1:36 pm
(နေပြည်တော်၊ ဇူလိုင် ၂၀)
တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသည့် လားရှိုး၊ သိန္နီလမ်းပေါ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်ကို မကြာခဏ ခြိမ်းခြောက်ခြင်း မိုင်းထောင်ခြင်းများကြုံတွေ့ရကြောင်းသိရသည်။
ရေပူ စစ်ဆေးရေး ဂိတ်သည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၆)လအတွင်း တရားမဝင် သစ်နှင့်ကျောက်စိမ်း အပါအဝင် ဖမ်းဆီးမှု တန်ဖိုးကျပ်သန်းပေါင်း (၇၀၀၀)ကျော်ဖိုး အထိရှိသည်။
“ရေပူဂိတ် က အမှန်တကယ် ဖမ်းနေတယ် ဆိုပြီးခြိမ်းခြောက်တာတွေ ချိန်ကိုက် မိုင်းထောင်တာတွေ မကြာခဏ ကြုံရပါတယ် ၊ဒါပေမယ့် လည်း နိုင်ငံတော်အတွက် အခွန်ငွေတွေ အလကားမဆုံးရှုံးရအောင် ဆက်လက် ဖမ်းဆီးရမှာပါပဲ။” ဟု ရေပူ စစ်ဆေးရေးဂိတ် အဖွဲ့ခေါင်းဆောင် ဦးတတ်ထွန်းအောင်က ဆိုသည်။
ရေပူ စစ်ဆေးရေးဂိတ် ကိုစတင် ဖွင့်လှစ်ချိန်မှ ယခုလဆန်း အထိ အဖွဲ့ခေါင်းဆောင်ထံ ဖုန်းဖြင့် သတိပေးခြိမ်းခြောက်မှု များအပါအဝင် ချိန်ကိုက် မိုင်း(၄)လုံးခန့် ပေါက်ကွဲမှုများလည်း ကြုံရကြောင်း သိရသည် ။ရေပူစစ်ဆေးရေး ဂိတ်တွင် အဖွဲ့(၁၂)ဖွဲ့နှင့် ဝန်ထမ်း အင်အား (၈၀)ခန့် အထိရှိနေပြီး နေ့ည အချိန်ခွဲ၍ စစ်ဆေးမှု များပြုလုပ်နေခြင်းဖြစ်သည်။
ရေပူစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးနေသည်ဆိုသည့် သတင်းရရှိပါက ဂိတ်မရောက်မီ လမ်းတွင်ရပ်ကာ တရားမဝင် ကုန်များ တင်လာသည့် ကားများကိုလည်း ယာဉ်တင် အသင့်အဖွဲ့(၃)ဖွဲ့ဖြင့် ရှာဖွေ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ရေပူဂိတ်တွင် တန်ဖိုးအားဖြင့် အများဆုံး သိမ်းဆည်းရသည့် ပစ္စည်းများမှာ တရားမဝင် ကုန်များ တင်လာသည့်မော်တော်ယာဉ် များ ၊ကျောက်စိမ်း၊ သစ်နှင့်စိတ်ကြွရူးသွပ်ဆေးဝါးများဖြစ်ကြောင်း သိရသည်။
အောင်ပြည့်စုံ