ်အေးချမ်းမှုအားနည်းခဲ့ရခြင်းတို့ကြောင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက် မှုနှောင်းနှေးခဲ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေး၍ လူမှု စီးပွားဘ၀နိမ့်ကျပြီး ပညာရေးထက် ၀မ်းရေးကို ဦးစားပေးရသူများအတွက် ပညာရေး အားပေးမှုနည်းပါးခဲ့ကြောင်း၊ အပြန်အလှန်အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ လူမှုစီးပွားဘ၀ မြင့်မားမှုသည် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနေသည့် ပညာရေးကဏ္ဍအပေါ်တွင်မူတည်ကြောင်း ပြောကြားသည်။

img

ယင်းနောက် ပညာရေးကဏ္ဍမြှင့်တင်ရေး နှင့်ပတ်သက်၍ ယနေ့နိုင်ငံတော် အနေဖြင့် လူသားအရင်းအမြစ် ကုံလုံပြည့်ဝလာစေရေးအတွက် အခြေခံပညာမူလတန်းမှ အထက်တန်းအထိ အခမဲ့ပညာရေးစနစ်ဖြင့် ထောက်ပံ့အားပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် တပ်မတော်သားများနှင့်တပ်မတော်မိသားစုဝင် များ ပညာရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ တပ်မတော်ပညာ ရေးကျောင်းများ၊ တပ်မတော်အခြေခံပညာကျောင်းများ တွင် ပညာလိုလားသည့် တပ်မတော်သားတိုင်း ပညာဆက်လက် သင်ကြားနိုင်ရေး၊ တပ်မတော်သားမိသားစုဝင် တိုင်း ပညာဆုံးခန်း တိုင်အောင် သင်ကြားနိုင်ရေးတို့အတွက် လိုအပ်သည်များ ပံ့ပိုးစီမံ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပညာသင်စရိတ်ထောက်ပံ့မှု၊ ကျောင်းဝတ်စုံနှင့် ကျောင်း သုံးစာရေးကိရိယာထောက်ပံ့မှု၊ နေထိုင်ရေးနှင့် သွားလာရေးထောက်ပံ့မှု စသည့် ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများသာမက ပညာကိုလိုလားသည့်စိတ်၊ ပညာအပေါ်အလေးထား ကြိုးစားလိုစိတ်များ ဖြစ်ပေါ်စေရန် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများကိုပါ စည်းရုံးလှုံ့ဆော် လုပ်ဆောင်လျက်ရှိကြောင်း၊ ပညာရေးကဏ္ဍတွင် အခြေခံပညာမရှိပါက အဆင့်မြင့်ပညာ များ သင်ယူ၍မရနိုင်သကဲ့သို့ ပညာတတ်နည်းပါးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်နေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

img7

ထို့နောက် ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ပညာရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များအရ ၂၀၀၇ ခုနှစ်တွင် သူငယ်တန်းကျောင်းသား၊ ကျောင်းသူအင်အား ၁၁၉၈၄၉၄ ဦးရှိကြောင်း၊ အဆိုပါအင်အားမှ တန်းစဉ်ကူးပြောင်းမှုအရ ၂၀၁၂ ခုနှစ်တွင် ပဉ္စမတန်း၌ ကျောင်းသား၊ ကျောင်းသူဦးရေ ၆၈၁၈၇၉ ဦးသာရှိ၍ မူလတန်းမှ အလယ်တန်း အဆင့်ကူးပြောင်းရာတွင် အင်အားထက်ဝက်ခန့်လျော့ကျသွားပြီး ၅၆ ဒသမ ၈၉ ရာခိုင်နှုန်းသာ အလယ်တန်းသို့ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဒသမတန်းကျောင်းသား၊ ကျောင်းသူ ၁၃၃၅၃၆ ဦးသာတက်ရောက်ခဲ့၍ သူငယ်တန်းအင်အား၏ ၁၁ ဒသမ ၁၄ ရာခိုင်နှုန်းသာ တန်းစဉ် ကူးပြောင်းနိုင်ပြီး ကျန် ၉၀ ရာခိုင်နှုန်းခန့်မှာ အခြေခံပညာ အဆင့်ပြီးမြောက်ရန်ပင် အခက်အခဲများရှိနေသည်ကိုတွေ့ရကြောင်း၊ ယင်းမှာနှစ်စဉ်လိုလိုပင်ဖြစ်၍ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံဖြစ်သော ပညာရည်မြှင့်တင်မှုအတွက်ယခုထက်ပိုပြီး အားသွန် ခွန်စိုက် လုပ်ဆောင်ရန်၊ မူဝါဒများမှန်မှန်ကန်ကန် ချမှတ် လုပ်ဆောင်ရန် လိုအပ်နေသေးသည်ကို အချက်ပြသတိပေးနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

iii

ဆက်လက်ပြီး မိမိတို့တပ်မတော်သားများအနေဖြင့် လုပ်ငန်းတာဝန်များ ကြောင့် သား၊သမီးအပေါ် ဖခင်၏မေတ္တာကို အနီးကပ်မပေးစွမ်းနိုင်သကဲ့သို့ ဥစ္စာဓန အမွေကိုလည်း ပြည့်စုံစွာမပေးစွမ်းနိုင်ကြောင်း၊ သား၊သမီးကို ပေးနိုင်သည့်တစ်ခုတည်း သောအမွေမှာ ” ပညာ ” သာဖြစ်ကြောင်း၊ ယင်းကို သိရှိနားလည်ပြီး လူငယ်မောင်မယ် တို့အနေဖြင့် မိမိတို့ဘ၀ အနာဂတ်သာယာလှပစေရန် ပညာကိုဆုံးခန်းတိုင်အောင် ဆက်လက်ကြိုးပမ်းသင်ယူကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သား မိဘများအနေဖြင့်လည်း မိမိတို့၏ရင်နှစ်သည်းခြာများကို နိုင်ငံတော်နှင့် တပ်မတော်အတွက် အဖိုးတန် သားကောင်း၊ သမီးကောင်း ရတနာများဖြစ်အောင် ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ အသိဥာဏ်နှင့် ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေးအတွက် တပ်မတော်သားမိသားစုဝင်များ အားလုံး စာဖတ်ရှိန်မြှင့်တင်ရေးကို စိတ်ဝင်စားစွာဖြင့် လိုက်ပါလုပ်ဆောင်ရန် လိုကြောင်း မှာကြားသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ၂၀၁၆-၂၀၁၇ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သောစစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ ဘက်စုံ ပညာထူးချွန်လူငယ်များ၊ နိုင်ငံတော်အဆင့် ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ ဆုရရှိသူများနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ပညာသင်ဆု ချီးမြှင့် ခံရသော ကျောင်းသား၊ ကျောင်းသူများ၏ ထူးချွန်ဆုရရှိမှု၊ ဂုဏ်ပြုဆုချီးမြှင့်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်း၊ တပ်မတော်ပညာရေးကျောင်းများမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ပထမဆုရရှိသော အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း (မင်္ဂလာဒုံ) အောင်ဆန်းသူရိယလှသောင်းကျောင်း၊ ဒုတိယဆု ရရှိသော အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)နှင့် တတိယဆုရရှိသော အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း (မန္တလေး)တို့မှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိများအားလည်းကောင်း၊ အောင်ချက်အကောင်းဆုံးပထမဆုရရှိသော အမှတ်(၂) တပ်မတော် ပညာရေးကျောင်း၊ ဒုတိယဆုရရှိသော အမှတ်(၃)တပ်မတော် ပညာရေးကျောင်းနှင့် တတိယဆုရရှိသောအမှတ်(၁၁) တပ်မတော် ပညာရေးကျောင်းတို့မှ ကျောင်းအုပ်ကြီးများအားလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဗိုလ်ချုပ် တေဇကျော်၏သား မောင်အောင်ကောင်းသန့်ကျော်အားလည်းကောင်း၊ ဗိုလ်မှူးချုပ် ညွန့်ဆွေ ၏သား မောင်လင်းထက်ဆွေ အားလည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီး ဒေါ်လှမြတ်ဝေ၏ သား မောင်ကျော်ထက်လူ အားလည်းကောင်း၊ ဒုတိယအရာခံဗိုလ်/စာရေး ခင်မောင်နီ ၏သား မောင်ထက်အောင်ရှိန်း အားလည်းကောင်း၊ ဒုတိယအရာခံဗိုလ် လှအောင်၏သား မောင်အောင်မျိုးကျော် အားလည်းကောင်း၊ ဒုတိယအရာခံဗိုလ် ဇော်လွင် ၏သား မောင်စွမ်းရည်ဝင်း အားလည်းကောင်း၊ ဒုတိယအရာခံဗိုလ် မျိုးမြတ်ကျော် ၏သား မောင်နေအောင်ဝင်း အားလည်းကောင်း၊ ဗိုလ်မှူး မြသိန်းထွန်း (အငြိမ်းစား) ၏သား မောင်ပြည့်စုံ အားလည်းကောင်း၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အခြေခံပညာအထက်တန်း ကာတွန်းပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် (ပထမဆု)ရရှိသော တပ်ကြပ်ကြီး/စာရေး ခင်မောင်အေး၏ သား မောင်ခိုင်မင်းညိုအား လည်းကောင်း၊ ပညာတန်ဆောင်ရုပ်ပြ စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ဒုတိယဗိုလ်မှူးကြီး အောင်ထက်ဟိန်း၏ သမီး မခင်တင့်တယ်ထက် အားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ က (၆) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဗိုလ်မှူးချုပ် ထွန်းအောင်၏သမီး မသက်ဆုအောင် အား လည်းကောင်း၊ ဗိုလ်မှူးကြီး ညိုမြင့်၏သမီး မနှင်းစန္ဒီဦး အား လည်း ကောင်း ၊ ဗိုလ်မှူးကြီး ခင်မောင်စိုး ၏သမီး မဆုရတနာစိုး အား လည်းကောင်း၊ ဒုတိယ ဗိုလ်မှူးကြီး ဆန်းလွင် ၏သမီး မဆုသစ္စာလွင် အား လည်းကောင်း ၊ ဒုတိယဗိုလ်မှူးကြီး ဇော်လင်း၏သမီး မနန္ဒာလင်း အား လည်းကောင်း ၊ ဒုတိယဗိုလ်မှူးကြီး ကျော်စိုး၏သမီး မအင်ကြင်း အား လည်းကောင်း ၊ ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး စိုးမင်း၏သမီး မခိုင်ဇင်လင်း အား လည်းကောင်း၊ ဗိုလ်ကြီး ဒေါ်ကေသွယ်ဝင်း၏သမီး မချောသီရိဇော်အားလည်းကောင်း၊ ဒုတိယအရာခံဗိုလ်/စာရေး သန်းနိုင်၏သမီး မဆုလဲ့လဲ့ပိုအား လည်းကောင်း ၊ ဒုတိယ အရာခံဗိုလ် လွင်အောင်မိုး ၏သမီး မဆုမြတ်ညွှန်း အား လည်းကောင်း ၊ ဒုတိယအရာခံဗိုလ် ကြည်တိုး ၏သမီး မထက်ထက်ဦးဝေအား လည်းကောင်း ၊ အုပ်ခွဲတပ်ကြပ်ကြီး မြင့်လွင် ၏သမီး မချောကလျာမြင့် အားလည်းကောင်း ၊ တပ်ကြပ်ကြီး ဇော်ထွန်းဦး ၏သမီး မအိမ့်ခက်ဝေ အားလည်းကောင်း၊ ကျွမ်းကျင်(၁) ဦးခင်မောင်ညွှန့်၏သမီး မနှင်းပွင့်ရတနာအားလည်းကောင်း၊ ပစ္စည်းထိန်း(၃) ဒေါ်သိန်းသိန်းအေး၏သမီး မစုလာဘ်ရွှန်းဝေအား လည်းကောင်း၊ ဗိုလ်မှူးကြီး လင်းဇော်ထွန်း(အငြိမ်းစား) ၏သမီး မသီရိဆင့်အား လည်းကောင်း ၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်း ပန်းချီပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် ဒုတိယဆုရရှိသော ဒုတိယအရာခံဗိုလ်/စာရေး တင်ထွန်းအောင်၏ သမီး မဆုသဇင်နှင်း အား လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့သော ဗိုလ်မှူးမိုးဆွေ(အငြိမ်းစား) ၏သား မောင်ဟိန်းသန့်ဆွေ အားလည်းကောင်း၊ ဗိုလ်မှူး ဒေါ်ခိုင်ခိုင်မြင့် (အငြိမ်းစား) ၏သား မောင်ကောင်းခန့်ကျော်စွာ အားလည်းကောင်း၊ ဗိုလ်မှူး စိုးနိုင်(အငြိမ်းစား)၏သား မောင်သန်းထိုက်စံ အားလည်းကောင်း၊ ဗိုလ်ကြီး ခင်မောင်ထွန်း (အငြိမ်းစား)၏သား မောင်ထက်ဝေလင်း အားလည်းကောင်း၊ ဗိုလ်ကြီး တင့်လွင်(အငြိမ်းစား) ၏သား မောင်သုခအောင် အားလည်းကောင်း၊ ဗိုလ်ကြီး သက်ထွန်းနိုင် (အငြိမ်းစား)၏ သား မောင်လင်းခန့် အားလည်းကောင်း၊ တပ်ကြပ်ကြီး မောင်မောင်သင် (အငြိမ်းစား)၏ သား မောင်အောင်ကောင်းမြတ် အားလည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီး ဘဦး(အငြိမ်းစား)၏ သမီး မထက်စံရွှန်းလဲ့ အားလည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီး မျိုးကျော် (အငြိမ်းစား)၏ သမီး မဆုရတီထက် အားလည်းကောင်း၊ ဗိုလ်မှူး ကိုလှိုင် (အငြိမ်းစား)၏ သမီး ဆုပြည့်လှိုင် အား လည်းကောင်း၊ ဗိုလ်မှူး ခိုင်စိုးဦး(အငြိမ်းစား)၏ သမီး မခိုင်ပွင့်ဖြူစိုး အားလည်းကောင်း၊ ဗိုလ်မှူး ခွန်အောင်မျိုးဆွေ(အငြိမ်းစား)၏ သမီး မအင်ကြင်းဘိုဘို အားလည်းကောင်း၊ ဗိုလ်မှူး ညီညီစိုး(အငြိမ်းစား)၏ သမီး မဆုမြတ်ပွင့်ဝေ အားလည်းကောင်း၊ ဗိုလ်မှူး မြမိုး(အငြိမ်းစား) ၏ သမီး မခွန်းဆင့်ဝေ အားလည်းကောင်း၊ ဗိုလ်မှူး သစ်လွင်(အငြိမ်းစား)၏ သမီး မစောယုရတနာ အားလည်းကောင်း၊ ဗိုလ်မှူး ကြည်ခင် (အငြိမ်းစား)၏ သမီး မကြည်စင်စု အား လည်းကောင်း၊ ဗိုလ်ကြီး ကျော်ဇေယျ(အငြိမ်းစား)၏ သမီး မရှင်းသန့်ရွှေရည် အား လည်းကောင်း၊ နိုင်ငံတော်အဆင့် ဆောင်းပါး/စာစီစာကုံး ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဒုတိယအရာခံဗိုလ်/စာရေး အောင်မြတ်မျိုး(အငြိမ်းစား)၏ သမီး မထက်နဒီအောင် အား လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်က (၆) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဗိုလ်ကြီး ကြည်ဥာဏ်(အငြိမ်းစား)၏သမီး မအိငယ်စိုးအားလည်းကောင်း၊ ဗိုလ်ကြီး တင်အောင်ငွေ(အငြိမ်းစား) ၏သမီး မငွေခြူးကေဇင် အားလည်းကောင်း၊ ဗိုလ်ကြီးထက်နိုင် (အငြိမ်းစား)၏သမီး မအေးချမ်းမြင့်မိုရ်နှင့် မအေးချမ်းမြတ်ဖြိုးအားလည်းကောင်း၊ ဗိုလ်ကြီးထွန်းရှိန်(အငြိမ်းစား)၏ သမီး မသဉ္ဖာရွှန်းလဲ့စိုး အားလည်းကောင်း၊ ဗိုလ်ကြီးထွန်းလွင် (အငြိမ်းစား) ၏သမီး မလွင်သင်းရနံ့အားလည်းကောင်း၊ ဗိုလ်ကြီးသက်မျိုးနိုင်(အငြိမ်းစား) ၏ သမီး မရည်မွန်သက်နိုင်အားလည်းကောင်း၊ ဗိုလ်ကြီးသိန်းထိုက်ဝင်း (အငြိမ်းစား)၏ သမီး မသက်ထားသူဇာအားလည်းကောင်း၊ ဗိုလ်ကြီးအောင်ကျော်ဆွေ (အငြိမ်းစား)၏ သမီး မခင်မျိုးချစ် အားလည်းကောင်း၊ ဗိုလ်ကြီးအောင်သွင် (အငြိမ်းစား)၏ သမီး မသွင်နှင်းရွှေစင် အားလည်ကောင်း၊ ဗိုလ်ကြီး ဒေါ်ဝါ(အငြိမ်းစား)၏ သမီး မဆုသဉ္ဖာဦး အားလည်းကောင်း၊ တပ်ကြပ်ကြီး/စာရေး စောထွေးအောင်(အငြိမ်းစား)၏ သမီး မသန္တာအောင်အား လည်းကောင်း၊ တပ်ကြပ်ကြီး/စာရေး ဇာမှုန်း(အငြိမ်းစား)၏ သမီး မလားနွန်မွိုင်း၊ တပ်ကြပ်ကြီး/စာရေးဇော်မြင့်အောင်(အငြိမ်းစား)၏ သမီး မအေးသန့်ကျော်အားလည်းကောင်း၊ တပ်ကြပ်ကြီး/စာရေး အောင်ကျော်ထွန်း(အငြိမ်းစား)၏ သမီး မချောသဉ္ဖာဦး အားလည်းကောင်း၊ တပ်ကြပ်ကြီးလှထွန်း(အငြိမ်းစား)၏ သမီး မခိုင်ဇာသူအားလည်းကောင်း၊ တပ်ကြပ်ရဲမင်းသန့် (အငြိမ်းစား)၏ သမီး မချောဆုသင်းအားလည်းကောင်း၊ ဒုတိယတပ်ကြပ် မြင့်ဆွေ (အငြိမ်းစား)၏ သမီး မသီရိမြင့်ဆွေ အားလည်းကောင်း၊ နိုင်ငံတော်အဆင့် ပန်းချီ/ကာတွန်း ပြိုင်ပွဲ(ဗဟိုအဆင့်) တတိယဆုရရှိသူ ဗိုလ်မှူး အောင်မျိုးထိုက်၏ သမီး မ၀င့်ဝတီလင်း အား လည်းကောင်း ဂုဏ်ပြု ဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က(၅)ဘာသာဂုဏ်ထူးရှင် ၂၁ ဦးအား လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ဇနီး ဒေါ်ဝင်းဝင်းမော် က (၅)ဘာသာဂုဏ်ထူးရှင် ၂၁ ဦးအား လည်းကောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က (၅)ဘာသာဂုဏ်ထူးရှင် ၂၁ ဦးအား လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၏ ဇနီး ဒေါ်မြင့်မြင့်အေး က (၅)ဘာသာဂုဏ်ထူးရှင် ၂၂ ဦးအား လည်းကောင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က(၄)ဘာသာဂုဏ်ထူးရှင် ၂၀ ဦးအား လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ၏ဇနီး ဒေါ်ခိုင်မေကြူ က (၄)ဘာသာဂုဏ်ထူးရှင် ၂၀ ဦးအား လည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်ပြီး ညှိနှိုင်းကွယ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး က (၄) ဘာသာဂုဏ်ထူးရှင် ၂၀ ဦးအားလည်းကောင်း၊ ညှိနှိုင်းကွယ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး ၏ဇနီး ဒေါ်သက်သက်အောင် က (၄) ဘာသာဂုဏ်ထူးရှင် ၂၁ ဦးအား လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း က (၄) ဘာသာဂုဏ်ထူးရှင် ၂၁ ဦး အား လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ၏ဇနီး ဒေါ်သန်းသန်းအေး က (၄) ဘာသာဂုဏ်ထူးရှင် ၂၁ ဦးအား လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့် က (၄)ဘာသာဂုဏ်ထူးရှင် ၂၁ ဦးအား လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)၏ဇနီး ဒေါ်အေးအေးသန်း က (၄)ဘာသာဂုဏ်ထူးရှင် ၂၁ ဦးအား လည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က (၃) ဘာသာဂုဏ်ထူးရှင် ၂၀ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး က(၃)ဘာသာဂုဏ်ထူးရှင် ၂၁ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော က(၃) ဘာသာဂုဏ်ထူးရှင် ၂၁ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် က(၃)ဘာသာဂုဏ်ထူးရှင် ၂၁ ဦး အားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း က(၃)ဘာသာဂုဏ်ထူးရှင် ၂၁ ဦး အားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က(၃)ဘာသာဂုဏ်ထူးရှင် ၂၁ ဦး အားလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

၎င်းနောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး က ဂုဏ်ထူးရစစ်သည် ၂၃ ဦးအား လည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဘက်စုံပညာ ထူးချွန်လူငယ် ၁၅ ဦး အားလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း က ဘက်စုံပညာ ထူးချွန်လူငယ် ၁၅ ဦးအားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး လူအေး က (၃)ဘာသာဂုဏ်ထူးရှင် ၂၁ ဦး အား လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က (၃) ဘာသာ ဂုဏ်ထူးရှင် ၂၂ ဦး အားလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း က တက္ကသိုလ်ပညာသင်ဆုရရှိသူ ၁၉ ဦးအား လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး က တက္ကသိုလ်ပညာသင်ဆုရရှိသူ ၂၀ ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး က တက္ကသိုလ်ပညာသင်ဆုရရှိသူ ၂၀ ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် က တက္ကသိုလ်ပညာသင်ဆုရရှိသူ ၂၀ ဦးတို့ကို လည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆုများပေးအပ်ချီးမြှင့်အပြီးတွင် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ နှင့် စစ်သည်များကိုယ်စား (၆) ဘာသာဂုဏ်ထူးရှင် မရှင်းသန့်ရွှေရည်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆုရကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံပညာထူးချွန်လူငယ်များနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် အခမ်းအနားတက်ရောက်လာကြသူများ၊ ဆုရစစ်သည် များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံသည်။ ထိုသို့သုံးဆောင်နေစဉ်အတွင်း မြ၀တီခေတ်ပေါ် တေးဂီတအဖွဲ့က လူငယ်ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

ဧည့်ခံဖျော်ဖြေပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ယနေ့ကျင်းပပြုလုပ်သော ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဖြစ်သည့် တပ်မတော် အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း၊ တပ်မတော်ပညာရေးကျောင်း ၃ ကျောင်း တို့အားလည်းကောင်း၊ (၁)ဘာသာဂုဏ်ထူးရရှိကြသော စစ်သည် ၂၃ ဦး၊ တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သားသမီးများဖြစ်သော (၆)ဘာသာ ဂုဏ်ထူးရှင် ၅၉ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၈၅ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၁၆၉ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၆၈ ဦး၊ နိုင်ငံတော်အဆင့်ဘက်စုံ ပညာထူးချွန်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀ ဦးကိုလည်းကောင်း၊ နိုင်ငံတော်အဆင့် ဆောင်ပါး/စာစီစာကုံး ပြိုင်ပွဲဆုရရှိသူ ၅ ဦး၊ အဆင့်မြင့်ပညာအဆင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ပညာသင်ဆုရရှိသော တပ်မတော်သားမိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီး ၈၁ ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် အခမ်းအနားမတက်ရောက်နိုင်သူ ၆ ဦး၊စုစုပေါင်း ၆၂၀ ဦးတို့အား ဂုဏ်ပြုရွှေပြားဆု၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အတူ ပညာဒါနစေတနာရှင် အလှူရှင်များမှလှူဒါန်းငွေများဖြင့် တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများမှ (၁)ဘာသာ ဂုဏ်ထူးရရှိသူ ၈၇၇ ဦး နှင့် (၂)ဘာသာဂုဏ်ထူးရရှိသူ ၂၃၉ ဦး စုစုပေါင်း ၁၁၁၆ ဦးတို့အား ဂုဏ်ထူး (၁)ဘာသာလျင် ဂုဏ်ပြုငွေ ၉၀၀၀၀ ကျပ်နှုန်းဖြင့် အဝေးရောက်ချီးမြှင့်ခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သားမိသားစုဝင်သားသမီးများ ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ရာ ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်မြောက် ဖြစ်ပြီး စုစုပေါင်း (၆)ဘာသာဂုဏ်ထူးရှင် ၂၂၃ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၄၃၆ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၇၅၇ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၈၄၃ ဦးတို့အား ဂုဏ်ပြုရွှေသား ဆုနှင့် ငွေသားဆုများချီးမြှင့်ပေးခဲ့ကြောင်း၊ ထို့အပြင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ အဆင့်မြင့်ပညာအဆင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ပညာသင်ဆုများကိုလည်း ချီးမြှင့်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ၇၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၈၆ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၈၂ ဦးနှင့် ယခုနှစ်တွင် ၈၁ ဦး ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်း ၃၂၁ ဦးကို လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ် လျက်ရှိကြောင်းသိရှိရသည်။ ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့်ဘက်စုံထူးချွန် လူငယ်များကို ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ် ပေးခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ၍ပြည်ပလေ့လာရေးခရီး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*